ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ ကင်းတောင်ရွာကို စစ်ကောင်စီလေတပ်က ယနေ့ (အောက်တိုဘာ ၄) တွင် နှစ်ကြိမ် ဗုံးကြဲရာ သေဆုံးသူ ၄ ဦး အနည်းဆုံး ရှိပြီး ၁၃ ဦးဒဏ်ရာရသည်ဟု သိရသည်။
တောင်ကုတ်မြို့နှင့်၁၀ မိုင်ခန့်အကွာ လူတစ်ထောင်ကျော်နေထိုင်သည့် ထိုစံပြရွာကြီးကို နံနက် ၂ နာရီ ခန့်တွင် တိုက်ခိုက်ခြင်းဖြစ်သည်ဟု အမည် မဖော်လို သည့် ဒေသခံတစ်ဦးက ပြောသည်။
“မနက်ပိုင်းတော့ ၄ ယောက်သေတယ်။ ဒဏ်ရာရတာကတော့ ပြင်းပြင်းထန်ထန် ၃ ယောက် လောက် ရှိတယ်။ အသေးအမွှားဒဏ်ရာရသူတွေလည်းရှိတယ်” ဟု ၎င်းက ဆိုသည်။
သေဆုံးသွားသူများမှာ မောင်ဇင်ဟိန်းကို(၉ နှစ်)၊ ဦးမောင်လှတင်(၆၅ နှစ်)၊ ဒေါ်မြရီ(၅၆နှစ်)နှင့် ဒေါ်မြကြည်(၇၄နှစ်)တို့ဖြစ်သည်။
ဒဏ်ရာရသူများမှာ မောင်ဇင်လင်းထက် (၁၁နှစ်)၊ ကိုပြည်သိမ်းစံ(၂၃ နှစ်)၊ ဦးစိုးထိုက်(၄၈ နှစ်)၊ ဦးထွေးကြည်(၇၂နှစ်)၊ မောင်ဝေလွင်ထက်ထက်အောင်(၁၆ နှစ်)၊ ဦးနေထက်လင်း(၃၁ နှစ်)၊ ဦးတင်ထွန်း (၇၇နှစ်)၊ ဒေါ်မြင့်စိန်(၈၀နှစ်)၊ ဒေါ်မတင်ရွှီ(၈၉ နှစ်)၊ ဒေါ်မြင့်မြင့်ကြူ(၅၂ နှစ်)၊ ဒေါ်မြနွယ်(၇၆နှစ်)၊ ဦးစံရွှေ(၇၄နှစ်)နှင့် ဒေါ်မတင်ညွန့်(၇၈နှစ်) တို့ ဖြစ်သည်။
ညနေ ၃ နာရီခန့်တွင် ဗုံးတစ်လုံး ထပ်မံကြဲချသဖြင့် မီးသတ်ရုံး ထိမှန်ကာ ဒေသခံ တစ်ဦး သေဆုံး၊ ဒဏ်ရာရသူများရှိကြောင်းသိရသည်၊ မိသားစုဝင်များကို ဘေးလွတ်ရာသို့ ပို့ဆောင်နေသဖြင့် အသေးစိတ် စုံစမ်းနိုင်ခြင်း မရှိသေးဟု အထက်ပါသတင်းရင်းမြစ်က ဆက်ပြောသည်။
“လူတွေကတော့ ရွာမှာမနေရဲကြတော့ဘူး။ အကုန်လုံး ဘေးလွတ်မယ့်နေရာတွေကို ထွက်ပြေးနေရ တယ်” ဟု သူက ပြောသည်?
