ဆောင်းပါး

မြေငလျင်သင့် စစ်ကိုင်းတွင် ကယ်ဆယ်ရေးအဖွဲများ ကန့်သတ် ပိတ်ပင်ခံနေရ 

မြို့လုံးကျွတ်နီးပါး ပျက်စီးနေပြီး သာသနာ့ ဝန်ထမ်း အများအပြား သေဆုံးဒဏ်ရာရခဲ့ကြသည့် စစ်ကိုင်းမြို့တွင် ကူညီကယ်ဆယ်ရေး လုပ်ငန်းကို အကန့်အသတ်ဖြင့် သာ လုပ်နေရသည်။

ရစ်ချ်တာစကေး ၇ ဒသမ ၇ အင်အားရှိသည့် စစ်ကိုင်းပြတ်ရွေ့ငလျင်ကြောင့် ဧရာဝတီမြစ်တစ်ဖက်ကမ်းရှိ စစ်ကိုင်းမြို့သည်လည်း တစ်မြို့လုံးနီးပါးပျက်စီးသွားပြီး ကူညီကယ်ဆယ်ရေးအဖွဲ့များကို စစ်ကောင်စီက ပိတ်ပင်တားဆီးသောကြောင့် သေဆုံးနှုန်း မြင့်တက်လာရသည်ဟု ကယ်ဆယ်ရေးအဖွဲ့များထံက သိရသည်။ 

ငလျင်ကြောင့် စစ်ကိုင်းမြို့တွင် ၁၀၀ ကျော် သေဆုံးခဲ့သည်ဟုဒေသခံ ကယ်ဆယ်ရေးအဖွဲ့များထံက သိရသော်လည်း စစ်ကောင်စီက စစ်ကိုင်းမြို့ သေဆုံးစာရင်းကို တစ်ပတ် ကြာသည်အထိ ထုတ်ပြန်နိုင်ခြင်း မရှိသေးပေ။

မြေငလျင်လှုပ်ပြီး ၃ ရက်ကြာသည်အထိ စစ်ကိုင်းမြို့ထဲသို့ ကူညီကယ်ဆယ်ရေးအဖွဲ့များ မဝင်ရောက်နိုင်အောင် စစ်ကောင်စီက ပိတ်ပင်ထားခဲ့ပြီး ဒေသခံများက တနိုင်တပိုင် ကူညီကယ်ဆယ်ခဲ့ရသည်ဟု စစ်ကိုင်းမြို့ခံများနှင့် ကူညီ၊ကယ်ဆယ်ရေး အဖွဲ့များက ပြောကြသည်။

စစ်ကောင်စီဘက်ကလည်း ငလျင်ကူညီကယ်ဆယ်ရေးလုပ်မည့် မည်သည့်အဖွဲ့အစည်းမဆို သီးခြား လွတ်လပ်စွာ ရပ်တည်ဆောင်ရွက်ခွင့်မရှိဘဲ ၎င်းတို့နှင့်ပူးပေါင်းမှ ခွင့်ပြုမည့်မူဝါဒကို ကျင့်သုံးမည်ဟု ဧပြီ ၅ ရက်နေ့ က နေပြည်တော်တွင် ကျင်းပသည့် စစ်ကောင်စီအစည်းအဝေးတွင်  ဒုတိယ စစ်ခေါင်းဆောင် ဒုဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ပြောကြားထားသည်။

အာဏာသိမ်းစစ်ခေါင်းဆောင်ကလည်း ငလျင်လှုပ်ပြီး ၉ ရက်အကြာ ယမန်နေ့ (ဧပြီ ၆ ရက်) တွင် စစ်ကိုင်းမြို့သို့ လာရောက်ခဲ့ပြီး ငလျင်ကြောင့် ထိခိုက်ပျက်စီးခဲ့အခြေအနေများကို ကြည့်ရှုခဲ့သည်။ 

ဧပြီ ၆ ရက်နေ့  ညနေ ၆ နာရီအထိ စစ်ကောင်စီ ထုတ်ပြန်သည့်စာရင်းတွင် ငလျင်ကြောင့် နိုင်ငံအနှံ့ သေဆုံးသူ ၃၅၆၄ ဦး၊  ဒဏ်ရာ ရသူ ၅၀၁၂ ဦး၊  ပျောက်ဆုံးသူ ၂၁၀ ဦးရှိသည်ဟု ဖော်ပြထားသည်။   

