ငလျင်ဒဏ်နောက်ဆက်တွဲကြောင့် ရက် ၂၀ ကြာအပစ်ရပ်ထားမည်ဟု စစ်ကောင်စီက ထုတ်ပြန်ထားသော် လည်း စစ်ရေးလှုပ်ရှားမှုများ ရှိနေသည့်အပြင် အင်ဂျင်တပ်လေထီးဖြင့် တိုက်ခိုက်မှုများလုပ်နေသည့် အတွက် ယမန်နေ့ (ဧပြီ ၆) တစ်ရက်တည်းမှာပင် စစ်ကိုင်းတိုင်းမှ အရပ်သား ၄ ဦး သေဆုံးခဲ့သည်။
ငလျင်ဘေးသင့်ခဲ့သော စစ်ကိုင်းတိုင်း၏ စစ်ရေးကို အဓိကကွပ်ကဲသည့် အနောက်မြောက်တိုင်းစစ်ဌာန ချုပ် (နမခ) အခြေစိုက်ရာ မုံရွာမြို့ဝန်းကျင် ဘုတလင်မြို့နယ်နှင့် ချောင်းဦးမြို့နယ်ရှိ ကျေးရွာများကို တိုက်ခိုက်နေခြင်း ဖြစ်သည်။
ယမန်နေ့ ညနေ ၆ နာရီ ခွဲခန့်က ဘုတလင်မြို့နယ်အနောက်တောင်ပိုင်း အုတ်ကျင်းကျေးရွာကို အင်ဂျင် တပ်လေထီးဖြင့် ဗုံးသီးချတိုက်ခိုက်ရာ လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး နေရာမှာပင် ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း ဒေသခံများထံက သိရသည်။
“ကျွန်တော်တို့ရွာရဲ့အနောက်ဘက်အစွန်ဆုံး အိမ်တစ်အိမ်ထဲကို (ဗုံးသီး) ကျပြီးတော့ အဲ့ဒီနေရာမှာတင်ပဲ အသက်ပျောက်သွားတယ်။ အိမ်ရှေ့တည့်တည့်ကိုကျတာ သူအိပ်တဲ့နေရာဘက်ကို ထိတာ။ အဲ့ဒီအိမ်ရဲ့ ဘေးအိမ်က နွား ၃ ကောင် ဒဏ်ရာရတယ်။ တပြိုင်နက် ၂ လုံးချတာ” ဟု အုတ်ကျင်းရွာနေ အမျိုးသား တစ်ဦးကပြောသည်။
ချောင်းဦးမြို့မှ ၄ မိုင်ခန့်အကွာတွင် တည်ရှိသော အုတ်ကျင်းရွာမှာ အိမ်ခြေ ၉၀ ခန့်ရှိပြီး မြေပြင်တိုက်ပွဲ မရှိသလို စစ်ရေးလှုပ်ရှားမှုလည်းမရှိဘဲ လေကြောင်းတိုက်ခိုက်မှုလုပ်သွားခြင်းဖြစ်ကြောင်း ရွာခံများက ဆိုကြသည်။
ထိုသို့တိုက်ခိုက်ခံရပြီး ၆ နာရီကျော်အကြာ သန်းခေါင်ဝန်းကျင် ည ၁၁ နာရီခန့်က မုံရွာမြို့တောင်ဘက် ချောင်းဦးမြို့နယ်၊ သုံးပန်လှရွာ (အနိမ့်ရွာ) တွင် အလားတူတိုက်ခိုက်မှု ကြုံရသည်။
ဧရာဝတီမြစ်အရှေ့ဘက်ကမ်း သုံးပန်လှကျေးရွာမှ နေအိမ်တစ်လုံးပေါ် ဗုံးသီးကျရောက်ပေါက်ကွဲပြီး မောင်နှမများဖြစ်သော သက်ကြီးပိုင်း ၃ ဦး နေရာမှာပင် သေဆုံးသွားသည်ဟု သိရသည်။
ထိုသူများမှာ အသက် ၆၀ ကျော်အရွယ်များဖြစ်သော အမျိုးသမီး ၁ ဦး၊ အမျိုးသား ၁ ဦးနှင့် အသက် ၅၀ ကျော်အရွယ် အမျိုးသမီး ၁ ဦး တို့ ဖြစ်သည်ဟု ရွာခံများက ပြောသည်။
“ မိသားစုလိုက်ပါသွားတဲ့အိမ်က လုံးလုံးမီးလောင်သွားတယ်။ အလောင်းတောင်မှ ကောင်းကောင်းမရ လိုက်တဲ့အနေအထားမျိုးပါ။ ဘေးအိမ်တွေကတော့ အချိန်မီတော့ မီးငြှိမ်းနိုင်တဲ့အနေထား ရှိတယ်”ဟု ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) သတင်းနှင့်ပြန်ကြားရေး တာဝန်ခံက Myanmar Now ကို ပြောသည်။
အိမ်ခြေ တစ်ထောင်ကျော်ရှိသည့် သုံးပန်လှရွာအနီးဝန်းကျင်တွင် ပြည်သူ့စစ်နှင့် စစ်တပ်တို့ တပ်စွဲထားရာ ကျေးရွာတစ်ရွာရှိသည့်အပြင် စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းကို ဆက်သွယ်ထားသည့် ချင်းတွင်းမြစ်ကူး ဆင်ဖြူရှင်တံတားအနီးတွင် စစ်ကောင်စီတပ် စခန်းချထားပြီး တိုက်ပွဲများ ငြိမ်နေကြောင်း ဒေသခံများ ထံက သိရသည်။