တောင်ကုတ်မြို့နယ်တွင် အာရက္ခတပ်တော်(AA)နှင့် တိုက်ပွဲဖြစ်ပွားခြင်း မရှိ သေးသော်လည်း ယခုရက်ပိုင်းအတွငဗုံးကြဲတိုက်ခိုက်မှုပြုလုပ်နေရာ အရပ် သားများ ထိခိုက်နေရသည်။

ဒေသသတင်းများ ဖော်ပြနေသော အာရက္ခမင်းသမီးမီဒီယာ (APM) ကမူ ညနေပိုင်း လေကြောင်းတိုက် ခိုက်မှုတွင် အနည်းဆုံး ၃ ဦး သေဆုံးကြောင်း ဓာတ်ပုံများနှင့်တကွ ဖော်ပြထားသည်။
စစ်ကောင်စီသည် နိုင်ငံအနှံ့စစ်မျက်နှာများတွင် ခံစစ် ဆင်နေရပြီ မြေပြင်စစ်ကြောင်းထိုးနိုင်မှု နည်းပါးပြီး လေတပ်ကို အားပြုကာ တိုက်ခိုက်နေသည်၊ အရပ်သားများရှိသည့် မြို့ရွာများကို ဗုံးကြဲတိုက်ခိုက်နေသည်။
အောက်တိုဘာ ၂ တွင် တောင်ကုတ်မြို့နယ်၊ ခေါင်းလောင်းတူရွာကို ဗုံးကြဲခဲ့သဖြင့် အသက် ၁၄ နှစ်အရွယ် မောင်မိုးမြင့်သူဒဏ်ရာရသွားသည်။
အောက်တိုဘာ ၁ တွင် သံတွဲမြို့နယ်၊ ညောင်ခြီထောက်ရွာကိုဗုံးကြဲသဖြင့် ဒေသခံ တစ်ဦး သေကာ တစ်ဦးဒဏ်ရာရသွားသည်။ စက်တင်ဘာ ၂၆ ကလည်း သံတွဲမြို့ကိုဗုံးကြဲခဲ့သဖြင့် စစ်ဘေးရှောင် ၁၄ ဦးသေကာ ၂၅ ဦးဒဏ်ရာရသွားသည်။
နိုင်ငံတော်အချုပ်အခြာအာဏာကို မဖြစ်မနေကာကွယ်စောင့်ရှောက်သွားမည်ဖြစ်ကာ လက်နက်ကိုင် အဖွဲ့များ၏သတင်းရရှိမှုနှင့်အခြေအနေအရပ်ရပ်အပေါ်မူတည်၍ လိုအပ်သလိုတုံ့ပြန်သွားမည် ဖြစ်သဖြင့် လက်နက်ကိုင်များ ဝင်ရောက်နေထိုင်လျက်ရှိသည့် မြို့ရွာများရှိပြည်သူများအနေဖြင့် ဘေးကင်းလုံခြုံမှုရှိစေရေးကို သတိပြုရန်လိုအပ်သည်ဟု စစ်ခေါင်းဆောင်က ပြောဆိုထားသည်။
စစ်ကောင်စီဘက်မှ လှုံ့ဆော်ပေးသူများသည်လည်း တော်လှန်ရေး အင်အားစု ထိန်းချုပ်ထားသည့်မြို့ရွာများကို ဗုံးကြဲတိုက်ခိုက်ရန်အမြဲလှုံ့ဆော်နေပြီး ဗုံးကြဲတိုက်ခိုက်ပါက ဝမ်းသာအားရ သတင်းဖော်ပြကြသည်ကို တွေ့ရသည်။
မင်းချစ်ဦး ဟု အမည်ပေးထားသည့် တယ်လီဂရမ်စာမျက်နှာတွင် တောင်ကုတ်၊ သံတွဲ အပြင် မြောက်ဦး၊ ကျောက်တော်၊ မင်းပြား၊ မြေပုံ ၊တပ်တောင် ရသေ့တောင်၊ ပုဏ္ဏားကျွန်းရှိ AA ရှိသည့်နေရာများကို ဗုံးကြဲတိုက်ခိုက်မည်ဟု ခြိမ်းခြောက်ရေးထားသည်။
ရခိုင်တိုက်ပွဲအတွင်း စစ်ကောင်စီသည် အရှုံးနှင့်ရင်ဆိုင်နေရကာ မြေပုံ၊ မင်းပြား၊ မြောက်ဦး ၊ ကျောက်တော်၊ ပေါက်တော၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်၊ ရမ်းဗြဲ၊ သံတွဲ နှင့် ချင်းပြည်နယ် ပလက်ဝတို့ကို လက်လွှတ်ထားရသည်။
ပုံစာ-ကင်းတောင်ရွာလေကြောင်းတိုက်ခိုက်မှု သေဆုံးသွားသည့်ရုပ်အလောင်းတချို့နှင့် ပျက်စီး သွားသည့် နေအိမ်များ။ (ဓာတ်ပုံ-APM)






