သတင်း

တရုတ်သဘာဝဓာတ်ငွေ့ပိုက်လိုင်း စတင်ရာ ရမ်းဗြဲကျွန်းပေါ်တွင် တိုက်ပွဲဖြစ်နေ

ရခိုင်ပြည်နယ်တောင်ပိုင်း ရမ်းဗြဲကျွန်းပေါ်တွင် ယနေ့ (ဒီဇင်ဘာ ၁၈) နံနက်ပိုင်းမှစ၍ ရက္ခိုင့်တပ်တော် (AA) နှင့် တိုက်ပွဲဖြစ်နေပြီး စစ်ကောင်စီဘက်က ကြည်း၊ ရေ၊ လေတပ်များဖြင့် တစ်ပြိုင်နက်တိုက်ခိုက်နေသည်ဟု သိရသည်။

တရုတ် – မြန်မာသဘာဝဓာတ်ငွေ့ပိုက်လိုင်း စတင်ရာ ရခိုင်ပြည်နယ်တောင်ပိုင်း ရမ်းဗြဲကျွန်းပေါ်တွင် ယနေ့ (ဒီဇင်ဘာ ၁၈) နံနက်ပိုင်းမှစ၍ ရက္ခိုင့်တပ်တော် (AA) နှင့် တိုက်ပွဲဖြစ်နေပြီး စစ်ကောင်စီဘက်က ကြည်း၊ ရေ၊ လေတပ်များဖြင့် တစ်ပြိုင်နက်တိုက်ခိုက်နေသည်ဟု သိရသည်။

နံနက် ၈ နာရီခန့်မှစ၍ ရမ်းဗြဲမြို့ပေါ်ရှိ မြို့မဈေးအနီး၊ အမှတ် (၅) ရပ်ကွက်နှင့် မြို့တောင်ဘက် သိမ်တောင် ဆိုသည့် စစ်တပ်တပ်စွဲထားရာ ဘုရားကုန်းနေရာတို့တွင် တိုက်ပွဲစတင်ဖြစ်ပွားပြီး မွန်းလွဲ ၁ နာ ရီခွဲခန့်၌ စစ်တပ်က မြို့ပေါ်ကို ဗုံးကြဲနေသည်ဟု ဒေသခံများက ဆိုသည်။

“အခုချိန်ထိ ဖြစ်နေတယ်။ သံတွဲဘက်ကနေ ရမ်းဗြဲမြို့ဘက်ကို လက်နက်ကြီးနဲ့ လှမ်းပစ်နေတာတွေ ရှိတယ်” ဟု ရမ်းဗြဲမြို့ခံတစ်ဦးက ယနေ့ မွန်းလွဲပိုင်းတွင် Myanmar Now ကို ပြောသည်။

ရခိုင်ပြည်နယ်တောင်ပိုင်းရှိ ရမ်းဗြဲကျွန်းမှာ တရုတ်-မြန်မာရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းစတင်သည့် နေရာဖြစ်ပြီး ရေနံစိမ်းပိုက်လိုင်းမှာမူ ကျောက်ဖြူအနီးရှိ မဒေးကျွန်းမှ စတင်သွယ်တန်းထားသည်။ တရုတ်နယ်စပ်အထိ အရှည်ကီလိုမီတာ ၇၀၀ ကျော်ရှိ သဘာဝဓာတ်ငွေ့ပိုက်လိုင်းမှာ ၂၀၁၃ ခုနှစ်ကတည်းက စတင်လည်ပတ်ခဲ့ပြီး တရုတ်နိုင်ငံသို့ သဘာဝဓာတ်ငွေ့များ နေ့စဉ် တင်ပို့ရောင်းချနေသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့သုံးခုက “၁၀၂၇” စစ်ဆင်ရေးစတင်ပြီးနောက် လွန်ခဲ့သည့်လမှစ၍ ရခိုင်ပြည်နယ်အတွင်း စစ်မီးကူးစက်လာကာ လက်ရှိတွင် ရခိုင်ပြည်နယ်တောင်ပိုင်း အစွန်အဖျားဒေသများထိ ရောက်ရှိလာပြီဖြစ်သည်။

