close
/

ဦးစိုးထွန်းရှိန်၏ မိုးထိမိုးမိရွှေလုပ်ကွက်ကို စစ်တပ်ပိုင် MEC က မောင်ပိုင်စီး

ဧကခြောက်ထောင်ကျော်ရှိ ရွှေလုပ်ကွက်ကို စစ်တပ်ပိုင်မြန်မာစီးပွားရေးကော်ပိုရေးရှင်းက လွှဲပြောင်းယူကာ မူလလုပ်ကိုင်သူများအားလုံးကို ယခုနှစ် ဖေဖော်ဝါရီလကုန်တွင် စီမံကိန်းဧရိယာထဲမှ အပြီးထွက်ခွာရန် ညွှန်ကြားခဲ့သည်။

အမှုသုံးမှုဖြင့် ဖမ်းဆီးတရားစွဲခံရကာ အကျဉ်းကျနေသည့် စီးပွားရေးသမား ဦးစိုးထွန်းရှိန် ကို ၂၀၁၉ နိုဝင်ဘာလက တရားရုံးထုတ်လာစဉ် တွေ့ရပုံ။ (Myanmar Now)

အမှုသုံးမှုဖြင့် ဖမ်းဆီးထောင်ချခံထားရသည့် စီးပွားရေးသမား ဦးစိုးထွန်းရှိန်၏ အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီက လုပ်ပိုင်ခွင့်ရရှိခဲ့သည့် မန္တလေးတိုင်း၊ ရမည်းသင်းမြို့နယ်ရှိ ဧကခြောက်ထောင်ကျော် ကျယ်ဝန်းသော မိုးထိမိုးမိရွှေလုပ်ကွက်ကို စစ်တပ်ပိုင် မြန်မာစီးပွားရေးကော်ပိုရေးရှင်း (MEC) က မောင်ပိုင်စီးလိုက်သည်။

အဆိုပါ ရွှေလုပ်ကွက်ကို ဦးစိုးထွန်းရှိန်က ၂၀၁၁ ခုနှစ်တွင် လုပ်ကိုင်ခွင့်ရရှိခဲ့ခြင်းဖြစ်သည်။ နိုင်ငံတော်ကို ရွှေကြွေးကျန်များ မပေး၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက် ၂၀၁၇ ခုနှစ်တွင် ရွှေလုပ်ကွက်ကို ရပ်ဆိုင်းခဲ့သည့်နည်းတူ ဦးစိုးထွန်းရှိန်ကိုလည်း ၂၀၁၈ ခုနှစ်တွင် သတ္တုတွင်းဌာနက တရားလိုပြုလုပ်ကာ ဖမ်းဆီးတရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

တရားတပေါင်ဖြစ်ပွားသည့် ၂၀၁၈ မှစတင်၍ ရွှေတူးဖော်မှုရပ်ဆိုင်းခဲ့သည့် ဧကခြောက်ထောင်ကျော်ရှိ မိုးထိမိုးမိရွှေလုပ်ကွက်ကို စစ်အာဏာသိမ်းပြီးနောက် ယခုနှစ် ဖေဖော်ဝါရီ ၂၈ တွင် MEC က လွှဲပြောင်းရယူလိုက်သည်ဟု အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီမှ ရှယ်ယာရှင်တစ်ဦးက Myanmar Now ကို ပြောသည်။ 

အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီနှင့် ဆက်စပ်လုပ်ကိုင်သည့် ကုမ္ပဏီလုပ်ငန်းများအားလုံးကိုလည်း စီမံကိန်းဧရိယာအတွင်းမှ ယခုနှစ် ဖေဖော်ဝါရီလကုန်တွင် အပြီးထွက်ခွာရန် နှုတ်ဖြင့် ညွှန်ကြားခဲ့သည်ဟု ၎င်းက ဆိုသည်။ 

“နှစ်လပိုင်း ၂၈ ရက်နေ့ အပြီးအကုန်ထွက်ရတယ်။ MEC ကပဲ နှုတ်နဲ့ပဲ ညွှန်ကြားတယ်။ စာနဲ့လည်း မထွက်ဘူး။ တစ်ယောက်ပြီးတစ်ယောက်ပေါ့။ ကိုယ့်ရဲ့ Members (ကုမ္ပဏီအဖွဲ့ဝင်) က ထွက်ရမှာတဲ့။ မထွက်လို့မရဘူးတဲ့။ အကုန်လုံး ဆုတ်ကြတော့ လိုက်ဆုတ်လာရတာပေါ့” ဟု ထိုရှယ်ယာရှင်က ပြောသည်။

