တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ ညောင်ပင်ကွင်းရွာတွင် ယမန်နေ့ (ဖေဖော်ဝါရီ ၁၇)က စစ်ကောင်စီ တပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်များ တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်ဘက်မှ သေဆုံးထိခိုက်မှုများ ရှိလာပြီးနောက် မွန်းတည့်ချိန်မှစတင်ကာ လေကြောင်းမှ ၂ကြိမ် ဗုံးကြဲခဲ့၍ နေအိမ် ၂၀ ကျော်မီးလောင် ပျက်စီးခဲ့သည်။
တနင်္သာရီမြို့အရှေ့ဘက် ၇ မိုင်အကွာ တနင်္သာရီ-မောတောင်ကားလမ်းဘေး ညောင်ပင်ကွင်းရွာအနီး ယမန်နေ့ တွင် တိုက်ပွဲဖြစ်ပြီး စစ််ကောင်စီတပ်သား ၇ ဦး သေဆုံးခဲ့ရာ အထိနာသွားသည့် စစ်တပ်သည် လေကြောင်းမှ ဗုံးကြဲခြင်း ဖြစ်သည်ဟု တနင်္သာရီတိုင်း၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ တိုင်းစစ်ဌာန စစ်ဆင်ရေးတာဝန်ခံ ရဲဘော်စတားက ပြောသည်။
ညောင်ပင်ကွင်းရွာကို လေကြောင်းမှ တိုက်ခိုက်ခဲ့စဉ် အိမ်ခြေ ၂၃ လုံး မီးလောင်ကျွမ်းခဲ့သည်၊ ယင်း မတိုင်မီ ဖေဖော်ဝါရီ ၁၆ ရက်က ဒရုန်းဖြင့် တိုက်ခိုက်မှုကြောင့် နေအိမ် ၂ လုံး မီးလောင်ထားသည်ဟု ဒေသခံများနှင့် ဒေသအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့များထံက သိရသည်။
“မနေ့က (ဖေဖော်ဝါရီ ၁၇) ညောင်ပင်ကွင်းရွာထဲမှာ ပစ်ခတ်မှုဖြစ်တယ်။ တော်လှန်ရေးတပ်ဖွဲ့တွေ ဘက်ကလည်း ဒရုန်းနဲ့ ချတဲ့ဟာတွေရှိတယ်။ သူတို့(စစ်ကောင်စီတပ်)က ဘယ်လိုမှ မခံနိုင်တဲ့အခါကြ တော့ လေကြောင်း ပစ်ကူတောင်းပြီးတော့ လေယာဉ်နဲ့ ဗုံးကြဲတာပေါ့” ဟုရဲဘော်စတားက ဆိုသည်။
ရင်ဆိုင်တိုက်ပွဲဖြစ်ခဲ့သည့် စစ်ကောင်စီတပ်မှာ ပြီးခဲ့သည့်တစ်ပတ်ခန့်ကတည်းက ထိုင်း-မြန်မာနယ်စပ် မောတောင်မြို့ကို ထိန်းချုပ်ရန် စစ်ကြောင်းထိုးလာသည့်တပ်ဖွဲ့ ဖြစ်ပြီး ၎င်းတို့ကို နယ်မြေအခြေစိုက် တော်လှန်ရေးပူးပေါင်းအဖွဲ့များက တိုက်ခိုက်နေခြင်းဖြစ်သည်။
“အဲဒီအဖွဲ့က မောတောင်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကြောင်းထဲကပဲ။ ပထမတော့ သိန်ခွန်းရွာဘက် ကို တပ်ရင်း ၅ ရင်းပေါင်းပြီးတော့ စစ်ကြောင်းထိုးတယ်။ သိန်ခွန်းရွာမှာ လုံးဝ ရှေ့တိုးလို့ မရတဲ့အခါ ၅၆၁ ဘက်ကနေ ခွဲပြီးတော့ အဲဒီက အင်အားနဲ့ ထပ်ပေါင်းတယ်” ဟု ၎င်းက ပြော သည်။
