သတင်း

မြဝတီတွင် လူကုန်ကူးခံနေရသူများထဲမှ ၂၀၀၀ ကျော် ပြန်လွတ်မည်

တရုတ်ဒုဝန်ကြီးတစ်ဦး နယ်စပ်ရောက်နေချိန်တွင် BGF နယ်ခြားစောင့်တပ်နှင့် DKBA တို့က နယ်စပ်ဒေသတွင် လူကုန်ကူးခံနေရသူ အများအပြား ပြန်လည်လွတ်မြောက်ရေး စီစဉ်နေသည်ဟု ဆိုသည်။

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်အခြေစိုက် တရားမဝင် အွန်လိုင်းလောင်းကစားလုပ်ငန်းများတွင် လူကုန်ကူးခံထားရသူ နိုင်ငံခြားသား ၁,၀၀၀ ကျော်ကို စစ်ကောင်စီမှတစ်ဆင့် ပြန်လည်စေလွှတ်မည် ဖြစ်ကြောင်း ကရင်နယ်ခြားစောင့်တပ် (BGF) ခေါင်းဆောင် ဗိုလ်မှူးကြီးစောချစ်သူက ပြောသည်ဟု The Reporters သတင်းဌာန၏  ယနေ့ (ဖေဖော်ဝါရီ ၁၈)  သတင်းတစ်ပုဒ်တွင် ဖော်ပြထားသည်။ 

မြဝတီမြို့နယ် ရွှေကုက္ကိုနှင့် KK Park  တို့တွင် လူကုန်ကူးခံနေရသူ နိုင်ငံခြားသားများကို ပြန်လွှတ်ရန် ယနေ့ စီစဉ်ဆောင်ရွက်မှုများလုပ်နေသည်၊  BGF  က ၁,၀၂၉ ဦးကို စစ်ကောင်စီထံ ပေးပို့ထားသလို အခြားလူ ၆၀၀ ကျော်ကိုလည်း လွှဲပေးရန် ပြင်ဆင်လျက်ရှိသည်ဟု ဖော်ပြထားသည်။

တစ်ချိန်တည်းမှာပင်  ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော် (DKBA) သည်လည်း  ၃၉၃ ဦးကို ထိုင်းဘက်လွှဲပေးရန် ရှိနေသည်။ 

ထို့ကြောင့် DKBA,BGF မှ ထိုင်းဘက်သို့ ထပ်လွှဲပြောင်းပေးမည့်သူများမှာ လူကုန်ကူးခံထားရသော နိုင်ငံခြားသား၂၀၀၀ ကျော် ဖြစ်သည်။ 

လုပ်ထုံးလုပ်နည်းအရ နိုင်ငံခြားသားများကို  မြန်မာစစ်တပ်နှင့် ရဲတို့က စစ်ဆေးပြီး ထိုင်းအစိုးရ၊  အခြားသက်ဆိုင်ရာနိုင်ငံအစိုးရများနှင့် ညှိနှိုင်းကာ နေရပ်နိုင်ငံသို့ ပြန်လည် ပို့ဆောင်ရန် ဖြစ်သည်ဟု BGF က ဆိုသည်။

ယမန်နေ့ (ဖေဖော်ဝါရီ ၁၇) မွန်းလွဲပိုင်း  မြဝတီမြို့ အောင်ဇဗ္ဗူလင်းဟိုတယ်တွင် BGF ဗိုလ်မှူးကြီး စောချစ်သူက သတင်းစာရှင်းလင်းပွဲ  ပြုလုပ်ခဲ့သည်။

၎င်းတို့နယ်မြေအတွင်း လူမှောင်ခိုနှင့်ကျားဖြန့် အွန်လိုင်းငွေကြေးလိမ်လည်မှုလုပ်ငန်းနှိမ်နှင်းသွားမည် ဖြစ်သလို ဖမ်းမိထားသည့် ကျားဖြန့်လုပ်ငန်းခေါင်းဆောင်ပိုင်းကို သီးသန့် လွှဲပို့သွားမည်ဖြစ်သည်ဟု ၎င်းက ဆိုသည်။ 