စစ်ကိုင်းမြို့ရောက် စစ်ခေါင်းဆောင်။ (ဓာတ်ပုံ- ပေါ်ပြူလာ)

မြန်မာနိုင်ငံမှာ ဖြစ်ပွားခဲ့သော ငလျင်ဘေးအန္တရာယ်ကြောင့် မြန်မာနိုင်ငံမှ မြို့နယ် ၃၃၀ မြို့နယ် အနက် မြို့နယ် ၆၀ နီးပါးမှာ နေထိုင်ကြသည့် လူဦးရေ ၁၇ သန်းခန့် ထိခိုက်မှုရှိမည်ဟု ကုလသမဂ္ဂလူသားချင်း စာနာမှုဆိုင်ရာညှိနှိုင်း‌ရေးရုံး (OCHA)က ခန့်မှန်းထားသည်။​

ထိခိုက်မှု အပြင်းထန်ဆုံး နေရာဒေသများမှ  လူသန်းပေါင်းများစွာသည် လျှပ်စစ်မီး၊ သောက်သုံးရေ၊ စားနပ်ရိက္ခာ၊ ကျန်းမာရေး စောင့်ရှောက်မှုမရခြင်း သို့မဟုတ် လုံလောက်မှုမရှိခြင်းတို့ ကြုံတွေ့ရနိုင် ကြောင်း ဧပြီ ၅ ရက်နေ့က ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တယ်လီဖုန်းဆက်သွယ်ရေး ပြတ်တောက်မှုနှင့်အတူ လမ်း၊ တံတားများ အများအပြား ပျက်စီးခဲ့သော ကြောင့်  ငလျင်ဘေးသင့် ပြည်သူများထံ အရေးကြီးအကူအညီများ ရောက်ရှိနိုင်ရန် ပိုမို ခက်ခဲလျက် ရှိနေကြောင်း ပါရှိသည်။

ကုလသမဂ္ဂ အပါအဝင် နိုင်ငံပေါင်း ၂၀ ခန့်မှ ကူညီကယ်ဆယ်ရေး အဖွဲ့များ မြန်မာ့ငလျင်အတွက် ကူညီဆောင်ရွက် ပေးနေကြသည်ဟု စစ်ကောင်စီစာရင်းအရ သိရသည်။

ငလျင်ကြောင့် စစ်ကိုင်းမြို့တွင် သေဆုံးသူအရေအတွက် နေ့စဉ် တိုးနေပြီး စစ်ကောင်စီ၏ ကန့်သတ်ပိတ် ပင်မှုများကလည်း အခြေအနေကို ပိုဆိုးစေနိုင်ကြောင်း ထိုမြို့ရောက် ကူညီကယ်ဆယ်ရေးပရဟိတသမား များက ဆိုထားကြသည်။ 

စစ်ကောင်စီ  ကန့်သတ်ပုံ 

စစ်ကိုင်းမြို့သို့လာရောက်သည့် ကူညီ၊ ကယ်ဆယ်ရေးအဖွဲများသည် စစ်ကောင်စီ၏  ကြီးကြပ်ရေးရုံး တွင် ကူညီ၊ကယ်ဆယ်လိုသည့် နေအိမ်၊ အဆောက်အအုံလိပ်စာ တင်ပြပြီး ခွင့်ပြုချက်ရယူရမည်ဖြစ်ကာ စစ်ကောင်စီ ခွင့်ပြုမှသာ ကူညီကယ်ဆယ်ခွင့်ရမည်ဖြစ်သည်ဟု  စစ်ကိုင်းမြို့ခံများထံက သိရသည်။

မတ် ၂၈ ရက် မြေငလျင် လှုပ်ခတ်ပြီးနောက် ကူညီ၊ကယ်ဆယ်ရေးအဖွဲ့များကို စစ်ကောင်စီက ကန့်သတ် ခဲ့သည်၊  ငလျင်ဘေးမှ လွတ်မြောက်လာသည့် မြို့ခံများက ကိုယ်ထူကိုယ်ထ ကူညီ၊ ကယ်ဆယ်ခဲ့ရသည် ဟု အသက် ၄၀ အရွယ် စစ်ကိုင်းမြို့ခံ အမျိုးသားတစ်ဦးက Myanmar Now ကို ဧပြီ ၄ ရက်နေ့က ပြောသည်။  