အရပ်သားအစိုးရလက်ထက်တွင် ရွှေတူးဖော်ခွင့်ပိတ်ထားသော်လည်း ကနဦးချုပ်ဆိုသည့် စာချုပ်အရ အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီနှင့် ပူးပေါင်းခဲ့သည့် မူလလုပ်ငန်းရှင်များက တူးဖော်ခွင့်ပြန်ရရန် ငါးနှစ်ကျော်ကြာ စောင့်ဆိုင်းခဲ့သော်လည်း MEC က လွှဲပြောင်းယူလိုက်သဖြင့် မသက်ဆိုင်တော့ကြောင်း ၎င်းက ဆိုသည်။

နိုင်ငံတော်ကို ရွှေကြွေးကျန်များ မပေး၍ ရွှေတူးဖော်မှုရပ်ဆိုင်းရန် NLD အစိုးရလက်ထက် ညွှန်ကြားခဲ့ရာ ဦးစိုးထွန်းရှိန်ပိုင်ကုမ္ပဏီက “လုပ်ငန်းရပ်ဆိုင်းသူ ဒို့ရန်သူ” ဟု ဆိုင်းဘုတ်ထောင်ကာ ရွှေဆက်တူးခဲ့သည်။

အာဏာသိမ်းပြီးနောက် ရှယ်ယာရှင်ကုမ္ပဏီများသည် ကနဦးစာချုပ်အရ မိုးထိမိုးမိစီမံကိန်းအတွင်း ဝန်ထမ်းအနည်းငယ်ချန်ကာ ရွှေတူးဖော်ခွင့်ပြန်လည်ရရှိရန် စောင့်ဆိုင်းခဲ့ကြသည်။

စစ်တပ်ပိုင် MEC က မည်သို့မည်ပုံ လွှဲပြောင်းရယူသည့် အခြေအနေအသေးစိတ်ကို မသိရသေးသလို အကျိုးအမြတ်ခွဲဝေမှုနှင့် စာချုပ်ပါအချက်အလက်နှင့်ဆိုင်သည့် အမိန့်ညွှန်ကြားချက်များလည်း သေချာမသိရကြောင်း အထက်ပါ အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီမှ ရှယ်ယာရှင်က ဆိုသည်။​

“အခုက ပိုင်ရှင် လုံးလုံးပြောင်းသွားပြီ။ အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီနဲ့လည်း မဆိုင်တော့ဘူး။ သူနဲ့ ပူးပေါင်းပြီးရှယ်ယာပါတဲ့ အစုရှယ်ယာရှင် ကုမ္ပဏီတွေလည်း မပါတော့ဘူး။ အခုက MEC သက်သက် ဖြစ်သွားတာပေါ့” ဟု ၎င်းက ဆိုသည်။

ထိုရွှေလုပ်ကွက်ကို MEC က ဦးဆောင်၍ ရွှေပြန်တူးဖော်မည်ဖြစ်ပြီး သက်မှတ်ချက်နှင့် ကိုက်ညီသည့် ကုမ္ပဏီများကိုလည်း လုပ်ကွက်များ ချပေးမည်ဟု သိရကြောင်း မိုးထိမိုးမိဒေသတွင် ရွှေးတူးဖော်နေသည့် လုပ်ငန်းရှင်တစ်ဦးက ဆိုသည်။

ရွှေတူးဖော်မည့်ကုမ္ပဏီများအနေဖြင့် ရာဇဝတ်မှုကင်းရှင်းပြီး အမည်ပျက်စာရင်း အသွင်းခံထားရသည့် ကုမ္ပဏီများ မဖြစ်ရန်၊ ရွှေလုပ်ငန်းလုပ်ကိုင်သည့် ကုမ္ပဏီစစ်စစ်ဖြစ်ရန်၊ သတ်မှတ်ရွှေလုပ်ကွက်အတွင်း ရဲတပ်ဖွဲ့၏ ကန့်သတ်ချက်များနှင့်အညီလုပ်ကိုင်ရန် စသည့် အချက်များ ပါဝင်ကြောင်း ၎င်းက ဆိုသည်။ 

