နိုင်ငံတကာသတင်းသတင်း

အမေရိကန် အခွန်တိုးမြှင့်ခြင်းကြောင့် မြန်မာ့အထည်ချုပ်လုပ်ငန်း ပိုမိုထိခိုက်မည်

အထိနာနေသော မြန်မာ့အထည်ချုပ်လုပ်ငန်းသည် အမေရိကန်ကြောင့် ပိုမိုဆိုးရွားလာပြီး ဤအပြောင်းအလဲသည် အလုပ်သမားများအပေါ်လည်း သက်ရောက်မှု ကြီးမားလာဖွယ်ရှိသည်။

အမေရိကန်က အခွန်တိုးမြှင့်ကောက်ခံမည့် နိုင်ငံများတွင် မြန်မာနိုင်ငံလည်း ပါဝင်ရာ မြန်မာပို့ကုန်ကဏ္ဍနှင့် အထည်ချုပ်လုပ်ငန်းများ ထိခိုက်လိမ့်မည်ဟု စီးပွားရေးပညာရှင် ပါမောက္ခ ရှောင်တာနယ်က Myanmar Now သို့ ပြောသည်။ 

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ကမ္ဘာ့နိုင်ငံအသီးသီးအပေါ်သို့ ကောက်ခံမည့် အခွန်နှုန်ထားများကို တိုးမြှင့်လိုက်ရာ မြန်မာ့ပို့ကုန်များကိုလည်း အခွန် ၄၄ ရာခိုင်နှုန်း စည်းကြပ်မည်ဟု ဧပြီလ ၂ ရက်နေ့တွင် ကြေညာခဲ့သည်။

ထိုစည်းကြပ်မှုကြောင့် အထည်ချုပ်ကဏ္ဍအပေါ် အထူးသက်ရောက်မှုများနိုင်သည်ဟု ပါမောက္ခ ရှောင်တာနယ်က ပြောသည်။ သို့သော်လည်း စစ်မှန်သော စီးပွားရေးမူဝါဒမရှိသည့် စစ်ကောင်စီလက်အောက်ရှိ ထိခိုက်ကျဆင်းပြီးသား အခြားမြန်မာ့စီးပွားကဏ္ဍများကိုမူ သက်ရောက်မှုအားနည်းနိုင်သည်ဟု သူက ဆိုသည်။

စစ်ကောင်စီက မြန်မာ့စီးပွားရေးကို ဆိုးရွားစွာ ထိခိုက်စေခဲ့ပြီး ငလျင်ဘေး မဖြစ်မီကပင် မြန်မာနိုင်ငံ၏ GDP သည် အာဏာသိမ်းမှုမတိုင်မီက ရှိခဲ့သော GDP၏ ထက်ဝက်မျှသာ ရှိတော့သည်ဟု သူက ထောက်ပြသည်။ 

“ပုံမှန်အခြေအနေမှာ အမေရိကန်က အခွန် ၄၄ ရာခိုင်နှုန်း စည်းကြပ်ခြင်းက မြန်မာနိုင်ငံအတွက် အလွန်ထိခိုက်စေပါတယ်။ ဒါပေမယ့် လက်ရှိအခြေအနေမှာ သက်ရောက်မှုက အရမ်းနည်းမယ်လို့ ထင်တယ်” ဟု ရှောင်တာနယ်က ပြောသည်။

မြန်မာအပါ နိုင်ငံပေါင်း ၁၈၀ ကျော်အပေါ်  တိုးမြှင့်လိုက်သော အခွန်နှုန်းထားအသစ်များသည် ဆယ်စုနှစ်များစွာအတွင်း အမေရိကန်ပြည်ထောင်စု၏ နိုင်ငံအများအပြားအပေါ်  စံချိန်တင်အခွန်တိုးမြှင့် ကောက်ခံမှု ဖြစ်လာသည်။  

