စစ်ကောင်စီတပ်က ပဲခူးတိုင်းအတွင်း မကြာသေးမီက စွန့်လွှတ်လိုက်ရသည့် အမှတ် (၅၉၈) ခြေမြန်တပ်ရင်းဌာနချုပ်ကို အင်အားအလုံးအရင်းဖြင့် ပြန်လည်တိုက်ခိုက်ရယူထားကြောင်း ဒေသအခြေစိုက်တော်လှန်ရေးတပ်ဖွဲ့များထံက သိရသည်။
ရွှေကျင်မြို့တောင်ဘက် မိုင် ၂၀ အကွာ ဇလုတ်ကြီးရွာအနီးတည်ရှိသော ခမရ-၅၉၈ ကို ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်များ၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ပြည်သူ့ ကာကွယ်ရေးတပ် (PDF) များက ကာလအတန်ကြာ ပိတ်ဆို့ပြီးနောက် မေ ၈ ရက်နေ့တွင် တစ်နေကုန် တိုက်ပွဲဖြစ်ကာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်။
နောက်တစ်နေ့ညပိုင်းမှစတင်ကာ စစ်ကောင်စီတပ်က အင်အားအလုံးအရင်းဖြင့် ဝေါမြို့နယ် သူရဲသူမိန်ရွာမှတစ်ဆင့် စစ်တောင်းမြစ်ကို ဖြတ်ကူး၍စစ်ကြောင်းထိုးလာသောကြောင့် အဆိုပါ ဌာနချုပ်စခန်းမှ ပြန်ဆုတ်ခွာခဲ့ကြောင်း ရွှေကျင်မြို့နယ်တွင် စစ်ရေးလှုပ်ရှားသည့် PDF သတင်းရင်းမြစ်နှင့် စစ်ရေးလေ့လာသူတချို့က ပြောသည်။
“သူတို့က အင်အား ၅၀၀ လောက်နဲ့ထိုးလာတော့ လမ်းမှာထိတွေ့မှုဖြစ်တယ်။ ထိတွေ့မှုဖြစ်ပြီးတဲ့ နောက် ဖြည်းဖြည်းချင်းတော့ ကျွန်တော်တို့ပြန်ဆုတ်လိုက်ရတယ်။ ရန်သူက (ခမရ) ၅၉၈ ကို ပြန်ရသွားပြီ။ တာယာအဟောင်းတွေ ပုံနေတယ်….သူတို့ပြန်ထိုင်မယ်ပေါ့။ ကျွန်တော်တို့ဘက်ကတော့ ပစ္စည်းသိမ်းဆည်းပြီး ဆုတ်ပေးလိုက်တယ်။ ဘေးနားဝန်းကျင်မှာတော့ ပြန်ဆိုင်ထားတာပေါ့” ဟု PDF တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
စစ်ကောင်စီက ကရင်ပြည်နယ်နှင့် နီးကပ်စွာ တည်ရှိသည့် ရွှေကျင်မြို့၊ ဇလုတ်ကြီးကျေးရွာမြောက်ဘက်ရှိ နယ်မြေခံတပ်ရင်းကို မေ ၁၁ နံနက်ပိုင်းတွင် ပြန်လည်ထိန်းချုပ် သိမ်းပိုက် နိုင်ခဲ့ကြောင်း၊ နယ်မြေရှင်းလင်းရေးလုပ်နေကြောင်း ယနေ့ ထုတ်ပြန်ထားသည်။
အလောင်း ၆ လောင်း ၊ လက်နက်ငယ် ၁၀ လက်နှင့် ခဲယမ်း ၊ဗုံးသီးများ သိမ်းနိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်က ဆိုသည်။
PDF နှင့်နီးစပ်သည့်သတင်းရင်းမြစ်တချို့ကလည်း ခမရ (၅၉၈) စခန်းသိမ်းတိုက်ပွဲအတွင်း တော်လှန်ရေး ပူးပေါင်းတပ်များဘက်က ၁၅ ဦးခန့် သေဆုံးပြီး ၃၀ ကျော် ဒဏ်ရာရကြောင်း Myanmar Now ကို ပြောသည်။
အဆိုပါ တပ်ရင်းဌာနချုပ်ကို မေ ၈ ရက်နေ့တွင် တိုက်ခိုက်သိမ်းပိုက် နိုင်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တောင်ပိုင်းစစ်ဒေသက ထုတ်ပြန်သည်။
လက်နက်ကြီးလက်နက်ငယ် ၈၃ လက်၊ ခဲယမ်းများ၊ ဂျန်မာစက်များ သိမ်းဆည်းရမိသလို စစ်ကောင်စီဘက်က တပ်ဖွဲ့ဝင် ၃၀ သေဆုံးကြောင်း၊ စစ်သုံ့ပန်း ၆ ဦး၊ ချိတ်ဆက်ပူးပေါင်းလာသူ ၄ ဦးနှင့် မိသားစုဝင် ၇ ဦးကို ဖမ်းမိကြောင်း၊ တပ်ရင်းမှူးအပါအဝင် အရာရှိများနှင့် တပ်သား ၅၀ ဦးခန့် ထွက်ပြေးသွားကြ ကြောင်း၊ တော်လှန်ရေးပူးပေါင်းအဖွဲ့များဘက်တွင်လည်း ကျဆုံးဒဏ်ရာရမှုများရှိကြောင်း ထုတ်ပြန်ထားသည်။