ရမ်းဗြဲမြို့ပေါ်တွင် ယနေ့ နံနက်ပိုင်းက စတင်သည့်တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က လက်နက်ကြီးပစ်ခတ်မှုကြောင့်  အရပ်သားတစ်ဦး ထိခိုက်ဒဏ်ရာရသည်ဟု ကြားသိရပြီး တိုက်ပွဲပြင်းထန်နေသောကြောင့် မြို့ခံအများအပြား ပိတ်မိနေသည်ဟုလည်း အထက်ပါ ရမ်းဗြဲမြို့ခံက ဆိုသည်။

“ရေတပ်ကနေပြီးတော့ လက်နက်ကြီးတွေနဲ့ ရမ်းပစ်တဲ့အခါမှာ လူနေတဲ့အိမ်ကို ထိပြီး ပြည်သူတစ်ယောက် ဒဏ်ရာရတယ်။ ဆေးရုံကို ရောက်နေတယ်လို့ သိရတယ်။ အခုထက်ထိတော့ လက်နက်ကြီးတွေနဲ့ ပစ်နေတယ်။ ပြည်သူ ဘယ်လောက်ထိတယ်ဆိုတာ၊ သေဆုံးမှုရှိတယ်ဆိုတာ ကျွန်တော်တို့ မသိရသေးဘူး”

“ရမ်းဗြဲမြို့ပေါ်ကလူတွေက ကိုယ့်အိမ်မှာကိုယ်နေကြတာရှိတယ်။ အခုလောက် ပစ်နေတော့ အဝေးကို ထွက်ပြေးလို့ မရတာတွေ ရှိတယ်။ အိမ်မှာပဲ နေရတဲ့အနေအထားပေါ့။ တချို့လည်း ထွက်ပြေးနိုင်တဲ့ အနေအထားမှာလည်း ရှိနိုင်တယ်ပေါ့” ဟု ၎င်းက ပြောသည်။

အခြားရမ်းဗြဲဒေသခံတစ်ဦးက လေယာဉ်လာနေသောကြောင့် အသေးစိတ်မပြောနိုင်ကြောင်း၊ တိမ်းရှောင်ရန် ပြင်ဆင်နေရကြောင်း ဆိုသည်။

“ခု လေယာဉ်တွေ တောက်လျှောက်ပျံနေတာ၊ ကျွန်တော်တို့ အလုပ်တွေ နည်းနည်းရှုပ်နေလို့ပါ”

မွန်းလွဲပိုင်းအချိန်အထိ ရမ်းဗြဲမြို့ပေါ်တွင် စျေးဆိုင်ခန်းများအားလုံး ပိတ်သိမ်းထားကာ ဒေသခံ ထိခိုက်မှုအခြေအနေ အသေးစိတ်မသိရဘဲ လတ်တလော မြို့တွင်း၌ တိုက်ပွဲများ ဆက်လက်ပြင်းထန်နေသည်ဟု သိရသည်။

ဒီဇင်ဘာ ၁၂ ရက်က ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့ကို ဗုံးကြဲသည့် စစ်လေယာဉ်တစ်စီး။ (ဓာတ်ပုံ – မြတ်ပန်း/Myanmar Now)

ရမ်းဗြဲမြို့တောင်ပိုင်း သိမ်တောင်ပေါ်ရှိ အောင်ချမ်းသာဘုရား၌ စစ်ကောင်စီ၏ အမှတ် (၃၈) ခြေမြန်တပ်ရင်းရှိကာ တစ်မိုင်ခန့်အကွာ မြို့အထွက်တွင် ရမ်းဗြဲ- ကျောက်နီမော်ကားလမ်းအနီးတွင် AA တပ်ဖွဲ့ဝင် ၁၀၀ ခန့်က လာရောက်ပစ်ခတ်ရာမှ တိုက်ပွဲဖြစ်ပွားသည်ဟု အခြားသတင်းရင်းမြစ်တစ်ဦးက ဆိုသည်။

ယနေ့ နံနက်အစောပိုင်း ၂ နာရီခန့်တွင် ရမ်းဗြဲမြို့ပေါ်ရှိ ထွေအုပ်ရုံးများ၊ အမှတ် (၆) ရပ်ကွက်ရှိ လမ်းမီးတိုင်များတွင် “အကြမ်းဖက်စစ်ကောင်စီ အလိုမရှိ” စာသားပါ စာရွက်များကပ်ထားကြောင်း၊ ထို့နောက် နှစ်ဖက်ထိတွေ့မှု ဖြစ်ပွားဖြစ်ကြောင်းလည်း အထက်ပါ သတင်းရင်းမြစ်ထံမှ သိရသည်။