အမေရိကန်နှင့် ကုန်သွယ်ရေးတွင် မျှတမှုရှိရေး၊ အလွန်အကျွံ အမြတ်မထုတ်နိုင်ရေးအတွက်  လုပ်ဆောင်ခြင်း ဖြစ်ကြောင်း အိမ်ဖြူတော်သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

ရန်ကုန်၊ ရွှေပြည်သာစက်မှုဇုန်ရှိ အထည်ချုပ်စက်ရုံတစ်ရုံမှ အလုပ်သမားတစ်ဦးကို တွေ့ရစဉ်။ (ဓာတ်ပုံ − EPA)

ပဋိပက္ခများ ပိုမိုကျယ်ပြန့်လာမှု၊ သဘာ၀ဘေးအန္တရာယ်များ ကျရောက်မှု၊ အခြေခံကုန်စည်ရှားပါး မှုတို့ကြောင့် ကြီးမားသည့်သက်ရောက်မှုများ ကြုံတွေ့နေရသော မြန်မာ့စီးပွားရေးသည် လာမည့် ၂၀၂၅ ခုနှစ် မတ်လ၌ အနုတ် ၁ ရာခိုင်နှုန်းအထိ ထပ်မံကျဆင်းမည်ဟု ကမ္ဘာ့ဘဏ်၏ ဒီဇင်ဘာ ၁၁ ရက်ထုတ် မြန်မာ့စီးပွားရေးစောင့်ကြည့်အစီအရင်ခံစာက ဆိုထားသည်။  

ထိုအစီအရင်ခံစာသည် မန္တလေး၊ စစ်ကိုင်း နှင့် နေပြည်တော်တို့ အပါအဝင် ဒေသ ၆ ခုတွင်  မတ်လ ၂၈ ရက်နေ့က လူပေါင်း ထောင်နှင့်ချီသေဆုံးပြီး ထိခိုက်ပျက်စီးမှု အများအပြားဖြစ်ခဲ့သော မန္တလေး ငလျင်ဘေးကြောင့် စီးပွားရေးအပေါ် သက်ရောက်နိုင်မှုအခြေအနေများကို ထည့်သွင်း မတွက်ချက် ရသေးပေ။ 

ကုန်ကြမ်းပြတ်လပ်မှု၊ လျှပ်စစ်ဓာတ်အားပြတ်တောက်မှု ဆက်လက်ဖြစ်ပေါ်နေပြီး ပြည်တွင်းဝယ်လိုအား ကျဆင်းမှုကြောင့် စိုက်ပျိုးရေး၊ ကုန်စည်ထုတ်လုပ်ရေး နှင့် ဝန်ဆောင်မှု ကဏ္ဍအသီးသီးတို့ တိုးတက်မှုမရှိဘဲ ဆက်လက်ကျဆင်းနေသည်ဟု ကမ္ဘာ့ဘဏ်က ဆိုသည်။ 

ထို့သို့သော မြန်မာ့စီးပွားရေး အကျပ်အတည်း၊ အခက်အခဲများကြားတွင် ထိခိုက်အလွယ်ဆုံး အခြေခံလူ တန်းစား အိမ်ထောင်စုများသည် ကုန်စျေးနှုန်းမြင့်တက်မှု၊ အလုပ်အကိုင်ရှားပါးခြင်း ဒဏ်တို့ကို ခါးစည်းခံနေရပြီး မြန်မာ့မက်ခရိုစီးပွားရေး မတည်မငြိမ်ဖြစ်မှုကို ဆက်လက်ဖြစ်စေမည်ဟု ကမ္ဘာ့ဘဏ်က ဆိုထားသည်။

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော စစ်ကောင်စီသည် နိုင်ငံစီးပွားရေး ဖွံ့ဖြိုးတိုးတက်စေနိုင်သော  တိကျပြီး တည်ငြိမ်စီးပွားရေးမူဝါဒမရှိပေ။ ထို့အပြင် ပို့ကုန်သမားများ ရရှိလာသည့် နိုင်ငံခြားငွေ ဖြတ်တောက်ခြင်း၊ သွင်းကုန်ပို့ကုန်လုပ်ငန်းလိုင်စင်များ ကန့်သတ်တင်းကျပ်ခြင်း စသည့် စီးပွားရေး နှေးကွေးစေသော ညွှန်ကြားချက်များကို ချမှတ်ထားသည်။ 