စခန်းသိမ်းတိုက်ပွဲတွင် ပါဝင်ခဲ့သည့် NUG အမှတ် (၁) စစ်ဆင်ရေးနယ်မြေ အထူးစစ်ဆင် ရေးတပ်ဖွဲ့ – (SOF) မှ တပ်ဖွဲ့မှူး ကိုအောင်စံရှားကလည်း ခမရ (၅၉၈) စခန်းသည် တိုက်ပွဲတွင်း ပစ်ခတ်မှု၊ စစ်ကောင်စီဘက်က ဗုံးကြဲတိုက်ခိုက်မှုများကြောင့် ပြန်လည်စခန်းချ၍ မရနိုင်သည် အထိ ပျက်စီးသွားကြောင်း Myanmar Now ကို ပြောသည်။
“စခန်းတစ်ခုလုံးကလည်းတိုက်ပွဲအရှိန်ကြောင့် ကြေမွပျက်စီးနေပြီ။ ကျွန်တော်တို့ကတော့ အားလုံး ရှင်းလင်းလိုက်တယ်။ ရှင်းလင်းပြီးတော့ လိုအပ်တဲ့နေရာ တွေမှာ ဖြန့်ကျက်ပြီးတော့ နယ်မြေစိုးမိုးရေး ဆောင်ရွက်နေတာ” ဟု သူက ဆိုသည်။
KNU တပ်မဟာ (၃) နှင့် တော်လှန်ရေးပူးပေါင်းတပ်များသည် ထွက်ပြေးသွားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၀ နောက်ကို လိုက်လံ၍ နယ်မြေရှင်းလင်းရေး လုပ်နေကြောင်း ကိုအောင်စံရှားက ဆက်ပြောသည်။
လူထုအာဏာဖီဆန်ရေး လှုပ်ရှားမှုတွင် ပါဝင်ထားသည့်၊ စစ်ရေးသတင်းများ ဖြန့်ဝေနေသည့် ဗိုလ်ကြီး ဇင်ယော်ကမူ ခမရ (၅၉၈)တပ်ရင်းဌာနချုပ်ကို စစ်ကောင်စီဘက်က ပြန်လည် ထိန်းချုပ်သွားပြီဟု သိရကြောင်း စစ်ကောင်စီဘက် က ထုတ်ပြန်လာသည့် ဓာတ်ပုံများအပါအဝင် တော်လှန်ရေးသတင်းရင်းမြစ်တချို့ကို ကိုးကားပြီး ပြောသည်။
KNU နှင့် တော်လှန်ရေးပူးပေါင်းတပ်များကလည်း ဌာနချုပ်ကို ချေမှုန်း၍ စစ်လက်နက်ပစ္စည်းများ သိမ်းယူရန်ကိုသာ အဓိက ရည်ရွယ်ပုံရကြောင်း ၎င်းက ပြောသည်။
“ပူးပေါင်းတပ်တွေဘက်ကလည်း ရေရှည်ထိန်းထားမယ့် စစ်ရေးရည်မှန်းချက်မရှိဘူး။ ဒါကြောင့် ပစ္စည်းတွေ သိမ်းပြီး ပြန်ထွက်သွားတာပါ။ စစ်ကောင်စီဘက်က စခန်းထဲရောက်တဲ့အချိန်မှာပဲ တော်လှန်ရေးတပ် တွေဘက်က သိမ်းဆည်းရမိပစ္စည်းတွေနဲ့ စစ်သုံ့ပန်းတွေကို ခေါ်ပြီး အောင်အောင်မြင်မြင်ဆုတ်နိုင်တဲ့ အခြေအနေဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။
အဆိုပါစခန်းသိမ်းတိုက်ပွဲတွင် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် (၁) စစ်ဆင်ရေးနယ်မြေ အထူး စစ်ဆင်ရေးတပ်ဖွဲ့ – SOF၊ အမှတ် (၇၈၀၅)၊ အမှတ် (၇၈၀၁) တပ်ရင်းများ၊ နဂါးဖြူ၊ တောင်ညို ၊ ဒေါန၊ Southern Eagle ၊ SOG စသော PDF စစ်ကြောင်းတပ်ရင်းများ၊ ဒရုန်းတပ်ဖွဲ့များဖြစ်သော ရောင်နီ နှင့် Cloudwings ၊ အမှတ် (၂) စစ်ဆင်ရေးနယ်မြေ အမှတ် (၃၇၀၁) ၊ အမှတ် (၅၁၀၁) တပ်ရင်းများ၊ ရန်ကုန် ဗျူဟာစစ်ကြောင်း၊ ပဲခူး၊ ရန်ကုန်၊ မွန် ပြည်သူ့ကာကွယ်ရေး (ပကဖ) အဖွဲ့များ၊ LDF တပ်ဖွဲ့များဖြစ်သော KRF၊ UDF ရော့ကက်နှင့်ဒရုန်းတပ်ဖွဲ့တို့ ပူးပေါင်းပါဝင်ခဲ့ကြသည်ဟု သိရသည်။
ကရင်အမျိုးသားအစည်းအရုံး (KNU) ဦးဆောင်သော စစ်စခန်းသိမ်းတိုက်ပွဲများတွင် စခန်းကို ဖျက်ဆီး တိုက်ခိုက်၍ အခြေချတပ်စွဲစခန်းထိုင်မှု နည်းပါးသည်။



