နေပြည်တော်နှင့် နယ်နမိတ်ချင်း ထိစပ်နေသည့် ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်တွင် 96 Soldiers –PDF တပ်ဖွဲ့ မှ အဖွဲ့ဝင် လေးဦး စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ထိပ်တိုက်တိုးပြီး ပစ်ခတ်ဖမ်းဆီးခံရရာ တစ်ဦး သေဆုံး၍ သုံးဦး အဖမ်းခံရကြောင်း စုံစမ်းသိရသည်။
အောက်တိုဘာ ၅ ရက်နေ့က ရေတာရှည်မြို့နယ်၊ မြို့လှမြို့၊ ရွာဒေါင်းအနီးတွင် ဆိုင်ကယ်သုံးစီးဖြင့် လာသော အဆိုပါတပ်မှ အဖွဲ့ဝင် လေးဦးနှင့် အလွတ်တန်းဓာတ်ပုံသတင်းထောက်တစ်ဦးတို့ ပစ်ခတ် ခံရခြင်းဖြစ်သည်ဟု တော်လှန်ရေးအဖွဲ့များနှင့်နီးစပ်သော သတင်းရင်းမြစ်များက ပြောကြသည်။
သေဆုံးသူနှင့်ဖမ်းဆီးခံရသူများသည် 96 Soliders –PDF တပ်ဖွဲ့ (အညာတပ်ခွဲ) မှ တပ်ဖွဲ့ဝင်များ ဖြစ်ကြပြီး ၎င်းတို့နှင့် လိုက်ပါလာသော အလွတ်တန်းဓာတ်ပုံသတင်းထောက်တစ်ဦး လွတ်မြောက်သွားကြောင်း ထိုအဖွဲ့နှင့်နီးစပ်သူတစ်ဦးက အတည်ပြုသည်။
ထိုအဖွဲ့ဝင်များသည် စစ်ကိုင်းတိုင်းသို့ လက်နက်များသယ်ယူလာစဉ် လမ်းတွင် ပစ်ခတ်ဖမ်းဆီးခံရ ကြောင်း အထက်ပါ နီးစပ်သူက ဆိုသည်။
“လက်နက်သယ်ပြီး စစ်ကိုင်းကိုသွားတဲ့အချိန်မှာ စကစ စစ်ကြောင်းနဲ့တွေ့ပြီး အဖမ်းခံရတာ”
လွတ်မြောက်လာသည့် အလွတ်တန်းဓာတ်ပုံသတင်းထောက်သည် ပဲခူးတိုင်းအတွင်းရှိ နယ်မြေတော်လှန် ရေးတပ်ဖွဲ့များက ခေါ်ဆောင်၍ လုံခြုံစိတ်ချရသည့် နေရာတစ်ခုသို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း ၎င်းက ဆိုသည်။
စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်များက PDF ငါးဦးကို တွေ့ရှိ၍ ပစ်ခတ်ရာမှ တစ်ဦးသေဆုံးခဲ့ပြီး သုံးဦး ကို အရှင်ဖမ်းမိကာ တစ်ဦးလွတ်မြောက်သွားခဲ့ကြောင်း ဖော်ပြထားကြသည်။
သေနတ် ၉ လက် သိမ်းဆည်းရမိပြီး MA -2 သေနတ် နှစ်လက်၊ MA -3 သေနတ် သုံးလက်၊ BA – 63 သေနတ်နှစ်လက်၊ M – 4 သေနတ် တစ်လက်၊ ပစ္စတို တစ်လက်၊ ကျည်ဆန် ၃၀၀၀ ကျော်၊ လက်ပစ်ဗုံး၊ ဒရုန်းဆက်စပ်ပစ္စည်း များနှင့် သေနတ်များလည်း သိမ်းဆည်းခဲ့ကြောင်း ရေးသားထားကြသည်။
ပုံစာ-စစ်ကောင်စီဝါဒဖြန့်တယ်လီဂရမ်များက ဖော်ပြထားသည့် သိမ်းဆည်းရလက်နက်ခဲယမ်းများ။ https://drive.google.com/file/d/1Z0jQncJACXZyx56roRTXNEDdyO_I-guI/view?usp=drive_link
နေပြည်တော်နှင့် မိုင် ၅၀ ခန့်ကျော်သာ ဝေးသည့် ရေတာရှည်မြို့နယ် စစ်တောင်းမြစ်အရှေ့ဘက်ခြမ်းတွင် စစ်ကောင်စီနှင့် တော်လှန်ရေးတပ်ဖွဲ့ဝင်များ မကြာခဏ ထိတွေ့တိုက်ပွဲများ ပြင်းထန်ပြီး လက်နက်ကြီး များ ပစ်ခတ်လေ့ရှိသည့် နေရာလည်း ဖြစ်သည်။
ထိုနယ်မြေတွင် ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ တပ်များ၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ တပ်များလည်း လှုပ်ရှားအခြေစိုက်သည်။
96 Soldiers –PDF သည် ကရင်ပြည်နယ် တောင်ပိုင်းဒေသတွင် စတင်ဖွဲ့စည်းခဲ့ပြီး အညာဒေသအပါအဝင် စစ်ဒေသ၂ခုခွဲ၍ တိုက်ပွဲဝင်နေသည့် တော်လှန်ရေးတပ်ဖွဲ့ဖြစ်သည်။
၂၀၂၁ အောက်တိုဘာ ၆ ရက်တွင် စတည်ထောင်ခဲ့သည့် ထိုအဖွဲ့သည် တောင်ပိုင်းဒေသတွင် တိုက်ပွဲ ၂၅ ပွဲ နှင့် အညာဒေသတွင် တိုက်ပွဲ ၂၂ ပွဲ ပါဝင်ခဲ့ကာ NUG နှင့် ပူးပေါင်းကာ သီးခြားလှုပ်ရှားသည့်အဖွဲ့ ဖြစ်သည်။
မကြာသေးခင်က ဘုတလင်မြို့နယ်အတွင်း အင်အား ၈၀ ပါ စစ်ကောင်စီ စစ်ကြောင်းတစ်ကြောင်းတစ် ကြောင်းလုံး ပျက်သည်အထိ ပူး ပေါင်းတိုက်ခိုက်မှုတွင်လည်း ပါဝင်ခဲ့ကြသည်။



