
ရှမ်းပြည်နယ်မြောက်ပိုင်း တရုတ်နိုင်ငံနှင့် နယ်နိမိတ်စပ်နေသည့် ကိုးကန့်ဒေသအတွင်း တစ်ခုတည်းသာ ကျန်ရှိတော့သည့် စစ်ကောင်စီလက်အောက်ခံတပ်များ ခြေကုပ်ယူထားရာ လောက်ကိုင်မြို့ကို စတင် ထိုးဖောက်ဝင်ရောက်ကာ တိုက်ခိုက်နေပြီဖြစ်ကြောင်း ကိုးကန့်တိုင်းရင်းသားတပ်ဖွဲ့ဖြစ်သည့် မြန်မာ့အမျိုးသား ဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) က ပြောဆိုသည်။
အောက်တိုဘာ ၂၇ ရက်က စတင်ခဲ့သော ကိုးကန့်၊ တအာင်းနှင့် ရက္ခိုင့်တပ်တော်တို့ စုဖွဲ့ထားသည့် ညီနောင်မဟာမိတ်သုံးဖွဲ့၏ “၁၀၂၇” စစ်ဆင်ရေးအတွင်း ရှမ်းမြောက်တစ်ခွင်ရှိ စစ်တပ်စခန်းအ မြောက်အများ ဆုံး ရှုံးခဲ့ကာ ကိုးကန့်ဒေ သတစ်ခုလုံးတွင် စစ်ကောင်စီထိန်းချုပ်နိုင်သော မြို့ဟူ၍ လောက်ကိုင်တစ်ခုသာ ကျန်ရှိနေခြင်းဖြစ်သည်။
“မြို့ကိုထိုးဖောက်မှုတွေတော့ လုပ်နေပါပြီ။ တုံချိန်တစ်ဝိုက်ကို စတင်ထိုးဖောက်နေပါပြီ” ဟု MNDAA ပြောရေးဆိုခွင့်ရှိသူ ကိုကျော်နိုင် (ခ) လီကျားဝင်းက ယနေ့ (ဒီဇင်ဘာ ၁) နံနက်ပိုင်းတွင် Myanmar Now ကို ပြောသည်။
မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့များ ရောက်ရှိနေပြီဖြစ်သော တုံချိန်အရပ်မှာ လောက်ကိုင်မြို့တောင်ဘက် အစွန်၌တည်ရှိပြီး မြို့အဝင် ၁၀ တန်ဂိတ်အနီးဖြစ်သည်ဟု သိရသည်။
တရုတ် – မြန်မာနယ်စပ်ရှိ ကိုးကန့်ဒေသမြို့တော် လောက်ကိုင်မြို့ပတ်လည်ရှိ စစ်တပ်စခန်းများနှင့် တောင် ကုန်များကို ၎င်းတို့တပ်ဖွဲ့မှ သိမ်းပိုက်ထားပြီးဖြစ်သည်ဟုလည်း MNDAA ကအတည်ပြုသည်။
မြောက်ပိုင်းမဟာမိတ်တပ်များသည် လောက်ကိုင်အနီးမှ ချင်းရွှေဟော်၊ ကွမ်းလုံ၊ ကုန်းကြမ်း စသည့် မြို့ များကို သိမ်းပိုက်ထားပြီးဖြစ်ကာ ကိုးကန့်ဒေသမှ နောက်ဆုံးလက်ကျန်မြို့ လောက်ကိုင်ကိုသိမ်းပိုက်ရေး မြို့သိမ်းတိုက်ပွဲ စတင်ဆင်နွှဲနေခြင်းဖြစ်သည်။

ကိုးကန့်ဒေသအတွင်းရှိ စစ်ကောင်စီ၏ အဓိကအခြေချစစ်စခန်းများနှင့် မြို့များကို သိမ်းပိုက်ထိန်းချုပ် ပြီးနောက် လောက်ကိုင်မြို့ကို ဝင်တိုက်တော့မည်ဖြစ်ကြောင်း MNDAA က နိုဝင်ဘာ ၁၄ ရက်နေ့ကတည်း က ကြေညာခဲ့သည်။ သီတင်းပတ်နှင့်ချီ ပိတ်ဆို့ပြီးနောက် လွန်ခဲ့သည့် စနေတနင်္ဂနွေနေ့မှစ၍ သောင်းနှင့် ချီသည့် မြို့ခံများကို MNDAA က မြို့မှထွက်ခွာခွင့်ပြုခဲ့သည်။
