ကချင်ပြည်နယ်ရှိ နယ်စပ်ကုန်သွယ်ရေးမြို့ ကန်ပိုင်တည်ကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA)နှင့် ပူးပေါင်းတပ်များက ယမန်နေ့က အပြီးသတ်သိမ်းပိုက်လိုက်ခြင်းကြောင့် နှစ်စဉ် အမေရိကန်ဒေါ်လာ ဘီလျံချီကုန်သွယ်သည့် တရုတ်−မြန်မာနယ် စပ်ကုန်သွယ်ရေးစခန်းအားလုံးနီးပါးကို တိုင်းရင်းသားတော်လှန်ရေးတပ်များက ထိန်းချုပ်လိုက်ပြီဖြစ်သည်။
မိုင်ပေါင်း ၁,၃၀၀ ကျော် နယ်နိမိတ်ချင်း ထိစပ်နေသည့် တရုတ်−မြန်မာနယ်စပ်တွင် ရှမ်းပြည်မြောက်ပိုင်းမူဆယ်မြို့ရှိ မူဆယ်(၁၀၅)မိုင်ကုန်သွယ်ရေးစခန်း၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရနယ်မြေရှိ ချင်းရွှေဟော်မြို့ကုန်သွယ်ရေးစခန်း၊ ကချင်ပြည်နယ်မြို့များရှိ လွယ်ဂျယ်၊ ကန်ပိုင်တည် ကုန်သွယ်ရေးစခန်းများနှင့် ရှမ်းပြည်နယ်အရှေ့ဖက်စွန်းစွန်းတွင်တည်ရှိသော ကျိုင်းတုံ-မိုင်းလား နယ်စပ်ကုန်သွယ်ရေးစခန်းကြီး ၅ ခုမှ နှစ်နိုင်ငံ ကုန်သွယ်နေခြင်းဖြစ်သည်။
အောက်တိုဘာလမှစ၍ ကန်ပိုင်တည်မြို့ကို KIA က အပြင်းအထန် ထိုးစစ်ဆင်ခဲ့သည်၊ ယခုအခါ မြို့ပေါ်ရှိ ဌာနဆိုင်ရာအဆောက်အဦများ၊ ရဲစခန်းနှင့် စစ်ကောင်စီ၏ စစ်စခန်းအားလုံးကို သိမ်းပိုက်ကာ မြို့ကိုအပြည့်အဝ ထိန်းချုပ်ထားသည်ဟု KIA စစ်ရေးသတင်းရင်းမြစ်တစ်ခုက Myanmar Now ကို ပြောသည်။
“ကန်ပိုင်တည် ရဲစခန်းလည်း သိမ်းလိုက်ပြီ၊ မြို့ကိုလည်း ရပြီးပြီ။ မနေ့ကညနေမှာ အပြီးသတ် သိမ်းလိုက်ပြီ” ဟု ၎င်းကဆိုသည်။
ကချင်ပြည်နယ်မြို့တော် မြစ်ကြီးနားမြို့အရှေ့ဘက် ၈၈ မိုင်အကွာရှိ ကန်ပိုင်တည်ကုန်သွယ်ရေးစခန်းကို ၂၀၀၃ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။ တရုတ်နိုင်ငံဘက်ခြမ်း ဟေရီးထန် နယ်စပ်ထွက်ပေါက်မှတစ်ဆင့် ကူရုံးမြို့၊ ထိန်းချုံးမြို့များသို့ မြန်မာပြည်ထွက် တစ်သျှူးငှက်ပျော၊ ပြောင်း၊ ဖရဲသီး၊ ရာဘာများတင်ပို့ကာ တရုတ်ဘက်မှ ဆောက်လုပ်ရေးပစ္စည်း၊ လျှပ်စစ်နှင့် လူသုံးကုန်ပစ္စည်းများ ကန်ပိုင်တည်စခန်းမှ ပြန်လည်တင်သွင်းသည်။