“စစ်ကိုင်းမှာ ရှိတဲ့ မီးသတ်ရယ်။ လူမှုရေးအသင်းတွေရယ်ကပဲ ကယ်ဆယ်ရေးကိုလုပ်ရတာ။ ဘက်ဟိုး (မြေတူးစက်)လည်း မရှိဘူး။ စက်ကရိယာတွေလည်း ဘာမှ မရှိဘူး။ ဒီတိုင်းပဲ လူနဲ့ကူနေရတဲ့ အနေ အထားမျိုး။ အဲဒီဟာကြောင့်လည်း မသေသင့်ဘဲနဲ့ သေရတာတွေ အများကြီး ရှိတယ်လို့တောင်မှ ပြောလို့ ရတယ်” ဟု ၎င်းက ဆက်ပြောသည်။  

ထို့နောက် မတ် ၃၀ ရက်တွင် မန္တလေးမြို့မှ ပရဟိတအဖွဲ့များ ရောက်ရှိလာရာ သောက်သုံးရေနှင့် စားနပ် ရိက္ခာများ လှုဒါန်းသူများကိုသာလက်ခံခဲ့ပြီး ကယ်ဆယ်ရေးလုပ်ငန်းဆောင်ရွက်သူများကို တားဆီးခဲ့သည်ဟု ဆိုသည်။ 

“မြို့ထဲမှာ သွားရင်း အိမ်တစ်အိမ်က ပြိုကျနေလို့ အိမ်ရှင်က အကူအညီတောင်းတယ်ပေါ့။ ကယ်ဖို့ လုပ်ရင် (စစ်တပ်) ချက်ခြင်း ရောက်လာတာ။ ကယ်ဆယ်ရေးကို သူတို့ ခွင့်ပြုမှ လုပ်လို့ရတာ။ သူတို့ဆီမှာ စာရင်းပေးထားလား၊ သူတို့ကို တရားဝင် အကြောင်းကြားထားလား သူတို့က ခွင့်ပြုမှ ကယ်ဆယ်ရေးက လုပ်ခွင့်ရှိတာ” ဟု အထက်ပါ အသက် ၄၀ အရွယ် စစ်ကိုင်းမြို့ခံက ပြောပြသည်။

ဧပြီ ၃ ရက်နေ့အထိ စစ်ကိုင်းမြို့၏ အဓိက အချက်အချာနေရာများတွင်သာ အပျက်အစီးများနှင့် လူသေ အလောင်းများကိုထုတ်ယူနိုင်ခဲ့ကြောင်း၊  မြို့စွန်ရပ်ကွက်များနှင့် စစ်ကိုင်းမြို့နယ်အတွင်းရှိ ကျေးရွာများကို မရှင်းလင်းနိုင်သေးကြောင်း ၎င်းက ဆက်ပြောသည်။

မလေးရှားကယ်ဆယ်ရေးအဖွဲ့များ “မြတ်” ကိုယ်ပိုင်ကျောင်းတွင် ဧပြီ ၆ ရက်နေ့က ရှာဖွရေးလုပ်နေစဉ်။ (ဓာတ်ပုံ-SMART Team Malaysia)

“အခုအချိန်ထိ  အပျက်အစီးအပုံကို ရှင်းတယ်ဆိုတာက လုံးလုံးလျားလျားရှင်းလို့ မရသေးဘူး။ တချို့ အလောင်းတွေက ထုတ်လို့ မရသေးဘူး။ ပြန့်ကျဲပြီးတော့ ဖြစ်တာလေ။ ရပ်ကွက်တွေထဲမှာလည်း ဖြစ်နေ တာဆိုတော့ ခုဟာက မြို့ထဲလမ်းပေါ့၊ လမ်းမတော်ဘက်ကျတဲ့ လူစည်ကားတဲ့ နေရာလောက်ဖြစ်တာတွေ ကိုပဲ ရှင်းနိုင်သေးတယ်”  

ခုခံတော်လှန်စစ်နှင့် စစ်မှုထမ်းဥပဒေကြားက စစ်ကိုင်းမြို့ 

နွေဦးတော်လှန်ရေးအတွင်း ပေါ်ပေါက်လာသည့် လက်နက်ကိုင် ခုခံတော်လှန်စစ်၏ အချက်အခြာ ဖြစ်သည့် စစ်ကိုင်းမြို့၏ မြို့ပေါ်ကိုသာ စစ်ကောင်စီက ထိန်းချုပ်ထားနိုင်ပြီး မြို့ခံပရဟိတအဖွဲ့များ ချိတ်ပိတ်ခံ ထားရခြင်းကလည်း ငလျင်ဒဏ်သင့်ခဲ့ရသည့် စစ်ကိုင်းမြို့ကို ပိုမိုခက်ခဲစေခဲ့သည်။ 