“ပထမတော့ လိုက်ကြည့်သေးတယ်ဗျ။ လွန်ခဲ့တဲ့ တစ်လနှစ်လလောက်က ဦးစိုးထွန်းရှိန်လုပ်ကွက်ထဲမှာ တူးဖော်ခွင့် ရလိုရငြားပေါ့ဗျာ။ ကျွန်တော်တို့ လုပ်ကွက်ကြီး B နဲ့လည်း နီးတော့လေ။ အဲ့ဒီတော့ (အခြေအနေက ရှုပ်နေသေး) မလုပ်တော့တာ”

မန္တလေး၊ ရမည်းသင်းမြို့နယ်အတွင်း မိုးထိမိုးမိရွှေလုပ်ကွက် တည်ရှိရာ

နိုင်ငံတော်သို့ ရွှေပိဿာတစ်ထောင်ကျော် ပေးသွင်းရန်ကျန်ရှိမှု၊ ရွှေထုတ်လုပ်မှု ရပ်ဆိုင်းထားရန် ညွှန်ကြားချက်ကို မလိုက်နာမှုတို့ဖြင့် အရပ်သားအစိုးရလက်ထက်တွင် အမှုသုံးခုဖြင့် တရားစွဲခံထားရသည့် ဦးစိုးထွန်းရှိန်ကို လက်ရှိတွင် စစ်ကောင်စီက အမှုတစ်မှုမှ အပြီးအပြတ်လွှတ်ပေးထားသည်။

ဦးစိုးထွန်းရှိန် ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသည့် အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီက ၂၀၂၂ နိုဝင်ဘာတွင် ထုတ်ပြန်သည့် စာတစ်စောင်တွင် ထောင် ၁၀ နှစ် ချနိုင်သည့် သတ္တုတွင်းဥပဒေ ပုဒ်မ ၃၀ (က) (၁) ဖြင့် ရမည်းသင်းခရိုင်တရားရုံးက ယခုနှစ် မေလအတွင်း အပြီးအပြတ် လွှတ်ပေးလိုက်သည်ဟု ဖော်ပြထားသည်။

သို့သော် ရမည်းသင်းအကျဉ်းထောင်တွင် ရှိနေသော ဦးစိုးထွန်းရှိန်မှာ ထောင် ၇ နှစ်အထိ ချနိုင်သည့် ပြည်သူပိုင်ပစ္စည်းကာကွယ်ရေးအက်ဥပဒေပါ ပုဒ်မ ၃ ခုဖြင့် ခရိုင်တရားရုံး၊ ရွှေ ၁၂၉၃ ပိဿာ ရလိုမှုဖြင့် မန္တလေးတိုင်းတရားလွှတ်တော်တို့တွင် အမှုရင်ဆိုင်နေရဆဲဖြစ်သည်။

ကုမ္ပဏီဘက်က ဦးစိုးထွန်းရှိန်ကို အမှုများမှ လွှတ်ပေးရန် စစ်ကောင်စီထံ အသနားခံစာတင်ထားသလို မိုးထိမိုးမိရွှေလုပ်ကွက်ကို စစ်တပ်ပိုင် မြန်မာ့စီးပွားရေးကော်ပိုရေးရင်း (MEC) နှင့် အကျိုးတူပူးပေါင်းရန် စီစဉ်နေသည်ဟု ဆိုသည်။

သို့သော် စီမံကိန်းလုပ်ပိုင်ခွင့်အားလုံးကို စစ်တပ်ပိုင် MEC က ရယူထားပြီဖြစ်သည်။ ၁၉၉၇ ခုနှစ်ကတည်းက တည်ထောင်ထားသည့် စစ်တပ်ပိုင် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းသည် သတ္တုတူးဖော်ရေး၊ ကုန်ထုတ်လုပ်ရေးနှင့် ဆက်သွယ်ရေးလုပ်ငန်းများအထိ ကဏ္ဍမျိုးစုံတွင် စီးပွားရေး လုပ်ကိုင်နေပြီး စစ်တပ်အတွက် ဘဏ္ဍာငွေရှာဖွေပေးနေသည့် လုပ်ငန်းကြီးဖြစ်သည်။