ကချင်ပြည်နယ်အတွင်းရှိ အခြားကုန်သွယ်ရေးမြို့တစ်ခုဖြစ်သော လွယ်ဂျယ်မြို့ကို ယခုနှစ် ဧပြီလတွင် KIA က တိုက်ခိုက်သိမ်းပိုက်ထားသည်။ ထိုမြို့ကို ၁၉၉၈ ခုနှစ်မှစ၍ ၂၆ နှစ်ကြာ စစ်တပ်ထိန်းချုပ်ထားခြင်းကို KIA က အဆုံးသတ်လိုက်ပြီး တရုတ်နိုင်ငံ၊ ကျန်ဖုန်းမြိုနယ်၊ လိုင်းရင်းနယ်စပ်ကုန်သွယ်မှုကို စီမံခန့်ခွဲခွင့်ရသွားသည်။
လွယ်ဂျယ်မြို့ကို KIA ၏ နိုင်ငံရေးအဖွဲ့ဖြစ်သော ကချင်လွတ်လပ်ရေးအဖွဲ့(KIO) က စီမံအုပ်ချုပ်နေသည်ဟု သိရသည်။ ရှမ်းပြည်မြောက်ပိုင်းမှ လွယ်ဂျယ်မြို့သို့ ကုန်စည်တင်ပို့ရောင်းချမှုများ ရှိသည်ဟု ထိုဒေသတွင် ကုန်စည်သယ်ယူပို့ဆောင်နေသည့် အမျိုးသားတစ်ဦးက ပြောသည်။
သို့သော် လမ်းကြမ်းတမ်းမှုကြောင့် အချိန်ကြန့်ကြာကြောင်း၊ အဓိကအားဖြင့် နမ့်ခမ်းဒေသထွက် အစားအသောက်ကုန်ခြောက်များသာ ကုန်သွယ်နေပြီး ခရီးသည်အသွားအလာနည်းကြောင်း ၎င်းက ဆိုသည်။ တရုတ်နယ်စပ်တွင် ကုန်သွယ်မှုအကြီးဆုံးဖြစ်သည့် ရှမ်းပြည်နယ်မြောက်ပိုင်း စစ်ကောင်စီထိန်းချုပ် မူဆယ်(၁၀၅)မိုင်ကုန်သွယ်ရေးဇုန်ကို ၁၀၂၇ စစ်ဆင်ရေး (၂၀၂၃ ခုနှစ် နိုဝင်ဘာလ) အတွင်း တအာင်းတပ်(TNLA) က သိမ်းပိုက်ပြီး ချင်းရွှေဟော်နယ်စပ်ကုန်သွယ်ရေးစခန်းကို ကိုးကန့်တပ်(MNDAA) တို့ကို တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။

ရှမ်းပြည်မြောက်ပိုင်း မူဆယ်၊ မိုင်းရယ်နှင့် တန့်ယန်းမြို့မှလွဲ၍ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) တည်ရှိရာ လားရှိုးမြို့အပါဝင် စတုရန်းမိုင် ၂၃,၃၉၇ ခန့် ကျယ်ဝန်းသည့် ရှမ်းမြောက်ဒေသတစ်ခုလုံးကို တိုင်ရင်းသားတော်လှန်ရေးတပ်များက ထိန်းချုပ်ထားပြီဖြစ်သည်။
သို့သော် မူဆယ်မြို့ကို စစ်ကောင်စီက ထိန်းချုပ်ထားဆဲဖြစ်၍ ထိုမြို့ပေါ်ရှိ နယ်စပ်ဂိတ်များမှ လူအဝင်ထွက်နှင့် ကုန်သွယ်မှုရှိနေသေးကြောင်း သိရသည်။
“တရုတ်နယ်စပ်ဖြစ်တဲ့မူဆယ်တစ်ပေါက်ဖွင့်ထားတာကလည်း သူတို့ဖက်က တရုတ်နဲ့ မြန်မာစစ်ကောင်စီနဲ့ ပုံရိပ်တစ်ခုပြချင်ရုံလောက်ပဲရှိတယ်” ဟု အထက်ပါ ကုန်စည်ပို့ရေးလုပ်ကိုင်သူက ပြောသည်။