သို့ရာတွင် မြို့ခံများရှိနေသေး၍ MNDAA က မြို့တွင်းရှိ စစ်ကောင်စီတပ်ကို ပစ်မှတ်ထားတိုက်ခိုက်နေ ခြင်းမရှိဘဲ မြို့ဝင်မြို့ထွက်ရှိ တပ်စခန်းများကိုသာ စတင်တိုက်ခိုက်နေခြင်းဖြစ်သည်ဟု သိရှိရသည်။ စစ်ကောင်စီအနေဖြင့် လောက်ကိုင်မြို့ကိုဆုံးရှုံးပါက MNDAA အနေဖြင့် မြန်မာနိိုင်ငံအရှေ့မြောက်ဘက် သံလွင််မြစ်အရှေ့ခြမ်းရှိ ကိုးကန့်ဒေသတစ်ခုလုံးကို ထိန်းချုပ်နိုင်တော့မည်ဖြစ်သည်။
ရှမ်းမြောက်တိုက်ပွဲများတွင် သာလွန်အင်အားနှင့် သာလွန်နည်းပညာအားဖြင့် တိုက်ခိုက်ခံရသည့်အတွက် စစ်စခန်းများ ဆုံးရှုံးခြင်းဖြစ်သည်ဟု အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က လွန်ခဲ့သည့် နှစ်ရက်တွင် ထုတ်ဖော်ပြောဆိုသည်။
ကိုးကန့်တပ်ဖွဲ့ MNDAA နှင့်ပူးပေါင်းအဖွဲ့များသည် မောင်းသူမဲ့ယဥ်များကိုအသုံးပြု၍ ဗုံးအလုံးပေါင်း ၂၅,၀၀၀ ကျော် အသုံးပြုခဲ့သည့်နည်းတူ ၁၀၇ မီလီမီတာအမျိုးအစား လျှော့တိုက်ဒုံးအလုံး ၁၂၀ ကျော် ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု ၎င်းက ဆိုသည်။

ထို့ပြင် ၁၀၂၇ စစ်ဆင်ရေးအတွင်း စစ်တပ်စခန်းများကို တိုက်ခိုက်ရာတွင် တအာင်းလွတ်မြောက်ရေးတပ် TNLA၊ ကချင်လွတ်မြောက်ရေးတပ် KIA နှင့် ရက္ခိုင့်တပ် AA တို့အပြင် အခြားတပ်ဖွဲ့များလည်း ပါဝင် ကြောင်း၊ ပြည်ပမှ ဒရုန်းပညာရှင်များ အပါအဝင် စုစုပေါင်းအင်အား ၆၅၀၀ ခန့်ပါဝင်ကြောင်း စစ်ခေါင်း ဆောင်က ပထမဆုံးအကြိမ် ထုတ်ပြောသည်။
လောက်ကိုင်သည် စစ်ကောင်စီခန့် ကိုးကန့်အုပ်ချုပ်ရေးအဖွဲ့ရုံးစိုက်ရာမြို့ဖြစ်ပြီး ဒေသကွပ်ကဲမှု စစ်ဌာ နချုပ် (ဒ.စ.က လောက်ကိုင်) အမည်ဖြင့် စစ်ကောင်စီအခြေစိုက်စခန်းတစ်ခုလည်းရှိသည်။
စစ်ကောင်စီသည် လောက်ကိုင်တွင်ရုံးထိုင်ရသည့် ကိုးကန့်အုပ်ချုပ်ရေးအဖွဲ့ခေါင်းဆောင် ကြံ့ခိုင်ရေး အမတ်ဟောင်း ဦးမြင့်ဆွေကို ဖယ်ရှားပြီး စစ်ဗိုလ်ချုပ်တစ်ဦးဖြင့် နိုဝင်ဘာလအတွင်း အစားထိုးခန့်အပ် ကာ လောက်ကိုင်ကို ခုခံနိုင်ရန် ပြင်ဆင်ထားသည်။
ဒ.စ.က လောက်ကိုင် လက်အောက်မှ စစ်သား ၁၃၀ နီးပါရှိသည့် ခြေမြန်တပ်ရင်းတစ်ခု ပြီးခဲ့သည့် နိုဝင် ဘာ ၁၂ ရက်နေ့က ကိုးကန့်တပ် MNDAA ထံ လက်နက်ချခဲ့သည်။ ထို့ပြင် ကုန်းကြမ်းမြို့အခြေစိုက် အမှတ် ၁၂၅ ခြေလျင်တပ်ရင်းတစ်ခုလုံးသည်လည်း နိုဝင်ဘာ ၂၉ တွင် လက်နက်ချခဲ့သည်။
လက်နက်ခဲယမ်းအမြောက်အများ သိမ်းဆည်းရမိသည့်အပြင် ၎င်းတို့ထံ လက်နက်ချအလင်းဝင်လာသူ ၂၇၀ ကျော်ရှိပြီဖြစ်ကြောင်း MNDAA တာဝန်ရှိသူ လီကျားဝင်းက ထုတ်ဖော်ပြောဆိုထားသည်။
