
စစ်အာဏာမသိမ်းမီ လပိုင်းအလိုက စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် တွေ့ဆုံခဲ့သည့် နိုင်ငံရေးပါတီ ၃၄ ခုအနက် တစ်ခုအပါအဝင်ဖြစ်ကာ စစ်အာဏာသိမ်းမှုကို ပေါ်ပေါ်တင်တင်ထောက်ခံသူ နိုင်ငံရေးပါတီဥက္ကဋ္ဌတစ်ဦး ယမန်နေ့ (ဒီဇင်ဘာ ၁) နံနက်ပိုင်းက ရန်ကုန်မြို့တွင် ပစ်သတ်ခံရသည်။
အမျိုးသားဒီမိုကရေစီပါတီသစ် (NNDP) မှ ပါတီဥက္ကဋ္ဌဖြစ်သူ ဦးသန်းထွန်းကို သင်္ဃန်းကျွန်းမြို့နယ် ငမိုးရိပ်ရပ်ကွက်ရှိ နေအိမ်တွင် ပစ်ခတ်လုပ်ကြံခဲ့သည်ဟု ရန်ကုန်အခြေစိုက် မြို့ပြပြောက်ကျားအဖွဲ့တစ်ခုဖြစ်သော ငမိုးရိပ် Mission Network က ထုတ်ပြန်သည်။
ဦးသန်းထွန်းသည် စစ်အာဏာသိမ်းမှုကို ပေါ်ပေါ်တင်တင်ကြေညာချက်ထုတ် ထောက်ခံသည့် NNDP ပါတီဦးဆောင်သူဖြစ်သည့်အပြင် ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်တို့ကို ဖမ်းမိစဉ်ကလည်း သေဒဏ်ပေးရန် အကြိမ်ကြိမ်တောင်းဆိုခဲ့သူဖြစ်သည်။
ထို့ပြင် အာဏာသိမ်းစစ်တပ်၏ လေကြောင်းသုံးဗုံးကြဲမှုများအပေါ် ထောက်ခံသူဖြစ်သည်ဟုလည်း ငမိုးရိပ် Mission Network ၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။
ဦးသန်းထွန်းလုပ်ကြံခံရပြီးနောက် သင်္ဃန်းကျွန်း ငမိုးရိပ်တွင် စစ်သားများသာမက အရပ်ဝတ်လက်နက်ကိုင်များပါ ခြေရှုပ်နေသည်ဟု ထိုရပ်ကွက်တွင် နေထိုင်သည့် အမည်မဖော်လိုသည့် သတင်းရင်းမြစ်တစ်ဦးက ပြောသည်။
“သူက ဟိုးအရင်တုန်းကတော့ ၈၈ လှုပ်ရှားမှုမှာ ကျောင်းသားအနေနဲ့ သူက ပါခဲ့ဖူးတယ်။ ကလေး ၃ ယောက်ရှိတယ်။ မြေးတွေဘာတွေလည်း ရှိတယ်။ အဲဒီ ပစ်ခတ်ခံရတဲ့နေရာက သူ့ရဲ့ ငယ်မွေးခြံပေါက်ပေါ့။ သူက ငမိုးရိပ်သားပဲ။ အရင်ကတော့ ဦးသိန်းညွန့်ပါတီမှာ ဒုဥက္ကဋ္ဌ၊ ခု အာဏာသိမ်းပြီးတော့ ဥက္ကဋ္ဌဖြစ်လာတာ” ဟု အထက်ပါ သတင်းရင်းမြစ်က ပြောသည်။
ဦးသန်းထွန်း အသုံးပြုသည့် စူပါကွမ်းသီးဆိုသော Facebook စာမျက်နှာတွင်လည်း ဒေါ်အောင်ဆန်းစုကြည်ကို ရိုင်းစိုင်းသည့် စကားလုံးများဖြင့် ဆဲဆိုလေ့ရှိကာ သတင်းတု၊ သတင်းမှားများကို ဖန်တီးသူဖြစ်သည်ဟုလည်း ၎င်းက ဆက်ပြောသည်။
“သူက စစ်တပ်ဘက်ကို ရပ်တည်ရုံတင်မကဘူး။ ဒီတော်လှန်ရေးတစ်ခုလုံးကိုလည်း အချိန်တိုင်း တိုက်ခိုက်နေတဲ့လူပါ။ ပြီးတော့ သူက Fake News တွေကို သူ့ရဲ့ Facebook စာမျက်နှာကနေ ဖန်တီးနေတဲ့သူပါ”
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ၏ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်ဟောင်းတစ်ဦးဖြစ်ခဲ့သူ ဦးသိန်းညွန့်က ခမောက်သုံးလုံးပါတီဟု လူသိများသည့် အမျိုးသားဒီမိုကရေစီပါတီသစ် (NNDP)ကို တည်ထောင်ခဲ့သည်။
အာဏာသိမ်းမှုကို ထောက်ခံသည့် အုပ်ချုပ်ရေးမှူးများ၊ စစ်တပ်သတင်းပေးများ ဆက်တိုက် သတ်ဖြတ်ခံခဲ့ရပြီးနောက် စစ်တပ်ဆန့်ကျင်သူ တော်လှန်ရေးသမားများ၏ မိသားစုဝင်များကိုပါ လုပ်ကြံသတ်ဖြတ်ရန် စစ်တပ်ဒေါက်တိုင်များက လှုံ့ဆော်ရေးသားလေ့ရှိသည်။



