
ဇူလိုင် ၃ ရက်က စခဲ့တဲ့ လားရှိုးမြို့သိမ်းတိုက်ပွဲ တစ်လနီးပါး ကြာလာပြီးတဲ့နောက် လားရှိုးမြို့ပေါ် နေရာအများစုကို ကိုးကန့်တိုင်းရင်းသားတပ် MNDAA နဲ့ ပူးပေါင်းတပ်တွေက သိမ်းပိုက်နိုင်ခဲ့ပြီး မြို့အုပ်ချုပ်ရေးလုပ်ငန်းစဉ်တွေကို စတင် လုပ်ကိုင်နေပြီလို့ ဇူလိုင်လ ၂၇ရက်က ထုတ်ပြန်ခဲ့ပါတယ်။ အရှေ့မြောက်တိုင်းစစ်ဌာချုပ် (ရမခ) အခြေစိုက် မြို့ကို အပြီးသတ်သိမ်းနိုင်ဖို့ အတွက် တိုက်ပွဲတွေ ဆက်ရှိနေသေးပြီး လားရှိုးလေယာဉ်ကွင်း အပါအဝင် မြို့နေရာအများအပြားကို MNDAA ကိုးကန့်တပ်က ထိန်းချုပ်ထားပြီလို့ ဒေသခံတွေက ပြောပါတယ်။ လားရှိုးမြို့နယ်မှာ လူဦးရေ ၃ သိန်း ၃ သောင်းနီးပါး နေထိုင်တယ်လို့ ၂၀၁၄ သန်းခေါင်စာရင်းအရ သိရပြီး တစ်ဝက်ကျော်ဟာ မြို့ ပေါ်မှာ နေထိုင်ကြတာပါ။ မြို့အနီးအနားအထိ တိုက်ပွဲတွေရောက်လာချိန်မှာတော့ ဒေသခံအများစု မြို့ကို စွန့်ခွာခဲ့ကြပါတယ်။ ရပ်ကွက် ၅ မှာနေထိုင်တဲ့ လားရှိုးမြို့ခံ အမျိုးသမီးတစ်ဦးနဲ့ MyanmarNow က အဆက်အသွယ်ရခဲ့ပြီး သူမဟာ တိုက်ပွဲတွေ အပြင်းအထန်ဖြစ်နေတဲ့ ပြီးခဲ့တဲ့ ဇူလိုင် ၂၆ ရက်နေ့ကမှ မြို့ကို စွန့်ခွာလာခဲ့တာပါ။ လားရှိုးမြို့မှာ တိုက်ပွဲတွေ ဘယ်လိုဖြစ်နေသလဲ၊ တိုက်ပွဲတွေကြားကနေ ဒေသခံတွေ ဘယ်လို ထွက်ပြေးလာရသလဲ၊ MNDAA နဲ့ စစ်ကောင်စီတပ်ကြား ဘယ်လိုရင်ဆိုင်နေကြသလဲ ဆိုတာကို လားရှိုးမြို့ခံ အမျိုးသမီးက Myanmar Now ကို ပြောပြထားပါတယ်။