သို့တိုင် လောက်ကိုင်မြို့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ရာဂဏန်းမျှ ကျန်ရှိနေမည်ဟု ယုံကြည်ရသည်။
ဒ.စ.ကလောက်ကိုင် လက်အောက်တွင် ဖွဲ့စည်းပုံအရ တပ်ရင်း(၇) ရင်းအထိရှိသည်။ ထို့အပြင် မြန်မာ စစ်တပ်ကို သစ္စာခံသည့် ကိုးကန့်ပြည်သူ့စစ်နှင့် နယ်ခြားစောင့်တပ်များလည်း မြို့တွင်း၌ရှိနေပြီး ပြင်းထန်သည့်တိုက်ပွဲများ ဖြစ်နိုင်သည့် အလားအလာရှိနေသည်။

ဒေသခံများ၏အဆိုအရ လောက်ကိုင်တွင်နောက်ဆုံးကျန်နေကြသည့် အရပ်သားအများအပြားသည် သေချာပေါက်စစ်ပွဲဖြစ်လာတော့မည်ဆိုသည့် သတင်းများကြောင့် နိုဝင်ဘာ ၂၄ ညပိုင်းမှစတင်ပြီး မြို့ကိုစွန့်ခွာသွားကြသည်ဟု သိရသည်။
ယင်းမတိုင်မီတွင် သောင်းနှင့်ချီသော အရပ်သားများသည် လောက်ကိုင်ကိုစွန့်ခွာကာ မြန်မာ-တရုတ် နယ်စပ်ရှိ စစ်ရှောင်စခန်းများနှင့် အခြားမြို့များဆီ ထွက်ခွာသွားပြီဖြစ်သည်။
စစ်ကောင်စီခန့် ကိုးကန့်အုပ်ချုပ်ရေးအဖွဲ့၏အဆိုအရ ၎င်းတို့ထိန်းချုပ်ထားသည့် နယ်စပ်စစ်ရှောင်စခန်း များသို့ လူသုံးသောင်းခွဲအထိ ရောက်လာကြသည်ဟုဆိုသည်။ ကိုးကန့်ဒေသနှင့် ကပ်နေသည့် ‘ဝ’ လက်နက်ကိုင်တပ် UWSA ၏ ထိန်းချုပ်နယ်မြေထဲတွင် စစ်ရှောင် လေးသောင်းခန့်အထိ ရောက် လာကြောင်းလည်း UWSA ကဆိုသည်။
သို့သော် တရုတ် – မြန်မာနယ်စပ် ကိုးကန့်ဒေသ၌ အဖွံ့ဖြိုးဆုံးနှင့် အစည်ကားဆုံးဖြစ်သော လောက်ကိုင် မြို့၌ လူဦးရေ ရာဂဏန်း၊ ထောင်ဂဏန်းမက ကျန်ရှိနေနိုင်သည်။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ကိုးကန့်ဒေသ၏မြို့တော်လည်းဖြစ်သည်။

လောင်ကိုင်မြို့ကို နေပြည်တော်မှ စစ်ခေါင်းဆောင်များနှင့် ဆက်ဆံရေးကောင်းသည့် ပြည်သူ့စစ်များနှင့် ကိုးကန့်ကြံ့ခိုင်ရေးပါတီခေါင်းဆောင်များက ခေတ်အဆက်ဆက်ကြီးစိုးထားသည်။
တရုတ်အစိုးရက လောက်ကိုင်ကို ကျားဖြန့်ခေါ်အွန်လိုင်းလိမ်လည်မှုများ၏ ဇစ်မြစ်အဖြစ်သတ်မှတ်ပြီး ထို ဒေသထဲမှ သောင်းနှင့်ချီသောတရုတ်နိုင်ငံသားများ၊ တရုတ်နိုင်ငံသားခံယူထားသည့် ကြံ့ခိုင်ရေးအမတ် များကို သံသယတရားခံများအဖြစ် သတ်မှတ်ကာ ဖမ်းဆီးလျက်ရှိသည်။
ရန်ကုန်အခြေစိုက် တရုတ်သံရုံးကလည်း ၎င်းတို့နိုင်ငံသားများကို လောက်ကိုင်မှအမြန်ဆုံး ထွက်ခွာသွား ကြ ရန် နိုဝင်ဘာ ၂၄ ရက်တွင် အရေးပေါ်ကြေညာချက်ထုတ်ပြန်ခဲ့သည်။