“တိုင်းရင်းသားလက်နက်ကိုင်တွေ ထိန်ချုပ်ထားတဲ့ နယ်မြေက တော်တော်များသွားတော့ ဒီထွက်ပေါက်ကနေ မြန်မာနိုင်ငံအနှံ့ကို ဘာမှမပို့နိုင်တော့ အခွန်ရော၊ သူတို့အတွက်လိုအပ်တဲ့ ဆေးဝါးနဲ့ စစ်အသုံးဆောင်ပစ္စည်းတွေ သုံးကုန်ပစ္စည်းတွေ မရနိုင်တော့ဘူး။ ဒါကတော့ နှစ်ဦးနှစ်ဖက်ထိခိုက်မှုတော့ရှိတာပေါ့”
ရှမ်းပြည်နယ်အရှေ့ပိုင်းရှိ မိုင်းလားနယ်စပ်ကုန်သွယ်ရေးစခန်းကိုလည်း မိုင်းလားလက်နက်ကိုင်အဖွဲ့ အမျိုးသားဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ (NDAA)က ထိန်းချုပ်ထားသည်။ ထို့ကြောင့် မိုင်းလားသို့သွားမည့် ကုန်စည်များကို စစ်ကောင်စီ၏ စီးပွားကူးသန်းဝန်ကြီးဌာနက ကျိုင်းတုံမြို့တွင်အခြေချ၍ အခွန်ကောက်ကာ ကုန်သွယ်မှုလုပ်ဆောင်ပေးနေသည်။
နယ်စပ်တလျှောက်တွင် စစ်ကောင်စီအခြေစိုက် စခန်းများမရှိတော့ခြင်းကြောင့် နယ်စပ်ကုန်သွယ်ရေးကို နယ်မြေစိုးမိုးထားသည့်တိုင်းရင်းသား တော်လှန်ရေးအင်အားစု (ERO တပ်များ)က လုံးလုံးလျားလျား စီမံခန့်ခွဲခွင့်ရရှိ သွားပြီဖြစ်ကြောင်း အမည်မဖော်လိုသည့်စီးပွားရေး လေ့လာသုံးသပ်သူတစ်ဦးက ပြောသည်။
“နယ်မြေတွေထိန်းချုပ်ထားတဲ့အတွက်ကြောင့် နယ်မြေတွေမစိုးမိုးနိုင်တာနဲ့အမျှ ကုန်သွယ်ရေးလုပ်ငန်းက ဘာမှလုပ်လို့မရဘူး။ကုန်သွယ်ရေးလုပ်ငန်းလုပ်မယ်ဆိုရင် ERO တွေနဲ့မညှိဘဲနဲ့ ဘယ်လိုမှမဖြစ်နိုင်ဘူး”ဟု ၎င်းက ပြောသည်။

မူဆယ်မြို့ကိုမူ စစ်တပ်ကထိန်းချုပ်ထားဆဲဖြစ်ခြင်းကြောင့် ထိုမြို့ရှိ နယ်စပ်ဂိတ်များမှ ကုန်စည်သွင်းနိုင်သည်။ သို့သော် ကုန်စည်များကို မန္တလေးနှင့် ပြည်မဘက်သို့ သယ်ယူမည်ဆိုပါက တိုင်းရင်းသားတော်လှန်ရေးအဖွဲ့များ ထိန်းချုပ်နယ်မြေကိုဖြတ်သန်းရမည်ဟု အထက်ပါ စီးပွားရေး လေ့လာသုံးသပ်သူက ပြောသည်။
သို့သော် နယ်စပ်ဂိတ်များလက်လွှတ်လိုက်ရခြင်းသည် စစ်ကောင်စီအတွက် အခွန်ဘဏ္ဍာဆုံးရှုံးနိုင်သလို နိုင်ငံရေးအရ ထိခိုက်မှုကြီးမားကြောင် ၎င်းက ဆိုသည်။ တချိန်တည်းတွင် မှောင်ခိုကုန်သွယ်မှုကြီးမားလာနိုင်ပြီး ကုန်ဈေးနှုန်းလည်း တက်လာနိုင်သည်ဟုသူက ဆိုသည်။
