တစ်လကျော်တိုက်ပွဲပြင်းထန်ခဲ့သည့် ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့ရှိ စစ်ကောင်စီစခန်းအားလုံးကို တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် ပူးပေါင်းတပ်များက ဩဂုတ် ၅ ရက် ညပိုင်းတွင် ရှင်းလင်းပြီး မြို့ကို အပြီးသတ်သိမ်းပိုက်ခဲ့ကြောင်း သိရှိရသည်။
ကျောက်မဲမြို့အနီးရှိ အမြောက်တပ်တစ်ခုနှင့် မြို့ပေါ်နေရာအများစုကို ပြီးခဲ့သည့် ဇူလိုင်လကတည်းက TNLA နှင့် ပူးပေါင်းတပ်များက သိမ်းပိုက်ထားနိုင်သော်လည်း မြို့မြောက်ဘက်ရှိ တပ်စခန်းများကို ကာလရှည်တိုက်ခိုက်နေခဲ့ရပြီး စစ်ကောင်စီတပ်ကလည်း လေကြောင်းမှ အပြင်းအထန်ခုခံခဲ့သည်။
မြို့မြောက်ဘက်တွင် စစ်ကောင်စီတပ်၏ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ(၁) ခြေမြန်တပ်ရင်းများဖြစ်သည့် ခမရ(၅၀၁) နှင့် (၅၀၂) တို့ကို အပြင်းအထန်တိုက်ခိုက်ခဲ့ရပြီးနောက် ယမန်နေ့ ညတွင် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်ဟု TNLA ၏ ရှေ့တန်းသတင်းရင်းမြစ်တစ်ဦးက ပြောသည်။
သို့သော် လုံခြုံရေးအခြေအနေအရ နယ်မြေရှင်းလင်းရေးများ ဆက်လက်ပြုလုပ်နေရကြောင်း အဆိုပါ TNLA ရှေ့တန်းသတင်းရင်းမြစ်က ပြောသည်။
ဒေသတွင်းအခြေစိုက် စစ်ရေးသတင်းများရေးသားနေသည့် ရွှေဖီမြေသတင်းဌာနရေးသားချက်အရ ကျောက်မဲမြို့ရှိ စစ်ကောင်စီလက်ကျန်တပ်စခန်းအားလုံးကို ယမန်နေ့ည ၁၀ နာရီခန့်တွင် သိမ်းပိုက်နိုင်ပြီဖြစ်ကြောင်း သိရှိရသည်။
ယမန်နေ့ နံနက် ၅ နာရီခန့်မှ စတင်ကာ ကျောက်မဲမြို့အနီးရှိ တိုက်ပွဲဖြစ်ပွားနေရာနှင့် ပတ္တမြားစေတီအနီးတစ်ဝိုက်ကို စစ်ကောင်စီတပ်က Y 12 လေယာဉ်အမျိုးအစားဖြင့် ဗုံးအလုံးရေ ၁၀၀ နီးပါးခန့် ကြဲချခဲ့သလို ဂျက်ဖိုက်တာဖြင့်လည်း လေးကြိမ်လာရောက်တိုက်ခိုက်ခဲ့သည်ဟု TNLA ထုတ်ပြန်ချက်က ဆိုသည်။
ကျောက်မဲမြို့ကို ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းအနေဖြင့် ဇွန် ၂၅ ရက်မှစတင်ကာ TNLA က တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တစ်လကျော်အကြာတွင် အပြီးသတ်သိမ်းပိုက်နိုင်ခြင်းဖြစ်သည်။
တိုက်ပွဲအတွင်း စစ်ကောင်စီတပ်၏ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုအပြင် လက်နက်ကြီးကျရောက်ပေါက်ကွဲမှုများကြောင့် ဒေသခံအများအပြားသေဆုံးခဲ့ပြီး နေအိမ်အဆောက်အအုံများလည်း ထိခိုက်ပျက်စီးခဲ့သည်။
ကျောက်မဲမြို့မှာ ပြီးခဲ့သည့်လက TNLA တပ်များ သိမ်းပိုက်ခဲ့သည့် နောင်ချိုမြို့၏ အရှေ့မြောက်ဘက် မိုင် ၃၀ ခန့်အကွာနှင့် ယနေ့အထိ စစ်ကောင်စီတပ်များ ထိန်းချုပ်ထားသည့် သီပေါမြို့၏ အနောက်ဘက် ၁၉ မိုင်ခန့်အကွာတွင် ရှိသည်။
တအာင်းတပ် TNLA၊ ကိုးကန့်တပ် MNDAA၊ အာရက္ခတပ်တော် AA နှင့် ပူးပေါင်းတပ်များ ဆင်နွှဲခဲ့သည့် ၁၀၂၇ စစ်ဆင်ရေး၏ ဒုတိယလှိုင်းအနေဖြင့် ဇွန် ၂၅ ရက်မှစတင်ပြီး ရှမ်းမြောက်နှင့် မန္တလေးတိုင်းတို့တွင် မြို့သိမ်းတိုက်ပွဲများ ဆင်နွှဲခဲ့သည်။
တစ်လကျော်အတွင်း TNLA နှင့် မဟာမိတ်တပ်များ က နောင်ချို၊ မိုးကုတ်၊ မိုးမိတ်၊ ကျောက်မဲ၊ မန္တလေးပြည်သူ့ကာကွယ်ရေးတပ်မတော် MDY-PDF က စဉ့်ကူးမြို့တို့ကို သိမ်းပိုက်ရရှိခဲ့သကဲ့သို့ ကိုးကန့်တပ်မတော် MNDAA နှင့် ပူးပေါင်းတပ်များက အရှေ.မြောက်တိုင်းစစ်ဌာနချုပ်ရှိရာ လားရှိုးမြို့ကို ထိန်းချုပ်ထားပြီး မြို့ကို အပြီးသတ်သိမ်းပိုက်နိုင်ရေး ဆက်လက်တိုက်ခိုက်နေကြသည်။