တိုက်ပွဲဖြစ်ပွားသည့် ညောင်ပင်ကွင်းရွာမှာ တနင်္သာရီမြို့နှင့် ၇ မိုင်အကွာတွင်တည်ရှိပြီး ထိုမြို့ အခြေ စိုက် ခြေမြန်တပ်ရင်း (ခမရ) ၅၆၁ အနီး တည်ရှိသည်။

မွန်းတည့် ၁၂ နာရီခန့်တွင် တိုက်ခိုက်ရေးလေယာဉ်က ဗုံးချခဲ့ပြီး မိနစ်ပိုင်းအကြာတွင် ရဟတ်ယာဉ် ထပ်ရောက်လာကာ ဗုံးကြဲ၊ ပစ်ခတ်ခဲ့သည်၊ ထို့နောက် ညနေ ၄ နာရီခွဲခန့်တွင် လေယာဉ် ၂ စီး ထပ် ရောက်လာကာ ဗုံးကြဲပစ်ခတ်ခဲ့သည်ဟု တနင်္သာရီမြို့နယ်အခြေစိုက် မြိတ်ခရိုင်၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) အမှတ် (၃) တပ်ရင်း တပ်ဖွဲ့ဝင်တစ်ဦးကလည်း ပြောသည်။
“ဂျက်ဖိုက်တာနဲ့ ရဟတ်ယာဉ်က ရှေ့ဆင့်နောက်ဆင့်သိပ်မကွာဘူး။ သူက တွဲပြီးလာတယ်။ ဖိုက်တာ လာတယ်၊ ရဟတ်ယာဉ်လာတယ်။ တွဲပြီး လာတယ်။ ရဟတ်ယာဉ်က ဗုံးသီးတွေချတာပေါ့။ ဂျက် လေယာဉ်က ပေါင် ၂၅၀ ဗုံးသီးနဲ့ပစ်တယ်”
ညောင်ပင်ကွင်းရွာတွင် နေအိမ် ၂၃လုံး၊ စာကြည့်တိုက် ၁ လုံး၊ ဘိလိယက်ခုံ အပါအဝင် ရာဘာခြံနှင့် ကွမ်းသီးခြံများလည်း မီးလောင်ကျွမ်းခဲ့သည်ဟု ဒေသခံများထံက သိရသည်။
ဖေဖော်ဝါရီ ၁၆ ရက်ကတည်းက ညောင်ပင်ကွင်းရွာတွင် တိုက်ပွဲစတင်ခဲ့ပြီး စစ်ကောင်စီဘက်က ၇ ဦး ထက်မနည်း သေဆုံးခဲ့ကာ ထိုသူများ၏အလောင်းများ ပြန်သယ်သွားသည်ဟု တနင်္သာရီမြို့နယ် အခြေစိုက် PDF တပ်ဖွဲ့ဝင် နောက်တစ်ဦးက ဆိုသည်။
“မောတောင်ဘက်ကို သိမ်းမဲ့အနေအထားမှာ တော်လှန်ရေးအင်အားစုတွေက ကြားကနေပြီးတော့ တက်ခွင့် မပေးတဲ့ဟာပေါ့။ အခုဖြစ်နေတဲ့ အဓိကပွဲကတော့ မောတောင်ကို (စစ်ကောင်စီက) ခြေကုပ် ယူမဲ့ပွဲဖြစ်တယ်” ဟု ၎င်းက ပြောသည်။
တော်လှန်ရေးတပ်ဖွဲများက အဓိကကုန်သွယ်ရေးလမ်းမဖြစ်သည့် အမှတ် (၈) ပြည်ထောင်စုလမ်းမကို စိုးမိုးထားရာ ထိုင်း-မြန်မာနယ်စပ် မောတောင်မြို့ကို ခြေကုပ်ယူလိုသည့် စစ်ကောင်စီတပ်သည် ညောင်ပင်ကွင်းရွာမှတဆင့် ထိုးဖောက်ရန် ကြိုးပမ်းနေခြင်းဖြစ်သည်။
ထို့ကြောင့် အမှတ် (၈) ကုန်သွယ်ရေးလမ်းမ စတင်ရာ မောတောင်မြို့မရောက်မီ တနင်္သာရီ- မောတောင် လမ်းတစ်လျှောက် ကျေးရွာများတွင် တိုက်ပွဲများဖြစ်လာပြီး သိန်ခွန်း၊ ညောင်ပင်ကွင်းရွာအပါအဝင် ရွာတချို့လည်း မီးရှို့ခံရကာ နေအိမ်ပျက်စီးမှုများ ရှိနေသည်။
ဖေဖော်ဝါရီ ၁၅ ရက်ကလည်း ညောင်ပင်ကွင်းရွာတောင်ဘက် မိုင် ၂၀ ကျော်အကွာ သိန်ခွန်းရွာကို လည်း လေကြောင်းတိုက်ခိုက်မှု ၃ ကြိမ် ပြုလုပ်ခဲ့ပြီး နေအိမ်တချို့ မီးလောင်ကာ အရေအတွက် အတိ အကျမသိရသေးပေ။