နိုင်ငံအနှံ့ စစ်မျက်နှာဖွင့်နေရသည့် စစ်တပ်က ကုန်ကျစရိတ်သက်သာပြီး လေပေါ်တွင်နာရီနှင့်ချီ ပျံသန်း နိုင်သည့် အင်ဂျင်တပ်လေထီးများကို ပြီးခဲ့သည့်နှစ်ကုန်ပိုင်းက စတင် အသုံးပြုလာခဲ့ပြီး ကျေးရွာများကို ဦးတည်တိုက်ခိုက်လေ့ရှိသည်။

ကနီ၊ ယင်းမာပင်၊ ဆားလင်းကြီး၊ ချောင်းဦး၊ ဘုတလင်နယ်တို့တွင် အင်ဂျင်တပ် လေထီးဖြင့် တိုက်ခိုက်မှု ကို ဖေဖော်ဝါရီဝန်းကျင်တွင် စတင်ခဲ့ပြီး ငလျင်လှုပ်ပြီးနောက်ပိုင်း တိုက်ခိုက်မှုများ ဆက်လုပ်နေသည်။
ဧပြီ ၁ ရက်နေ့ ညနေတွင် ကနီမြို့နယ်၊ ယာကြီးရွာတောင်ဘက်ကို ဗုံးသီး ၄ လုံး ကြဲချတိုက်ခိုက်ခဲ့ပြီး ဧပြီ ၃ ရက်နေ့တွင်လည်း ကနီမြို့နယ်၊ နတ်ကြီးရွာအနီး ထပ်မံတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ငလျင်ဘေး နောက်ဆက်တွဲ ကူညီကယ်ဆယ်ရေးများထိထိရောက်ရောက်လုပ်ဆောင်နိုင်ရန် အမျိုးသားညီညွတ်ရေးအစိုးရ၊ မြောက်ပိုင်းညီနောင် ၃ ဖွဲ့၊ ကချင်လွတ်လပ် ရေးတပ် (KIA) တို့က ယာယီအပစ်ရပ်မည်ဟု ထုတ်ပြန်ခဲ့သည့်နည်းတူ စစ်တပ်ကလည်း ဧပြီ ၂ ရက်နေ့မှ ၂၂ ရက်နေ့အထိ ရက် နှစ်ဆယ်ကြာ အပစ်ရပ်မည်ဟု ဆိုသည်။
စစ်တပ်က အပစ်ရပ် ကြေညာသော်လည်း လေကြောင်းတိုက်ခိုက်မှုများ မရပ်တန့်သလို နိုင်ငံအလယ်ပိုင်း စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းတို့တွင် စစ်ကြောင်းထိုး မီးရှို့မှုများ ရှိနေပြီး ၎င်းတို့လက်လွှတ် ထားရသည့် မိုးကုတ်မြို့နယ်၊ နောင်ချို၊ သပိတ်ကျင်းမြို့နယ်တို့တွင်လည်း လေကြောင်းတိုက်ခိုက်မှုများ ကို ယခုရက်ပိုင်းအတွင်း ပြုလုပ်နေသည်။
KIA, TNLA , AA , KNPP, KNU , PDF စိုးမိုးနယ်မြေများကို စစ်ကောင်စီတပ် က တိုက်ခိုက်နေပြီး စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူကလည်း ထိုအဖွဲ့များက အပစ်ရပ်ချိုး ဖောက်ကာ တိုက်ခိုက်နေကြောင်း ပြောထားသည်။
ဧပြီ ၅ ရက်တစ်ရက်တည်းမှာပင် ဗန်းမော်၊ နောင်ချို ၊ စစ်တွေတို့တွင် စစ်ကောင်စီတပ်က လက်နက်ကြီး၊ လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။
နမခ စစ်ဌာနချုပ်အနီးရှိ မြို့နယ်များတွင်လည်း စစ်ကောင်စီက လမ်းပန်းဆက်သွယ်ရေးအရ အချက် အချာ ကျသည့် မုံရွာ – မန္တလေးလမ်း မကြီးကို အပြည့်အဝ ထိန်းချုပ်နိုင်ရန် ကြိုးပမ်းကာ အင်အားဖြည့် နေသည်။
မတ်လ ၂၈ ရက်နေ့ ငလျင်အပြီး တစ်ပတ်အတွင်း စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှု နှင့် လက်နက်ကြီး ပစ်ခတ်မှု ၆၃ ကြိမ် ပြုလုပ်ခဲ့ပြီး ကလေး ၁ ဦး၊ အမျိုးသမီး ၁၅ ဦးအပါအဝင် အရပ်သား ၆၈ ဦး သေဆုံးခဲ့ သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ လူ့အခွင့်အရေးဝန်ကြီးဌာနက ဧပြီ ၅ ရက်နေ့တွင် ထုတ်ပြန်သည်။
ငလျင်ဒဏ်ကြောင့် ဧပြီ ၆ ရက်နေ့ ညနေ ၆ နာရီအထိ သေဆုံးသူ ၃၅၆၄ ဦး၊ ဒဏ်ရာရသူ ၅၀၁၂ ဦး၊ ပျောက်ဆုံးသူ ၂၁၀ ဦး ရှိကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။




