စစ်ကိုင်းတိုင်းအလယ်ပိုင်းမှ မြို့နယ် နှစ်ခုကို လေတပ်က နှစ်ရက်ဆက် တိုက်ခိုက်ခဲ့သဖြင့် အရပ်သား နှစ်ဦးသေဆုံးပြီး အများအပြားဒဏ်ရာရှိခဲ့ကြောင်း ဒေသခံသတင်းရင်းမြစ်များထံမှ သိရသည်။
ယမန်နေ့ (ဖေဖော်ဝါရီ ၁၅) က တန့်ဆည်မြို့နယ်မှ ၇၂ နှစ် အရွယ် အမျိုးသားတစ်ဦး၊ ဖေဖော်ဝါရီ ၁၄ ရက်နေ့က ကျွန်းလှမြို့နယ်အတွင်း အသက် ၅၀ အရွယ် ဒေါ်မြသန်းရီ သေဆုံးခဲ့သည်။
တန့်ဆည်မြို့နယ်တွင် ယမန်နေ့ မွန်းလွဲ နှစ်နာရီခန့်က ရေဦး-ကလေးဝလမ်းပေါ်တွင် နှစ်ကြိမ်၊ ည ၈ နာရီတွင် မြို့အနောက်ဘက် ၁၇ မိုင်ရှိ တောင်ကျောင်းရွာအနီး နှစ်ကြိမ်၊ ည ၁၁နာရီတွင် ပန်းထိမ်ကုန်းရွာအနီး နှစ်ကြိမ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
မြို့အနောက်ဘက် ၁၀ မိုင်ကျော်အကွာရှိ ပန်းထိမ်ကုန်းကျေးရွာအနီး တိုက်ခိုက်မှုတွင် ရွာအပြင်ရှိ လယ်စောင့်တဲတွင် နေထိုင်သည့် အသက် ၇၀ ကျော်အရွယ် အမျိုးသား သေဆုံးခဲ့ကြောင်း တန့်ဆည်မြို့နယ် ပြည်သူ့ ကာကွယ်ရေးအဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောသည်။
“အဘိုးက တောထဲမှာ လယ်စောင့်တဲမှာ ညအိပ်တာ၊ အဲမှာ မှန်ပြီးသေသွားတာ၊ ဗုံးကျတဲ့ကျင်းတွေကတော့ အနက်ကြီးတွေဖြစ်သွားတာ” ဟု ဆိုသည်။
သေဆုံးသူ အဘိုး၏အမည်ကို မိသားစုဝင်များဆန္ဒအရ အမည်ဖော်ပြနိုင်ခြင်း မရှိသေးပေ။
ဖေဖော်ဝါရီ ၁၄ ရက်နေ့ကလည်း လေတပ်က တန့်ဆည်မြို့နယ်ကို တစ်ကြိမ်၊ ကျွန်းလှမြို့နယ်ကို ၂ ကြိမ် တိုက်ခိုက်ခဲ့သည်။
ထို့နေ့ ညနေ ၄ နာရီက ကျွန်းလှမြို့ အနောက်ဘက်မိုင် ၄၀ကျော်အကွာရှိ မော်တုံရွာအနီး လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေါ်မြသန်းရီ အမည်ရှိ အမျိုးသမီးတစ်ဦး နေအိမ်နှင့်အတူ မီးလောင်သေဆုံးခဲ့ပြီး သုံးဦး ဒဏ်ရာရှိခဲ့ကြောင်း သိရသည်။
“ဘယ်လိုကြောင့်ပစ်တယ်ဆိုတာကို စဉ်းစားလို့ကို မရပါဘူး၊ ဒီဘက်မှာလည်း ဘာမှရှိတာမဟုတ်ဘူး၊ ရွာအနောက်ဘက်မှာ ကုန်းပေါ်က ဆိုင်လေးရှိတယ်။ အဲဒါကို ပစ်သွားတာ” ဟု ဒေသခံတစ်ဦးက ဆိုသည်။
ညနေ ၅ နာရီခန့်တွင် မော်တုံအနောက်ဘက် လေးမိုင်အကွာရှိ ကျေးရွာချင်းဆက်လမ်းများနှင့် တန့်ဆည်မြို့နယ်အတွင်းရှိ ရေဦး-ကလေးဝလမ်းတစ်လျှောက်ကို လေတပ် လာရောက်ပြီး ထပ်မံတိုက်ခိုက်ရာ ကုန်ကားနှစ်စီး ပျက်စီးသွားပြီး ကားသမား လေးဦး ဒဏ်ရာရှိခဲ့ကြောင်း သိရသည်။
လူမှုကွန်ရက်တွင် ပျံ့နှံ့လာသည့် ဓာတ်ပုံမှတ်တမ်းများတွင် ကုန်ကားတစ်စီး လုံးဝ ပျက်စီးသွားသည်ကို တွေ့မြင်ရသည်။
“ရေဦး-ကလေးဝလမ်းကို လမ်းမတစ်လျှောက် ပျံပြီးတော့ ဆက်တိုက်ချသွားတာ… ဗုံး ၈ လုံးချတာ၊ စပါးကားကတော့ ထက်ပိုင်းကျိုးသွားတာ” ဟု တန့်ဆည်ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
လေတပ် တိုက်ခိုက်မှုများအကြောင်းကို စစ်ကောင်စီက သတင်းထုတ်ပြန်လေ့မရှိဘဲ သတင်းအမှောင်ချထားလေ့ရှိသည်။
လေတပ်၏လက်ချက်ကြောင့် နိုင်ငံအနှံ့ ပြည်သူများ ထိခိုက်သေဆုံးပြီး အဆောက်အအုံများ မီးလောင်နေသဖြင့် ပြည်တွင်း စစ်လေယာဉ်၊ ရဟတ်ယာဉ်တို့ ပျက်ကျသည့်သတင်းဆိုလျှင် လူအများအပြားက အွန်လိုင်းတွင် ဝမ်းမြောက်ဝမ်းသာ မျှဝေလေ့ရှိသည်။
ရှမ်းမြောက်ပိုင်းစစ်မျက်နှာပြင်များတွင် အကြီးအကျယ်ရှုံးနိမ့်ခဲ့သည့် စစ်ကောင်စီသည် တရုတ်နိုင်ငံ၏ ကြားဝင်စေ့စပ်မှုဖြင့် မြောက်ပိုင်းမဟာမိတ်အဖွဲ့များနှင့် ယာယီပစ်အခတ်ရပ်စဲရေး သဘောတူညီမှုရပြီးနောက် လက်နက်အင်အား အားနည်းသည့် စစ်ကိုင်းတိုင်းကို စစ်ကြောင်းများ တရစပ်ထိုးတာ စစ်ရေးအရှိန်မြှင့်တင်နေသည်။
ရခိုင်စစ်ပြည်နယ်တွင် နေ့စဉ်ရက်ဆက် စခန်းများ မြို့များ စွန့်လွှတ်ကာ စစ်ရှုံးနေသော်လည်း စစ်ကူများ မပို့တော့ဘဲ စစ်ကိုင်းတိုင်းအတွင်းမှ ဗျူဟာကျသော၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ထိန်းချုပ်ထားသော နယ်မြေများ ပြန်ရရေးသာ ကြိုးပမ်းနေသည်။




