သတင်း

ကလေး – ဂန့်ဂေါလမ်း စခန်းတစ်ခု စစ်ကောင်စီဆုံးရှုံး၊ ပြန်ရရန် ကြိုးပမ်းနေ

ကလေး - ဂန့်ဂေါ လမ်းပေါ်တွင်ရှိသည့် ကမ်းပါးနီတံတားသည် ချင်းပြည်နယ်နှင့် စစ်ကိုင်းနယ်စပ်ရှိ ကူးသန်းရောင်းဝယ်ရေးအတွက် အချက်အချာကျသည့် နေရာဖြစ်သည်။

စစ်ကောင်စီတပ်က ဖေဖော်ဝါရီ ၁၂ ရက်နေ့တွင် လက်လွှတ်ဆုံးရှုံးလိုက်ရသည့် စစ်ကိုင်းတိုင်း၊ ကလေး – ဂန့်ဂေါလမ်းပေါ်မှ ကမ်းပါးနီတံတားစခန်းကို ပြန်လည်ရရှိရန် ကြိုးစားနေသဖြင့် ထိုနေရာတွင် တိုက်ပွဲပြင်းထန်နေကြောင်း ဒေသတွင်း စစ်ရေးသတင်းအရင်းအမြစ်များထံက သိရသည်။

ကမ်းပါးနီတံတားစခန်းသည် ကလေး – ဂန့်ဂေါအကြား အခိုင်မာဆုံးစစ်စခန်းဖြစ်ပြီး စစ်သားနှင့် ပြည်သူ့စစ် စုစုပေါင်း ၇၀ ခန့် တပ်စွဲထားကြောင်း၊  လက်နက်ခဲယမ်းနှင့် လေကြောင်းပစ်ကူများ ပေးခဲ့သော်လည်း ထိုစခန်းကိုလက်လွှတ်ခဲ့ရကြောင်း ဒုဗိုလ်မှူးကြီးဟောင်းနှင့် ကြံ့ခိုင်ရေးအမတ်ဟောင်း ဦးလှဆွေက   Facebook တွင် ယမန်နေ့က ဝန်ခံရေးသားခဲ့သည်။

“…စအတိုက်ခံရ ကတည်းက ခွဲမှုးဗိုလ်မှုး ဆိုတဲ့ကောင်က ပြေးတယ်၊ ပြည်သူ့စစ်တွေက ခံချတယ်၊ တောင်ဘက်က စစ်ကူလိုက်တဲ့ ဗိုလ်ကြီးဆိုတဲ့ကောင်ကလည်း ရွာကိုလာရောင်းတဲ့စျေးသည်ကို အကောက်ကောက်ဘို့ဘဲတတ်တယ်…”  ဟု ထိုစခန်းလက်လွှတ်ခဲ့ရပုံကို ယင်းဒေသရှိပျူစောထီး ပြည်သူ့စစ်များအပေါ် သြဇာညောင်းသည့် ဦးလှဆွေက  ရေးသားခဲ့သည်။

ယင်းစခန်းကို သိမ်းပိုက်ရာတွင် ပါဝင်သော CDF-KKG ဟုခေါ်သည့် ချင်းဒေသကာကွယ်ရေးအဖွဲ့ (ကလေး၊ ကဘော်၊ ဂန့်ဂေါ) ၏ အဆိုအရ စခန်းသိမ်းတိုက်ပွဲသည် နာရီပိုင်းသာကြာခဲ့ပြီး၊ ထိုစခန်းအတွင်းမှ လက်နက်ခဲယမ်းအချို့ကို သိမ်းဆည်းရမိခဲ့သည်ဟု သိရသည်။

“စခန်းကိုလောလောဆယ်တော့ ထိန်းနိုင်ပြီပေါ့။ ဒါပေမယ့် စခန်းပြန်ရဖို့ သူတို့ဘက်က ကြိုးစားလာ တာပေါ့။ နှစ်ဘက်အပြန်အလှန်ထိတွေ့မှုက ၁၂ ရက်နေ့ကနေ ဒီနေ့အထိ ပြင်းထန်နေတယ်” ဟု CDF-KKG ဗဟိုသတင်းနှင့်ပြန်ကြားရေး တာဝန်ရှိသူက ဖေဖော်ဝါရီ ၁၄ ရက်နေ့တွင် ပြောသည်။ 