ထိုင်းနိုင်ငံတွင် ရောက်နေသော တရုတ်ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန၊ လက်ထောက်ဝန်ကြီး မစ္စတာလျိုကျုံးရီသည် ယမန်နေ့က နယ်စပ်ဖြတ်ကာ မြဝတီမြို့သို့ရောက်ရှိလာပြီး   ကျားဖြန့်လုပ်ငန်းခွင်မှ ပြန်ပို့မည့်သူများကို တွေ့ဆုံသလို BGF ခေါင်းဆောင်တချို့ နှင့်လည်း တွေ့ဆုံခဲ့သည်။ 

BGF က ပြန်ပို့ရန် ထိန်းသိမ်းထားသူများကို တရုတ်၊ ထိုင်းဘက်မှ ယမန်နေ့က သွားရောက် ကြည့်ရှုစဉ်။ (ဓာတ်ပုံ-တာ့ခ်ခရိုင်လူဝင်မှုကြီးကြပ်ရေးဌာန)

အလားတူ ဖေဖော်ဝါရီ ၁၅ ရက်နေ့တွင်လည်း ကရင်ပြည်နယ် မြ၀တီဒေသရှိ ကျားဖြန့်လုပ်ငန်းများ အရေး ထိုင်း-မြန်မာ နယ်ခြားကော်မတီ (Township Border Committee- Thailand–Myanmar – TBC ) အစည်းအဝေး ကျင်းပခဲ့ပြီး တစ်ရက်လျှင် လူကုန်ကူးခံရသူ ၅၀၀ အထိ လွှဲပြောင်းပေးနိုင်ရန် သဘောတူညီထားသည်။ 

ယင်းမတိုင်မီ ဖေဖော်ဝါရီ ၁၄ ရက်နေ့တွင် မြဝတီမြို့နယ်၊ ရွှေကုက္ကို မြို့ထဲရှိ နေရာတချို့ကို BGF က ဝင်ရောက်စီးနင်း၍ လူကုန်ကူးခံရသူများ ရှိမရှိ စစ်ဆေးခဲ့သည်ဟူသော သတင်း ထွက်ပေါ်လာပြီးနောက် ပြန်လွှဲ ပြောင်းပေးရန် စီစဉ်မှုများ  ဖြစ်ပေါ်လာသည်။

DKBA က မြဝတီမြို့နယ်အတွင်း ၎င်းတို့ ထိန်းချုပ်နယ်မြေ  ကျောက်ခက်ဒေသရှိ အွန်လိုင်းငွေလိမ်ဂိုဏ်းများတွင် လူကုန်ကူးခံရသူ နိုင်ငံခြားသား ၂၆၀ ဦးကို ဖေဖော် ဝါရီ ၁၂ ရက်တွင် ထိုင်းအစိုးရထံ ပြန်လွှဲပေးခဲ့သလို ဖေဖော်ဝါရီ ၆ ရက်တွင် BGF ကလည်း ရွှေကုက္ကိုတွင် လူကုန်ကူးခံနေရသူ ၆၁ ဦးကို လွှဲပြောင်းပေးခဲ့သည်။

ထို့ကြောင့် ကရင်နှစ်တပ်ပေါင်းအနေဖြင့် ၃၂၁ ဦးကို ထိုင်းအာဏာပိုင်များထံ ကနဦး လွှဲပြောင်းပေး ထားပြီး ဖြစ်သည်။

စစ်ကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ၎င်းတို့ကလည်း ကျားဖြန့်လုပ်ငန်းကို နှိမ်နင်းနေကြောင်း ဖေဖော်ဝါရီ ၈ ရက်နေ့က ပြောထားသည်။ 

“တရားမဝင် အွန်လိုင်း လောင်းကစား ငွေကြေးလိမ်လည်မှု ကျားဖြန့် ဒုစရိုက်လုပ်ငန်းများကို နိုင်ငံတကာနဲ့ပူးပေါင်းပြီး ကျယ်ကျယ်ပြန့်ပြန့် နှိမ်နင်းဆောင်ရွက်လျက် ရှိပါတယ်” ဟု သူက ဆိုသည်။