မောတောင်ဒေသ တိုက်ပွဲများ
မောတောင်မြို့အနီးတိုက်ပွဲများသည် ပြီးခဲ့သည့် ၂၀၂၄ ခု၊ ဒီဇင်ဘာလ တတိယအပတ်မှစတင်ခဲ့ပြီး ယခုချိန်အထိ ရှိနေကာ စစ်ကောင်စီတပ်ဘက်မှ ထိခိုက်ကျဆုံးမှုများ ရှိသလို တော်လှန်ရေးတပ်များ ဘက်မှလည်း ၇ ဦးထက်မနည်း ကျဆုံးပြီး ၁၀ ဦးနှင့်အထက် ထိခိုက်မှုများရှိသည်ဟု တနင်္သာရီ ပကဖ အဖွဲ့ကလည်း ထုတ်ပြန်ထားသည်။
ယမန်နှစ်ကုန်ပိုင်းမှ စတင်သော စစ်ကောင်စီတပ်၏ တပ်စွဲမှု၊ ရွာမီးရှို့မှု ၊ လေကြောင်းတိုက်ခိုက်မှုများ ကြောင့် တနင်္သာရီ-မောတောင်ကားလမ်းဘေးကျေးရွာများမှ အနည်းဆုံး ၁၃ ရွာခန့် ထွက်ပြေးတိမ်း ရှောင်နေရသည်ဟု သိရသည်။
ထုံခါ၊ ကော့ယွန်း၊ သိန်ခွန်း၊ ချောင်းနှစ်ပေါက်၊ သဲဖြူ၊ ညောင်ပင်ကွင်း၊ ထုံမခါ၊ ထုံတော်၊ သိန်ခွန်း၊ ငါးမိုင် ၊ ခြောက်မိုင်၊ ကွင်းသစ်၊ ဗောဓိကမ်းကျေးရွာတို့ ဖြစ်ကြသည်။
တနင်္သာရီတိုင်းအတွင်းအမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံတပ်များ၊ ကရင်အမျိုး သားအစည်းအရုံး (KNU) တပ်မဟာ ၄ လက်အောက်ခံတပ်ရင်းများနှင့် ကော်သူးလေတပ် (KTLA) တို့ အခြေစိုက်လှုပ်ရှားသည်။
NUG ၏ တိုင်းစစ်ဌာန – တနင်္သာရီ၊ ဗျူဟာ (၃၅) ကလည်း ၎င်းတို့ လှုပ်ရှားသည့် နယ်မြေအတွင်း စစ်ကောင်စီ၏ အုပ်ချုပ်ရေးပစ်မှတ်၊ စစ်ရေးပစ်မှတ်များကို အရှိန်မြှင့်တိုက်သွားမည်ဟု ၂၀၂၄ ခုနှစ် နိုဝင်ဘာ ၁၁ ရက်တွင် ဒုတိယအကြိမ် ကြေညာချက်ထုတ်ထားသည်။
စစ်ကောင်စီဘက်မှ စစ်ဦးစီး တက္ကသိုလ်ကျောင်းအုပ် ဗိုလ်ချုပ်ကျော်ကျော်ဟန်ကို ကမ်းရိုးတန်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ရာထူးသို့ ခန့်အပ် ပြီးနောက် ၂၀၂၄ နှစ်ကုန်ပိုင်းက စတင်ပြီး တနင်္သာရီတိုင်းတွင် စစ်ကောင်စီတပ်နှင့် မဟာမိတ်တော်လှန်ရေးတပ်ဖွဲ့များအကြား တိုက်ပွဲများ ပိုမိုပြင်းထန်လာခဲ့သည်။
တနင်္သာရီတိုင်းတွင် ပြီးခဲ့သည့် ဇန်နဝါရီလအတွင်း တိုက်ပွဲ ၅၁ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ပြီး မိုင်းဆွဲ တိုက်ခိုက်မှု ၇ ကြိမ်၊ လေကြောင်းတိုက်ခိုက်မှု ၂၇ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ပြီး စစ်ဘေးရှောင်သူ ၇၇,၂၀၀ ဦးအထိ ရှိနေသည်ဟု တနင်္သာရီတိုင်းတိုက်ပွဲအခြေအနေများ မှတ်တမ်းတင်နေသည့် FE5 Tanintharyi က ယနေ့ (ဖေဖော်ဝါရီ ၁၈) က ထုတ်ပြန်ထားသည်။