တိုက်ပွဲအတွင်း ၎င်းတို့ဘက်ကလည်း သေဆုံးသူများရှိကြောင်း CDF-KKG ဘက်က အတည်ပြုသော်လည်း အရေအတွက်ကို ပြောဆိုခြင်းမရှိပါ။

ကမ်းပါးနီကို တော်လှန်ရေးအင်အားစု စတင်ထိုးစစ်ဆင်သည့်နေ့ကတည်းကပင် ကလေး – ဂန့်ဂေါ လမ်းပေါ် ရှိ ကျေးရွာများ အပါအဝင် ကလေးမြို့နယ်တောင်ပိုင်းမှ အရပ်ဘက်ပစ်မှတ်များကို လေတပ်က နေ့စဉ်  တိုက်ခိုက်နေကြောင်း သိရသည်။ 

“ရေတွက်လို့တောင် မရတဲ့အနေအထား ဖြစ်သွားပြီ လေကြောင်းတိုက်ခိုက်မှုက။ ၁၂ ရက်နေ့ကဆိုရင် Y 12 ၂ စီးနဲ့တောင် ပတ်တယ်။ Y 12  လာတယ်။ နှစ်နာရီချတယ်။ နောက်ထပ် ၂ နာရီကြာရင် ပြန်လာ တယ်။ တောက်လျှောက်ပဲ။ ဒီနေ့ထိ မပစ်တဲ့လေကြောင်းမရှိဘူး၊ တောက်လျှောက်ပဲ”ဟု အထက်ပါ တာဝန်ရှိသူကပြောသည်။ 

စစ်ကိုင်းနှင့်ချင်းနယ်စပ်မှ ကမ္ဘာနီတံတား ဟုလည်းခေါ်ကြသည့်  မဏိပူရ်မြစ်ကူးတံတားသည် ဒေသတွင်း ဆက်သွယ်ရေးအတွက် အရေးပါသည်။

ယမန်နှစ်များက ကလေးမြို့သို့ ကုန်စည်စီးဆင်းမှုအတွက် မကွေးတိုင်း ဂန့်ဂေါမြို့နယ်မှ ချင်းတောင် ပေါ်ကို တက်ပြီး ထိုမှတဆင့် ကလေးမြို့သို့ ပြန်လည်ဝင်ရောက်သည့် ဂန့်ဂေါ – ဟားခါး – ကလေး လမ်း ကို အသုံးပြုခဲ့သော်လည်း ချင်းတောင်ပေါ်ရှိ တိုက်ပွဲများကြောင့် ထိုလမ်းကြောင်း ရပ်တန့် သွားသည်။

ထို့ကြောင့် ကလေးမြို့နှင့် ကုန်သွယ်ရန်အတွက် မြောက်ဘက်ရှိ မန္တလေး – မဟာမြိုင် – ကလေးဝ လမ်းကြောင်းက ပိုမိုအရေးပါလာသည်။

ယနေ့ နံနက်ပိုင်း ၁၁ နာရီဝန်းကျင်တွင် လေတပ်က ကလေး – ဂန့်ဂေါ လမ်းပေါ်ရှိ နတ်ချောင်းကျေးရွာ ဆေးရုံကို    ဗုံးသုံးကြိမ်ကြဲချရာ အသက် ၂၀ ဝန်းကျင် အမျိုးသား တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံက သိရသည်။  

သုံးရက်တာအတွင်း သယ်ယူပို့ဆောင်ရေးလေယာဉ်အမျိုးအစား Y 12 က ဗုံးအလုံးရေ ဆယ်နှင့်ချီ ကြဲချတိုက်ခိုက်ခဲ့ကြောင်း၊ ထိခိုက်ဒဏ်ရာရသူအခြေအနေ အသေးစိတ်ကိုမသိရသေးကြောင်း ဒေသခံများက ဆိုသည်။ 