တရုတ်နယ်စပ်မြို့များ သိမ်းပိုက်မှုနှင့်အတူ တစ်ပြိုင်တည်းပေါ်ပေါက်လာသည့် နယ်စပ်ကုန်သွယ်ရေးကို စိုးမိုးထားသည့် တော်လှန်ရေးအင်အားစုက ကုန်သွယ်မှုကို မည်သို့ဆက်လက်ခွင့်ပြုမည်မှာ အရေးကြီးပြီး တရုတ်နိုင်ငံ၏ ကုန်သွယ်ရေးမူဝါဒများမှာလည်း အရေးကြီးကြောင်း ၎င်းက ဆိုသည်။
၂၀၂၀-၂၁ ဘဏ္ဍာနှစ်တွင် ထိုကုန်သွယ်ရေးစခန်းမှ ကုန်သွယ်မှုတန်ဖိုး ဒေါ်လာ ၅ ဘီလျံကျော်ရှိသည်ဟု စစ်ကောင်စီ၏ စီပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ စာရင်းများတွင် ဖော်ပြထားသည်။ သို့သော် နယ်စပ်ဂိတ် တစ်ခုပြီးတစ်ခုလက်လွှတ်နေရသည့်စစ်ကောင်စီသည် ယခုနှစ်လယ်မှစကာ ကုန်သွယ်မှုကိန်းဂဏန်းများ ပုံမှန်ထုတ်ပြန်ခြင်းမရှိတော့ပေ။
စစ်ကောင်စီကို ထိုးစစ်ဆင်တိုက်ခိုက်မှုရပ်တန့်ရန် နယ်စပ်အခြေစိုက် တော်လှန်ရေးတပ်များကို တရုတ်အစိုးရက ဖိအားပေးခဲ့ပြီး နှစ်နိုင်ငံနယ်စပ်ဂိတ်များတွင် ကုန်စည်ကူးသန်းရောင်းဝယ်မှုကို တစ်ဆင့်ပြီးတစ်ဆင့် ကန့်သတ်လာသည်။
သို့သော် မြန်မာနိုင်ငံမှထွက်ရှိသည့် အဖိုးတန်ကျောက်စိမ်း၊ မြေရှားနှင့် သတ္ထုသယံဇာတထုတ်ကုန်များကို တရုတ်က တံခါးမရှိဓားမရှိ ဆက်လက်ဝယ်ယူနေကြောင်း နယ်စပ်အခြေစိုက် ကုန်သည်များက ဆိုသည်။
တရုတ်နှင့်ထိစပ်နေသည့် မြန်မာနယ်စပ်ကုန်သွယ်ရေးကို စစ်ကောင်စီ အပြည့်အဝ စီမံခန့်ခွဲခွင့်ရရန် ဆောင်ရွက်မည်ဟု ယခုလထဲတွင် တရုတ်ဝန်ကြီးချုပ် Mr Li Qiang က စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို တရုတ်နိုင်ငံ၌ တွေ့ဆုံစဉ်ပြောဆိုခဲ့သည်။
နယ်စပ်ကုန်သွယ်ရေးဂိတ်များပိတ်ပစ်ခြင်း၊ ကုန်စည်စီးဆင်းမှုကန့်သတ်ခြင်းတို့ကြောင့် တိုင်းရင်းသား တော်လှန်ရေးတပ်များထိန်းချုပ်ထားသော ကချင်နှင့် ရှမ်းပြည်နယ်မြောက်ဒေသတွင် စက်သုံးဆီနှင့် မရှိမဖြစ်ကုန်စည် ရှားပါးပြတ်လပ်လာကြောင်း သိရသည်။
နယ်နိမိတ်ချင်း ဆက်စပ်နေသည့် တရုတ်၊ အိန္ဒိယ၊ ထိုင်း၊ ဘင်္ဂလားဒေ့ရှ်တို့နှင့် နယ်စပ်ကုန်သွယ်ရေးစခန်း ၁၇ ခုကျော်ရှိပြီး အများပြားကို တော်လှန်ရေးအဖွဲ့များက ထိန်းချုပ်ထားခြင်းကြောင့် စစ်ကောင်စီသည် ပင်လယ်ရေကြောင်းကုန်သွယ်ရေးကို အားပြုလာရသည်ဟု ကုန်သည်များက ဆိုသည်။



