
ပူးပြင်းလွန်းတဲ့ နေပြည်တော်ရာသီဥတုကို အကြောင်းပြပြီး ရှားပါးပါး ညပိုင်းကျင်းပခဲ့တဲ့ နေပြည်တော်က ၇၉ နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားဟာ စစ်ရေးအပါအဝင် အခြေနေအရပ်ရပ်ကြောင့် အကျဉ်းချုံးပြီး ကျင်းပရတဲ့ပွဲလို့ အကဲခတ်တွေက သုံးသပ်ကြပါတယ်။ သိသာတာကတော့ ခါတိုင်းနှစ်တွေကလို တင့်ကား၊ သံချပ်ကာကားနဲ့ အတွဲလိုက်ဒုံးတွေ ထုတ်ဖော်ပြသတဲ့ ယန္တရားစစ်ကြောင်းတွေ ဒီနှစ်မှာ လုံးဝမပါဝင်တာကို တွေ့ရပါတယ်။ ဒါပေမဲ့ စစ်သည်အင်အား ၇၀၀၀ ကျော် ဒီပွဲမှာ ပါဝင်တယ်လို့ စစ်ကောင်စီဘက် ထုတ်ပြန်၊ ပြောဆိုပါတယ်။ မတ်လ ၂၇ ရက်ညက စစ်ရေးပြအခမ်းအနားကို တက်ရောက်ခဲ့သူတစ်ဦးကတော့ အဲ့ဒီပွဲမှာ အမျိုးသမီးစစ်သည်အင်အား ၂၀၀၀ကျော် သုံးထားတယ်လို့ ပြောပါတယ်။ ဒီပွဲဟာ စစ်တပ်ရဲ့အင်အားချည့်နဲ့မှုကို အထုပ်ဖြည်ပြလိုက်သလိုပဲလို့ စစ်ရေးအကဲခတ်သူတွေက သုံးသပ်ပါတယ်။ သတင်း၊ တင်ဆက် – စထွန်းအောင်