ရွှေကုက္ကိုနှင့် KK Park နယ်မြေအတွင်း အွန်လိုင်းလိမ်လည်မှု ကျူးလွန်ရန်  လူကုန်ကူးခံရသည့်  ၆၁ ဦး ကို ဖော်ထုတ်ရရှိကာ ထိုင်းဘက်သို့ လွှဲပြောင်းပေးခဲ့ကြောင်း ပြောထားသည်။  ၎င်းဆိုလိုသည့် ၆၁ ဦး မှာ BGF မှတဆင့်လွှဲပြောင်းပေးခဲ့သူများဖြစ်သည်။ 

ထိုသူများမှာ တရုတ် ၃၉ ဦး၊ ကာဇက်စတန် ၁ ဦး၊ အင်ဒိုနီးရှား ၅ ဦး၊ အီသီယိုပီးယား ၁ ဦး၊ ပါကစ္စတန် ၁ ဦး၊ မလေးရှား ၁ ဦး၊ အိန္ဒိယ ၁၃ ဦး တို့ဖြစ်သည်။ 

မြန်မာနိုင်ငံတွင်းမှ ကျားဖြန့်ဂိုဏ်းများ တိုက်ဖျက်နိုင်ရေး တရုတ်ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန၊ လက်ထောက်ဝန်ကြီးဖြစ်သူ မစ္စတာလျိုကျုံးရီက ဖေဖော်ဝါရီ ၁၅ ရက်နေ့တွင် နေပြည်တော်သို့ ရောက်သွားကာ စစ်ကောင်စီပြည်ထဲရေးဝန်ကြီး  ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်နှင့် တွေ့ဆုံ ဆွေးနွေးခဲ့သေးသည်။ 

ထိုင်းဘက်ကလည်း နယ်စပ်ဒေသ ကျားဖြန့်လုပ်ငန်းများကို  ဖိအားပေးသည့်အနေဖြင့် ကရင်ပြည်နယ် မြဝတီနှင့်ဘုရားသုံးဆူ၊ ရှမ်းအရှေ့ တာချီလိတ်မြို့တို့ကို လျှပ်စစ်၊ လောင်စာနှင့် ကုန်စည်များစီးဆင်းမှု ဖြတ်တောက်ထားသည်။ 

BGF  ခေါင်းဆောင်များဖြစ်သော  ဗိုလ်မှူးကြီး စောချစ်သူ၊ ဗိုလ်မှူးကြီး စောမုတ်သုန်နှင့် ဗိုလ်မှူးစောတင်ဝင်းတို့ကို ထိုင်းဘက်က ဖမ်းဝရမ်းထုတ် မည်ဟူသော သတင်း  ဖေဖော်ဝါရီ ၁၁ ရက် က သတင်းများထွက်လာသေးသည်။

လူကုန်ကူးမှု၊ ညှဉ်းပန်းနှိပ်စက်မှုများ၊ အတင်းအဓမ္မ ငွေလိမ်ရန် ခိုင်းမှုများဖြင့် မြ၀တီမြို့မြောက်ဘက် ရွှေကုက္ကိုမြို့သစ်နှင့် KK Park တို့ နာမည်ကြီးနေသော်လည်း  BGF ခေါင်းဆောင်များကမူ ထိုလုပ်ငန်းများတွင် ၎င်းတို့ပါဝင်ပတ်သက်ခြင်းမရှိကြောင်း အစဉ်တစိုက် ငြင်းဆန်ထားကြသည်။

လက်ရှိတွင် ထိုင်းဘက်ခြမ်းသို့ ဖေဖော်ဝါရီ ၁၂ ရက်က DKBA က ပြန်ပေးပို့ခဲ့သည့် လူကုန်ကူးခံရသူ ၂၆၀ ဦးကို သံရုံးများနှင့်ချိတ်ဆက်ကာ ပြန်ပို့နိုင်ရေး ထိုင်းဘက်က စီစဉ်နေပြီး ၎င်းတို့အနက်မှ ၂၅၈ ဦးကို ယနေ့ စိစစ်ဆောင်ရွက်နေကြောင်း The Reporters သတင်းဌာနတွင် ဖော်ပြထားသည်။ 

KK Park အဆောက်အဦတချို့ကို ဖေဖော်ဝါရီ ၁၅ ရက်က ထိုင်းဘက်ခြမ်းမှ လှမ်းတွေ့ရစဉ်။  (ဓာတ်ပုံ- Myanmar Now)

Show More

Related Articles

Back to top button