သတင်း

ကန်ပိုက်တည်မြို့ကို KIA သိမ်းပိုက်၊ ကချင်အထူးဒေသ(၁) တစ်ခုလုံး စစ်ကောင်စီလက်မှ လွတ်မြောက်

KIA နှင့် PDF များကို ချေမှုန်းမည်ဟု ကြွေးကြော်ထားသည့် စစ်ကောင်စီဩဇာခံ ဦးဇခုန်တိန့်ယိန်း ဦးဆောင်သော နယ်ခြားစောင့်တပ်အုပ်ချုပ်သည့် ကန်ပိုက်တည်မြို့ကို KIA က ယနေ့သိမ်းပိုက်လိုက်သည်။

မြန်မာ-တရုတ်နယ်စပ် ကန်ပိုက်တည်မြို့ကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA)နှင့် ပူးပေါင်းတပ်များက ယနေ့ (နိုဝင်ဘာ ၂၀) ညနေတွင် အပြီးသတ်သိမ်းလိုက်ပြီဖြစ်သောကြောင့် ကချင်အထူး ဒေသ(၁)တစ်ခုလုံး သိမ်းပိုက် ရရှိပြီဖြစ်သည်။ 

နံနက် ၉ နာရီခန့်မှစတင်ကာ ကန်ပိုက်တည်မြို့ကို အပြီးသတ်သိမ်းနိုင်ရန် ကြိုးပမ်းတိုက်ခိုက်ခဲ့ဖြစ်ပြီး ညနေ ၅ နာရီခန့်တွင် တစ်မြို့လုံးကို အပြီးသတ် သိမ်းနိုင်လိုက်ခြင်းဖြစ်သည်ဟု KIA နှင့် နီးစပ်သူ ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

“ ကန်ပိုက်တည် ရဲစခန်းလည်း သိမ်းလိုက်ပြီ၊ မြို့ကိုလည်း ရပြီးပြီ ညနေမှာ အပြီးသတ် သိမ်းလိုက်ပြီ”  

ကန်ပိုက်တည်မြို့ပေါ်ရှိ ဌာနဆိုင်ရာ အဆောက်အဦများအပြင် ရဲစခန်းနှင့် စစ်ကောင်စီစခန်းများ အားလုံးကို လည်း သိမ်းပိုက်ခဲ့ပြီး မြို့ကို KIA ပူးပေါင်းတပ်များက အပြည့်အဝ ထိန်းချုပ်ထားနိုင်ပြီဖြစ်သည် ဟု သိရသည်။ 

KIA ထိုးစစ်ကို ခုခံနေသည့် စစ်ကောင်စီတပ်များနှင့် ပြည်သူ့စစ်အများစုမှာ တရုတ်နိုင်ငံအတွင်း ထွက်ပြေးသွား ပြီး မြို့တွင်းစစ်ကောင်စီလက်ကျန်တပ်များကိုလည်း ရှင်းလင်းပြီးဖြစ်သည်ဟု ဒေသခံများထံမှ သိရသည်။

“တချို့စစ်ကောင်စီနဲ့ ပြည်သူ့စစ်အချို့လည်း သူတို့မိသားစုဝင်တွေနဲ့ တရုတ်ဘက်ကို ထွက်ပြေးသွားကြတယ်” ဟု အထက်ပါ အမျိုးသားက ပြောသည်။

ပန်ဝါမြို့နှင့် ကန်ပိုက်တည်မြို့ကို အောက်တိုဘာလအတွင်းမှ စတင်၍ KIA က အပြင်းအထန် ထိုးစစ်ဆင်ခဲ့ခြင်း ဖြစ်သည်။ 

ကချင်အထူးဒေသ (၁) တွင် ချီဖွေမြို့နယ်၊ ဆော့လော်မြို့နယ်၊ဝိုင်းမော်မြို့နယ်နှင့် ကန်ပိုက်တည်မြို့၊ ပန်ဝါမြို့ များ ပါဝင်ပြီး ထိုဒေသတစ်ခုလုံးကို KIA မှ ခွဲထွက်၍ ကချင်ဒီမိုကရေစီသစ်တပ်မတော်(NDA-K) ထူထောင်၍ နယ်ခြားစောင့် တပ် (BGF) အဖြစ် အသွင် ပြောင်းထားသော ဦးဇခုန်တိန့်ယိန်း၏ တပ်များက ထိန်းချုပ်ထားခြင်း ဖြစ်သည်။

NDA-K ၏ လက်အောက်တွင် ရှိသော အမှတ် (၁၀၀၁) ၊ (၁၀၀၂) ၊ (၁၀၀၃) ဆိုသော BGF ၃ ရင်း သည် တရုတ်- မြန်မာနယ်စပ်တလျှောက်မြို့များဖြစ်သော  ကံပိုက်တည်၊ ပန်ဝါနှင့် ဖီမော်ဒေသတို့တွင် တပ်စွဲ ထားသည်။