အာဏာသိမ်း စစ်တပ်က စစ်ကိုင်းမြို့ပေါ်တွင် စစ်သားစုဆောင်းနေခြင်း၊ ပရဟိတသမားများကို ဖမ်းဆီးခဲ့ခြင်းတို့ကြောင့် မြို့ပေါ် တွင် လူငယ်၊ လူရွယ်များ မရှိတော့ဘဲ ငလျင်ဒဏ်သင့် ကူညီ၊ကယ်ဆယ်ရေးတွင် အခက် အခဲများစွာရှိခဲ့သည်ဟု စစ်ကိုင်းမြို့ခံ အမျိုးသား နောက်တစ်ဦးက ဧပြီ ၂ ရက်နေ့က Myanmar Now ကို ပြောသည်။ 

“ပရဟိတကူညီရေးသမား အင်အားတွေ အရမ်းနည်းတယ်။ ခုခေတ် အနေအထားက တော်ရုံတန်ရုံ Volunteer သမားတွေဆိုရင် အကုန်လုံးထွက်ပြေးရတဲ့အပိုင်းတွေရှိတယ်။ ဖမ်းဆီးခံရတာတွေရှိတယ်” ဟု ၎င်းက ပြောသည်။ 

ထို့ပြင် စစ်ကိုင်းမြို့ခံ လူငယ်များမှာ စစ်ကောင်စီက ဖမ်းဆီးမှုနှင့် စစ်မှုထမ်း ဥပဒေတို့ကြောင့် ထွက်ပြေး တိမ်းရှောင်နေကြရသည်၊ မြေငလျင် လှုပ်ခတ်ပြီး ၃ ရက်ကြာသည်အထိ စက်ကရိယာ မရှိဘဲ ပျက်စီးနေ သည့် မြို့ပျက်ကြီးကို ထိုင်ကြည့်နေကြရသည်ဟု ၎င်းက ဆက်ပြောသည်။ 

“ရှောင်ကြတိမ်းကြဆိုတော့ မြို့ပေါ်မှာဆိုရင် သက်ကြီး ယောကျ်ားသားတွေရယ်၊ ကလေးသာသာ ယောကျ်ားသားတွေလောက်ပဲ အများဆုံးရှိနေမှာပဲလေ။ ‘ကူ’ဟဲ့၊ ‘မ’ဟဲ့၊ ‘ပြု’ဟဲ့ဆိုတဲ့ လူငယ်တွေလည်း မရှိနိုင်တော့ဘူး။ ဒီလိုမျိုးတွေဖြစ်သွားပြီဆိုတော့ ကယ်ဆယ်ရေးအပိုင်းမှာ လုံးဝကို အားနည်းသွားပြီ” ဟု ၎င်းက ဆိုသည်။ 

စစ်ကိုင်းမြို့မှ နာမည်ကျော် ဆွမ်းဦးပုညရှင်စေတီလည်း ပြိုလဲ ပျက်စီးခဲ့သည်။ (ဓာတ်ပုံ-ပေးပို့)

အပျက်အစီးများပုံ စစ်ကိုင်းဒေသ  

မန္တလေးမြို့မှ တဆင့် စစ်ကိုင်းတံတားကို စတင်ဖြတ်သန်းချိန်မှ စတင်ပြီး စစ်ကောင်စီ တပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ်များ၊ပျူစောထီးများကို တွေ့မြင်နေရပြီး ပရဟိတအဖွဲ့များကို အထပ်ထပ်စစ်ဆေးနေ သည်ဟု  စစ်ကိုင်းမြို့သို့ရောက်ရှိနေသည့် ပရဟိတအဖွဲ့ဝင် တစ်ဦးက Myanmar Now ကို ဧပြီ  ၂ ရက်နေ့ က ပြောသည်။ 

“လက်ရှိ တရုတ်၊ မလေး ကယ်ဆယ်ရေးအဖွဲ့နဲ့ UN တွေရှိလို့သာ မဟုတ်ရင် သူတို့ အချိန်မရွေး ပိတ်နိုင် တယ်။ တရုတ်၊ မလေးအဖွဲ့တွေက အသက်ရှင်သူတွေကို ရှာတယ်။ နည်းပညာ အကူအညီ ပေးတယ်”