နိုင်ငံအနှံ့ စစ်မျက်နှာဖွင့်ထားရပြီး စစ်သားလိုအပ်ချက်မြင့်မားနေသော စစ်ကောင်စီ စစ်သားသစ် အသည်းအသန် စုဆောင်းနေရာ  ပြည်တွင်း စက်မှုကုန်ထုတ်လုပ်ငန်းများနှင့် အခြားကဏ္ဍများမှ အလုပ်သမား အများအပြား လုပ်ငန်းခွင်မှ ပျောက်ကွယ်နေသည်။ 

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း  ပြည်တွင်းစီးပွားရေးလုပ်ငန်းများ လျှပ်စစ်ဓာတ်အား မရရှိခြင်း၊ သွင်းကုန်များ စျေးနှုန်းမြင့်တက်ခြင်း နှင့် ကန့်သတ်ခံထားရခြင်း၊ စီးပွားရေးနှင့် ဝယ်လိုအား ကျဆင်းမှုဒဏ်များကြား ရုန်းကန်နေကြရသည်။  စစ်သားသစ်စုဆောင်းမှုကြောင့် လုပ်သားရှားပါးလာမှုကိုလည်း ရင်ဆိုင်နေကြရသည်။  

အမေရိကန်သည် မြန်မာ့ပို့ကုန်များ၏ အဓိက ပြည်ပစျေးကွက်တစ်ခုမဟုတ်သည့်အတွက် အကျိုးသက် ရောက်မှုနည်းနိုင်သည်ဟု စင်ကာပူနိုင်ငံအခြေစိုက် Yusof Ishak Institute နှင့် Catalyst Economics မှ မြန်မာ့စီးပွားရေးစောင့်ကြည့်လေ့လာသူ ဒေါက်တာ ဂျေးဗစ်ဆင်ဂျာ (Jared Bissinger) က Myanmar Now သို့ ပြောသည်။ 

မြန်မာက အဝတ်အထည်၊ ဖိနပ်၊ အိပ်ရာ နှင့် ပရိဘောဂ အစရှိသည့် ကုန်ပစ္စည်းများကို အမေရိကန်သို့ တင်ပို့လျက်ရှိပြီး အမေရိကန်သည် မြန်မာနိုင်ငံအတွက် သတ္တမမြောက် စျေးကွက်ဖြစ်ပြီး ပို့ကုန်အားလုံး၏ ၄ ရာခိုင်နှုန်းခန့်သာရှိသည်ဟု သူက ဆိုသည်။  

၂၀၂၃-၂၄ ဘဏ္ဍာနှစ်တွင် အမေရိကန်သို့ တင်ပို့မှုသည် ဒေါ်လာ သန်း ၅၄၀ ကျော်ရှိပြီး ၂၀၂၄-၂၅ (၂၀၂၄ ဧပြီ ၁ မှ ၂၀၂၅ မတ် ၁၂) ဘဏ္ဍာနှစ်တွင်မူ ၄၆၅ သန်းရှိသည်ဟု စစ်ကောင်စီ ထုတ်ပြန်သည့် စာရင်းများအရ သိရသည်။

“သက်ရောက်မှုနဲ့ ပတ်သက်ပြီးတော့ ပြောဖို့ အရမ်းစောလွန်းနေတယ်လို့ ထင်ပါတယ်။ ဒါပေမယ့် မြန်မာအပေါ် အနုတ်လက္ခဏာသဘောဆောင်တဲ့ အကျိုးသက်ရောက်မှုတွေ ရှိနိုင်ပေမယ့် ဒီလောက်ကြီးတော့ မဟုတ်ပါဘူး” ဟု  သူက ပြောသည်။ 