 ၂၀၂၃ က တွေ့ရသော ကန်ပိုက်တည် နယ်စပ်ကုန်သွယ်ရေးစခန်း။ (ဓာတ်ပုံ-Myanmar Now)

KIA မှ ခွဲထွက်ကာ ဗမာပြည်ကွန်မြူနစ်ပါတီ(ဗကပ)တပ်မှူးအဖြစ် တာဝန်ယူခဲ့ဖူးသူ ဦးဇခုန်တိန့်ယိန်းက ဗကပ ပြိုကွဲပြီးနောက် ကချင်ဒီမိုကရေစီသစ်တပ်မတော်(NDA-K)အဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့ရာမှ ယခင်စစ်အစိုးရ လက်ထက်တွင် နယ်ခြားစောင့်တပ်(BGF)အဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

ဦးဇခုန်တိန့်ယိန်း ဦးဆောင်သောအဖွဲ့များက နေရာယူထားသော အထူးဒေသ (၁) အတွင်း KIA, PDF များ နယ်မြေအတွင်း ဝင်လာပါက ပြတ်ပြတ်သားသားချေမှုန်းရန် ဇွန်လအတွင်း၎င်းတို့က စာထုတ်ခဲ့သေးသည်။ 

ဇွန်လ ၇ ရက်နေ့ ရက်စွဲတပ် အမိန့်စာတွင် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၊ ပြည်သူ့ကာကွယ်ရေး တပ်မတော် (PDF) တို့ကို တိုက်ခိုက်ကြရန် ပြည်သူ့စစ်များနှင့် နယ်ခြားစောင့်တပ်များဖြစ်သည့် အမှတ် ၁၀၀၁၊ ၁၀၀၂၊ ၁၀၀၃ မှ တပ်ဖွဲ့မှူးများကို ညွှန်ကြားထားခြင်း ဖြစ်သည်။ 

၎င်းတို့စာထုတ်သည့် ဇွန်လ ၁၁ ရက်မှာပင် အထူးဒေသ(၁)တွင် ပါဝင်သည့် ဝိုင်းမော်မြို့နယ်၊ ဆဒုံးမြို့ကို KIA က သိမ်း နိုင်ခဲ့ပြီး တိုက်ပွဲများ ခေတ္တရပ်နားခဲ့ကာ စက်တင်ဘာလတွင် ထိုးစစ်များပြန်စခဲ့သည်။

BGF ၏ ထုတ်ပြန်စာကို  KIA ၏ ဒုဥက္ကဋ္ဌ-၁ ဒုတိယဗိုလ်ချုပ်ကြီးဂွန်မော်က “မထုတ်ပြန်သင့်သော စစ်မိန့်” ဟု စက်တင်ဘာ ၁၀ ရက်နေ့တွင် ၎င်း၏ လူမှုကွန်ရက်စာမျက်နှာကတဆင့် ထုတ်ပြန်ပြောကြားထားသည်။

ထိုအတောအတွင်း ချီဖွေဆော့လော်၊ ပန်ဝါ၊ ဖီမော် စသည့် မြို့များနှင့် ကန်ဖန့်ဒေသတို့ကို KIA က သိမ်းပိုက်နိုင် ခဲ့သည်။

ထို့ပြင် အဆိုပါ ဒေသများလုံခြုံရေး အဓိက တာဝန်ယူထားသည့် နယ်ခြားစောင့်တပ် BGF တပ်ရင်းများဖြစ်သည့် အမှတ် ၁၀၀၁၊ ၁၀၀၂ နှင့် ၁၀၀၃ တို့ကိုလည်း သိမ်းပိုက်ခဲ့သည်။ယခုနှစ် မတ်လမှ စတင်သည့် ကချင်ပြည်နယ်ထိုးစစ်အတွင်း KIA သည် ဆွမ်ပရာဘွမ်၊ အင်ဂျန်းယန်၊ ဆဒုံး၊ ချီဖွေ၊ ဆော့လော်၊ ဖီမော်၊ ပန်ဝါ၊ ဒေါ့ဖုန်းယန်၊ ဆင်ဘို၊ မြို့လှ၊ မိုးမောက်မြို့များနှင့် နယ်စပ် ကုန်သွယ်ရေးမြို့ လွယ်ဂျယ်မြို့တို့ကို သိမ်းပိုက်ထားနိုင်သည်။

အလားတူ ရှမ်းမြောက်မှ မဘိမ်းမြို့နှင့် ကွတ်ခိုင် မြို့နယ် နမ့်ဖတ်ကာရွာကြီးတို့ကိုလည်း သိမ်းထားသည်။

ကန်ပိုက်တည်နယ်စပ်ကုန်သွယ်ရေးစခန်းကို ၂၀၂၃ ခုနှစ်က တွေ့ရစဉ်။ (ဓာတ်ပုံ-Myanmar Now)

Show More

Related Articles

Back to top button