ရမ်းဗြဲကျွန်းတောင်ဘက်ပိုင်းရှိ ရမ်းဗြဲမြို့၏ မြောက်ဘက်တွင် ကျောက်ဖြူမြို့နယ်၊ အနောက်တောင်ဘက်တွင် မာန်အောင်မြို့၊ တောင်ဘက်တွင် တောင်ကုတ်၊ သံတွဲမြို့နယ်တို့ရှိပြီး အရှေ့ဘက်တွင် ကလိန်အောင်မြစ်၊ တောင်ဘက်တွင် မာန်အောင်မြစ်တို့ ဝန်းရံနေသည်။

ယမန်နေ့ နံနက်ပိုင်းက ရမ်းဗြဲမြို့နယ်၊ သရက်ချောင်း‌‌ကျေးရွာမှ အသက် ၃၇ နှစ်အရွယ် ဒေသခံအမျိုးသားတစ်ဦးနှင့် ၁၉ နှစ်အရွယ်တစ်ဦးတို့ ရမ်းဗြဲမြို့ပေါ်သို့ ဆေးခန်းလာပြစဉ် သိမ်တောင်ဘုရားတွင် တပ်စွဲထားသည့် စစ်သား ၁၀ ဦးခန့်က ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့က ယမန်နေ့ညတွင် သတင်းထုတ်ပြန်သည်။

မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင် AA က နိုဝင်ဘာ ၁၃ ရက်မှစ၍ ရခိုင်ပြည်နယ်တွင် တိုက်ပွဲဖော်ဆောင်နေရာ ပြည်နယ်မြောက်ပိုင်းရှိမြို့နယ်များသာမက ပြည်နယ်မြို့တော် စစ်တွေနှင့် အနီးဆုံးဖြစ်သော ပေါက်တောမြို့ပေါ်တွင်လည်း တိုက်ပွဲများဖြစ်ပွားနေသည်။

ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ်ရှိ စစ်တပ်၏ ဗျူဟာအဆင့်စခန်းကြီးနှစ်ခု အပါအဝင် စစ်စခန်းပေါင်း ၁၄၀ ကျော်ကို သိမ်းပိုက်ထားနိုင်သည်ဟု AA က ထုတ်ပြန်ထားသည်။

ရခိုင်ပြည်နယ် နေရာဒေသအနှံ့ တိုက်ပွဲများဖြစ်နေစဉ် စစ်ကောင်စီက ဒေသခံများကို ဆက်တိုက်ဖမ်းဆီးနေပြီး နိုဝင်ဘာလဆန်းပိုင်းကတည်းက ကုန်းလမ်း၊ ရေလမ်း ပိတ်ဆို့ခံထားရသဖြင့် စားနပ်ရိက္ခာနှင့် လူသုံးကုန်ပစ္စည်းများ ပြတ်လပ်နေသည်ဟု သိရသည်။​

စစ်ကောင်စီ၏ မြေပြင်အထိုင်တပ်နှင့် စစ်ရေယာဉ်များက လက်နက်ကြီးများဖြင့် ပစ်ခတ်သဖြင့် ဒေသခံများ ထိခိုက်ဒဏ်ရာရမှုလည်း နေ့စဉ် ဖြစ်ပေါ်နေသည်။

ယမန်နေ့ တစ်ရက်တည်းမှာပင် ရသေ့တောင်၊ မောင်တော၊ ပေါက်တောနှင့် အမ်းမြို့နယ်တို့တွင် ရေတပ်နှင့် အထိုင်တပ်များက AA တပ်ဖွဲ့ဝင်များ ရှိမည်ဟု ယူဆသည့် ဒေသတွင်းရွာများကို လက်နက်ကြီးများဖြင့် ပစ်ခတ်သဖြင့် ဒေသခံ ၃ ဦး ဒဏ်ရာရရှိခဲ့သည်။

လတ်တလောတွင် ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲပြင်းထန်နေသော မြို့နယ်များကို စစ်ကောင်စီက ဆက်သွယ်ရေးလိုင်းများ ဖြတ်တောက်ထားသည်။

Show More

Related Articles

Back to top button