စစ်ကိုင်းမြို့ပေါ်တွင် နိုင်ငံ တကာအဖွဲ့အစည်းများနှင့်နာရေးကူညီမှု အသင်းတို့က အဓိက ကူညီကယ် ဆယ်နေရပြီး စစ်ကိုင်းမြို့ပြင်ရှိ ကျေးရွာများသို့ သွားရောက် ကူညီလိုပါက စစ်ကောင်စီတပ်ကို ငွေ ပေးပြီး ဖြတ်နေရသည်ဟု အထက်ပါ ပရဟိတ အဖွဲ့ဝင်က ဆက်ပြောသည်။ 

“ပျုတွေ ထိပ်ကနေ ပစ္စည်းကားတွေတား၊  K-pay နဲ့ ငွေ သိန်း ၄၀ လွဲခိုင်းတယ်၊ ဖြတ်ဖို့အတွက်။ မပေးရင် ကားပေါ်တက်မယ်လုပ်နေတယ်။ ပစ္စည်းတွေသိမ်း ကားပေါ် တက်လို့ ပြောပြီး  ခြိမ်းခြောက်ငွေ တောင်းတာ။  ကောင်းမှုတော်ဘက်က ရွာတွေကိုဝင်ဖို့ ပျုတွေက သိန်း ၂၀တောင်းတယ်။ ကယ်ဆေးရေး ပစ္စည်းတွေကို သယ်သွား၊ ယူသွားတာတွေရှိနေတယ်” ဟု ၎င်းက ပြောသည်။

စစ်ကိုင်းမြို့ပေါ်မှ ငလျင်ဒဏ်သင့် သီလရှင်လေးများကို ဧပြီ ၆ ရက်နေ့က တွေ့ရစဉ်။ ။ (ဓာတ်ပုံ- အဓိပတိ အရှင် ဣန္ဒာစရိယ)

စစ်ကိုင်းပြတ်ရွေ့ငလျင်နှင့် အနီးဆုံးဒေသဖြစ်သည့် စစ်ကိုင်းတောင်ရိုးနှင့် မင်းဝံတောင်ရိုးရှိ ဘုန်းကြီး ကျောင်း၊ သီလရှင်ကျောင်းပေါင်း ၂၀၀၀ ကျော် ပျက်စီးသွားခဲ့သည်ဟု အပြည်ပြည်ဆိုင်ရာ ဗုဒ္ဓဘာသာ ပညာရေးစင်တာက ဧပြီ ၁ ရက်နေ့တွင် ထုတ်ပြန်ထားသည်။ 

သို့သော်လည်း ထိုဒေသများသို့ ကူညီ၊ကယ်ဆယ်ရေးအဖွဲ့များ သွားရောက်နိုင်ရန် စစ်ကောင်စီက ပိတ်ပင်ထားသည်၊  အရေးပေါ်အကူအညီများ လိုအပ်နေပြီး အင်တာနက်နှင့်လိုင်းများလည်း ဖြတ်တောက် ခံထားရသည်။ 

စစ်ကိုင်းတောင်ရိုးပေါ်ရှိ စေတီ၊ ပုထိုးများနှင့် ဘုန်းတော်ကြီးကျောင်း အားလုံးနီးပါး ပျက်စီးသွားပြီး အသေအပျောက်အလွန်များနေသည်၊ အဆောက်အဦများကြားပိတ်မိနေသူများကိုလည်း ကယ်ဆယ်ရန် ခက်ခဲနေသည်ဟု  ဧပြီ ၃ ရက်နေ့က စစ်ကိုင်းချောင်သို့ ရောက်ရှိခဲ့သည့် နောက်ထပ်  ပရဟိတ အဖွဲ့ဝင် တစ်ဦးက ပြောသည်။ 

“DB  (အလောင်း) ထုတ်တဲ့ဟာကတော့ Approve  (ခွင့်ပြုချက်) တော့ လွယ်လွယ်မပေးဘူး။ သူတို့ဆီက Approve တင်ရတယ်။ သူတို့က မပေးဘူး။ စစ်တပ်ဘက်က မပေးတာ။ သူတို့က ကယ်ဆယ်ရေးသမား တွေကို Approve လုပ်ပေးလိုက်မယ်ဆိုရင်  ပိုကောင်းသွားမယ်” ဟု ၎င်းက ပြောလိုက်သည်။ 

Show More

Related Articles

Back to top button