အာဏာရှင်ဟောင်း ဦးသန်းရွှေလမ်းစဉ်အတိုင်း လက်ရှိ အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် နိုင်ငံပိုင်စက်ရုံကြီးများကို ရောင်းထုတ်နေသည့်နည်းတူ မိုးထိမိုးမိစီမံကိန်းအပါဝင် အလားအလာရှိသည့်လုပ်ငန်းများကို စစ်တပ်ပိုင်လုပ်ငန်းများအဖြစ် တရားဝင်လွှဲပြောင်းယူနေသည်ဟု စီးပွားရေးလေ့လာသူများက ဆိုသည်။

စစ်တပ်၏ စီးပွားရေးလုပ်ငန်းအင်ပါယာကြီးနှစ်ခုဖြစ်သော မြန်မာ့စီးပွားရေးဦးပိုင်လီမိတက် (MEHL) နှင့် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) တို့ကို အမေရိကန်နှင့် အနောက်နိုင်ငံများက ပစ်မှတ်ထားပိတ်ဆို့မှုစာရင်းတွင် ထည့်သွင်းထားသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ထွက်မည်ဆိုထားသည့် အိန္ဒိယဆိပ်ကမ်းကုမ္ပဏီကြီး စစ်ကောင်စီနှင့် လုပ်ငန်းရှေ့ဆက်နေ

အာဏာသိမ်းစတွင် စစ်တပ်ပိုင်ကုမ္ပဏီနှင့် အဆက်ဖြတ်ကာ မြန်မာနိုင်ငံမှ ထွက်ခွာမည်ဟု ဆိုထားသည့် အိန္ဒိယ ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန် တည်ဆောက်ရေးကုမ္ပဏီကြီး Adani သည် စစ်ကိုင်းတိုင်းအတွင်း ကျောက်မီးသွေးထုတ်လုပ်ရန်ပင် စီစဉ်နေသည်။

နိုင်ငံတကာဟိုတယ်လုပ်ငန်းများ ထွက်ခွာသွား၊ ဟိုတယ်များလည်း ထုတ်ရောင်းလာ

ကမ္ဘာနိုင်ငံများတွင် ခရီးသွားလုပ်ငန်းပြန်နိုးထလာချိန် စစ်အာဏာသိမ်းမှုကြောင့် မြန်မာတွင် ခရီးသည်မရှိခြောက်ကပ်နေပြီး ဟိုတယ်ကြီများ ဆက်တိုက် ရောင်းထုတ်နေသည်။

မိုက်ကယ်မိုးမြင့်ပိုင် MPRL ကုမ္ပဏီက ရခိုင်ကမ်းလွန်၌ ရေနံရှာဖွေရေး ဆက်လုပ်နေ

ရခိုင်ကမ်းလွန်ရှိ A-6 လုပ်ကွက်တွင် ဘူမိဗေဒဆိုင်ရာ လုပ်ငန်းများကို SS BARAKUDA အမည်ရ တိုင်းတာရေးသင်္ဘောဖြင့် မေလ ၂၁ ရက်မှ ဇူလိုင်လ ၁ ရက်နေ့အထိ ဆောင်ရွက်မည်ဟု

အိန္ဒိယနှင့် နယ်စပ် ကုန်သွယ်ရာတွင် ဒေါ်လာကို ရှောင်၍ ရူပီးနှင့် ကျပ်သာ သုံးနိုင်ရန် စီမံ

အမေရိကန် ဒေါ်လာလိုအပ်ချက်ကို ဖုံးဖိနိုင်ရန် နယ်စပ် ကုန်သွယ်ရာတွင် တရုတ်၊ ထိုင်း၊ အိန္ဒိယ သုံးငွေကြေးများဖြင့် ကျပ်ငွေကို တိုက်ရိုက်ဖလှယ်မည့်နည်းကို စစ်ကောင်စီက ရွေးချယ်လာသည်။

ရဲတံခွန်ဓာတ်ငွေ့စီမံကိန်းမှ ဂျပန် ENEOS ကုမ္ပဏီထွက်ခွာမှု အဆုံးသတ်

ENEOS အပါအဝင် နိုင်ငံတကာကုမ္ပဏီသုံးခုက ရဲတံခွန်စီမံကိန်းကို ၂၀၃၀ အထိ လုပ်ပိုင်ခွင့်ရထားသော်လည်း သက်တမ်းမပြည့်မီ ၁၀ နှစ်နီးပါး စော၍ ရင်းနှီးမြှုပ်နှံမှုများ ပြန်လည်ရုပ်သိမ်းသွားသည်။