အမေရိကန်၏ အခွန်နှုန်းထားသစ်ကြောင့် မြန်မာကဲ့သို့ နိုင်ငံများသည် ဥရောပ နှင့် အာရှ ကုန်သွယ်မှုများကို ပိုမိုအလေးထားဆောင်ရွက်လာနိုင်သည်၊  လက်တင်အမေရိကနိုင်ငံများကမူ အမေရိကန်နှင့် ကုန်သွယ်မှုကို ပိုပြီး အာရုံစိုက်မည်၊ ထိုကြောင့် မဝေးတော့သည်ကာလတွင် ပြည်ပအမှာစာများ လျော့ကျလာနိုင်ခြင်းကြောင့် မြန်မာမှ အလုပ်သမားအပေါ် သက်ရောက်နိုင်သည်ဟု သူက မှတ်ချက်ပြုသည်။ 

၂၀၂၀ ပြည့်နှစ်၊ နှစ်ကုန်ပိုင်းတွင် လှိုင်သာယာစက်မှုဇုန်ရှိ အလုပ်သမားတချို့ အလုပ်ဆင်းလာသည်ကို တွေ့ရစဉ်။ (ဓာတ်ပုံ- Myanmar Now)

မြန်မာ့ပို့ကုန် အထည်ချုပ်ကဏ္ဍ အတွက် သက်ရောက်မှုရှိမည်ဖြစ်သော်လည်း ဒေသတွင်း စီးပွားပြိုင်ဘက် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ( ၃၇ ရာခိုင်နှုန်း) မှ လွဲ၍ ကမ္ဘောဒီးယား နှင့် ဗီယက်နမ်တို့သည်လည်း အခွန်နှုန်းထားအသစ်အဖြစ် ၄၉ ရာခိုင်နှုန်း နှင့် ၄၆ ရာခိုင်နှုန်းအထိ တိုးမြှင့်ခံရခြင်းကြောင့် မြန်မာ့အထည်ချုပ်တင်ပို့မှုသည် ပြိုင်ဆိုင်မှု ပိုများလာနိုင်သည်ဟု စီးပွားရေးပညာရှင်များက သုံးသပ်ကြသည်။ 

မြန်မာ့အထည်ချုပ်ကဏ္ဍ၏ နှစ်စဉ်တင်ပို့မှုသည်  ဒေါ်လာ ၅ ဘီလီယံခန့်ရှိပြီး ဂျပန်၊ ပိုလန်၊ စပိန်၊ ဂျာမနီ၊ တောင်ကိုရီးယား၊ ယူကေ နှင့် အမေရိကန် အပါအ၀င် နိုင်ငံအများအပြားကို လက်ခစား စနစ်(CMP)ဖြင့် အများအပြားတင်ပို့လျက်ရှိသည်။ 

မြန်မာနိုင်ငံတွင် အမေရိကန်သို့ ချုပ်ထည်တင်ပို့သောစက်ရုံ အနည်းငယ်သာရှိပြီး ထိုလုပ်ငန်းရှင် တချို့သာ ထိခိုက်နိုင်သည်ဟုလည်း တချို့က  သုံးသပ်သည်။ ယခုနှစ်များတွင်လည်း အမေရိကန်နိုင်ငံဘက်မှ ဝယ်ယူမှုအမှာစာများ လျော့ကျနေသည်ဟု မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်းချုပ်မှ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ ဝင်  ဦးထွန်းထွန်းက ပြောသည်။ 

“စိန်ခေါ်မှုတွေကတော့ အထည်ချုပ်ကဏ္ဍရယ်မှ မဟုတ်ဘူး၊ ကဏ္ဍပေါင်းစုံမှာ ရှိနေတာဆိုတော့ ရှင်သန်နိုင်အောင်တော့ ကြိုးစားနေရတာပေါ့” ဟု  ဦးထွန်းထွန်းက ဆိုသည်။ 

Show More

Related Articles

Back to top button