ကလေးမြို့နယ်၊ နတ်ချောင်းရွာ ဆေးရုံ ယနေ့ နံနက်ပိုင်းက လေကြောင်းတိုက်ခိုက်ခံရပြီးနောက် တွေ့ရစဉ်

ကလေးမြို့တောင်ဘက် မိုင် ၃၀ကျော် အကွာ ဆယ်တော်ရွာအနီးတွင်ရှိသည့် ကမ်းပါးနီတံတားကို တော်လှန်ရေးအင်အားစုက  နယ်မြေစိုးမိုးခဲ့သော်လည်း   စစ်တပ်က ၂၀၂၄ တွင် ပြန်လည်ခြေကုပ်ယူထားကြောင်း သိရသည်။ 

ကမ်းပါးနီတံတားအနီးရှိ တံတားပြန်လည်ပြင်ဆင်ရေး ဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် ဘန်ကာ များ အခိုင်အမာတည်ဆောက်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၇၀ နီးပါးဖြင့် အထိုင်ချတပ်စွဲထားကြောင်း ဒေသတွင်း တော်လှန်ရေး အင်အားစုက ပြောသည်။ 

“တံတားဘေးမှာ ဆောက်လုပ်ရေးဆိုက်ရှိတယ်။ တံတားကို ပြန်ပြင်ဖို့အတွက် ကွင်းပြင်ပေါ့။ အဲ့ဒီမှာ ပတ်ချာလည်ကို ရှင်းထားတာ၊ လွယ်လွယ်ကပ်လို့မရအောင်။ ဘန်ကာတွေကလည်း အဲ့ဒီစခန်း ပတ်ပတ်လည်မှာ အခြေချထားတဲ့နေရာမှာကို တော်တော်လေးကို နီးနီး လေးနဲ့လုပ်ထားတာ”ဟု ကလေး ဒေသအခြေစိုက် တော်လှန်ရေး တပ်ဖွဲ့ ဝင်တစ်ဦးကပြောသည်။ 

ကလေး – ဂန့်ဂေါလမ်းမှာ ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်း ဆက်သွယ်ရေးအတွက် အရေးပါသည့် လမ်း ကြောင်းဖြစ်ပြီး တော်လှန်ရေးအင်အားစုက လမ်းပိုင်းတလျှောက် နေရာအများစုကို ထိန်းချုပ်ထား ပြီး ကမ်းပါးနီအပါအဝင် စစ်ကောင်စီက အချို့နေရာတွင် တပ်စွဲထားသည်။ 

စစ်ကိုင်းတိုင်း ကလေးမြို့နှင့် မကွေးတိုင်း ဂန့်ဂေါမြို့နယ်တို့တွင် တော်လှန်ရေးအင်အားစုများ နယ်မြေ စိုးမိုးမှုအားကောင်းသည်။

 ကလေးနှင့်ဂန့်ဂေါကြား မြစ်သာမြစ်ဝန်းကျင်တွင် ပြည်သူ့စစ် (ပျူစောထီး) အားကောင်းသည့် ကျေးရွာ ၁၁ ရွာခန့်ရှိနေသည်။ 

ဖေဖော်ဝါရီလဆန်းက ကုက္ကိုလ်ရွာ စစ်ရှောင်စခန်းကို လေတပ်က ဗုံးကြဲရာ ကိုယ်ဝန် ဆောင် တစ်ဦးအပါအဝင် ၈ ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့သည်။ 

ထို့နောက် ကမ်းပါးနီ စခန်းတိုက်ခိုက်ခံရချိန်တွင် ကလေးမြို့နယ်တောင်ပိုင်းကျေးရွာများကို ဗုးဆက်တိုက်ကြဲသည့်အတွက် ကျေးရွာပေါင်း ၁၀ ရွာထက်မနည်းမှ ဒေသခံများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရသည်။

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားရာနှင့်လေကြောင်းတိုက်ခိုက်ခံရသည့်တည်နေရာပြ မြေပုံ

Show More

Related Articles

Back to top button