မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ လယ်မရွာကို ယနေ့ (မေ ၁၂) နံနက်တွင် စစ်တပ်က ရုတ်တရက် ဝင်ရောက်စီးနင်းပြီး ကျောင်းသားငယ် ၄ ဦးအပါအဝင် ၁၁ ဦးကို နှိပ်စက်သတ်ဖြတ်ကာ ၁၀ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံများထံက သိရသည်။
ဂန့်ဂေါမြို့ တောင်ဘက် ၅ မိုင်ကျော်အကွာ ကလေး – ဂန့်ဂေါလမ်းပေါ်ရှိ လယ်မရွာကို သန်းခေါင်ကျော် လူခြေတိတ် အိပ်မောကျချိန် နံနက် ၁ နာရီခွဲဝန်းကျင်တွင် စစ်တပ်နှင့် ပျူစောထီးအင်အား ၁၀၀ ခန့်က ရုတ်တရက် ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်သည်။
ထိုစီးနင်းမှုအတွင်း သတ်ဖြတ်ခံခဲ့ရသူတို့မှာ အသက် ၁၂ နှစ် အရွယ် ၇ တန်းကျောင်းသား မောင်လျှံထွန်း၊ အသက် ၁၃ နှစ်အရွယ် မောင်မှိုင်းဝေ၊ အသက် ၁၅ နှစ်အရွယ် ၉ တန်းကျောင်းသား မောင်သီဟလင်းနှင့် မောင်မျိုးသီဟ၊ အသက် ၁၉ နှစ်မှ ၃၉ နှစ်ကြား မောင်ကျော်မြတ်သူ၊ မောင်ဂျွန်ကိုဝင်း၊ မောင်သက်ပိုင်ဦး၊ မောင်ကျော်စန်းခိုင်၊ မောင်နေလင်းဦး၊ ကိုညီလေး၊ ကိုအောင်ကြည်မင်းတို့ ဖြစ်သည်။
ရွာထဲကို ဝင်လာသည့် စစ်ကောင်စီတပ်ဖွဲ့သည် ကျေးရွာလယ်ရှိ နေအိမ်တစ်လုံးကို ဝင်ရောက်စီးနင်းကာ အိပ်နေသူများအား ခေါ်ထုတ်ပြီး နှိပ်စက်ညှဉ်းပန်းသတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။
သေဆုံးသူများတွင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်အချို့ပါဝင်ပြီး အသက်မပြည့်သေးသည့် ကျောင်းသားငယ် ၄ ဦးမှာ ထိုအိမ်သို့ လာရောက်လည်ပတ်ကြသူများဖြစ်သည်ဟု ဒေသခံများကဆိုသည်။
ရုပ်အလောင်းများကို ထိုနေအိမ်အနီးဝန်းကျင်တွင်ပင် အစုလိုက်အပြုံလိုက် စွန့်ပစ်ထားခဲ့ပြီး နှိပ်စက် ညှဉ်းပန်းထားသည့် ဒဏ်ရာဒဏ်ချက်များကို တွေ့ရကြောင်း ရုပ်အလောင်းများကို မြင်တွေ့ခဲ့သည့် ဒေသခံက ပြောသည်။
“အလောင်းတွေ တွေ့တာက သူတို့နေတဲ့ အိမ်လေးရဲ့ မျက်နှာစာမှာတွေ့တာ။ သုံးယောက်လောက်က ပြေးလိုက်ပုံရတယ်။ ဝါးတရိုက်အကွာမှာ သုံးယောက်။ ကျန်တဲ့ဟာတွေကအဲ့ဒီနားမှာ အလျားမှောက် ခိုင်းပြီးတော့ နှိပ်စက်ပြီးတော့ အကုန်သတ်ပစ်ခဲ့တာ။ တစ်ယောက်ကတော့ ဓားတွေနဲ့လည်း ထိုးသွားတယ်” ဟု လယ်မရွာ ဒေသခံက ပြောသည်။
ရွာကို စီးနင်းပြီးနောက် နာရီဝက်နီးပါးကြာ သေနတ် ပစ်ဖောက်ခဲ့သည့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များမှာ နံနက်အရုဏ်တက်လုနီးအချိန် ၃ နာရီခန့်တွင် ပြန်လည်ဆုတ်ခွာသွားသည်ဟု အထက်ပါ ဒေသခံ ဆိုသည်။
ထိုစစ်ကောင်စီတပ်ဖွဲ့သည် အသက် ၉ နှစ်အရွယ် ကလေးအပါအဝင် ၂၃ ဦးကို ဖမ်းဆီးသွားခဲ့ကြောင်း၊ ထက်ဝက်ကျော်ကို နံနက်ပိုင်းတွင် ပြန်လွှတ်ပေးခဲ့သော်လည်း အမျိုးသား ၇ ဦးနှင့် အမျိုးသမီး ၃ ဦး ကိုမူ ယခုချိန်ထိ ပြန်လွှတ်မပေးဘဲ ဂန့်ဂေါမြို့အခြေစိုက် ခလရ ၅၀ တပ်တွင်းသို့ ခေါ်ဆောင်သွား ကြောင်းသိရသည်။
အိမ်ခြေ ၃၀၀ ခန့်ရှိသည့် လယ်မရွာ၏ မြောက်ဘက် ၂ မိုင်ခန့်အကွာတွင် အမြောက်တပ် အခြေစိုက် ထားသည်၊ စစ်တပ် နှစ်ကြိမ်ထက်မနည်း ဝင်ရောက်စီးနင်းမှုတွင် ထိုရွာရှိ အိမ်ခြေဆယ်နှင့်ချီ မီးရှို့ဖျက်ဆီး ခံထားရသည်။
ဒေသခံအချို့မှာ နေရပ်စွန့်စစ်ဘေးရှောင်နေကြရပြီး ဒေသခံအချို့မှာ လတ်တလော ဖြစ်ရပ်ကြောင့် ရှောင်တိမ်းရန် စီစဉ်နေသည်။
“ရှောင်ရတာကတော့ ရှောင်ရမှာ။ ရွာထဲမှာ လူမရှိတော့ တစ်ဦးတည်း တစ်ယောက်တည်း နေလို့က မဖြစ်နိုင်ဘူး။ ညကိုရှောင်ပြီး နေ့ကို ရွာနားမှာ အကဲခတ်နေမယ်လို့ စိတ်ကူးတယ်”ဟု အထက်ပါ ဒေသခံက ပြောသည်။
မကွေးတိုင်း မြောက်ပိုင်း ဂန့်ဂေါမြို့နယ်မှာ တော်လှန်ရေးအင်အားစု နယ်မြေစိုးမိုးမှုအားကောင်းသည်။
စစ်တပ်ကလည်း မြို့ပေါ် ရပ်ကွက်များ၊ စစ်စခန်းများနှင့် ပျူစောထီး ခြေကုပ်ယူထားသည့် ကျေးရွာများတွင် ရှိတတ်သည်။
ကလေး – ဂန့်ဂေါလမ်းပေါ်ရှိ မြောက်ခင်ရန်းရွာတွင် တပ်စွဲထားသည့် စစ်တပ်နှင့်ပျူစောထီးများသည် ၂၀၂၃ နှစ်ကုန်ပိုင်းတွင် ဖမ်းဆီးရမိသည့် တော်လှန်ရေးတပ်ဖွဲ့ဝင် ၂ ဦးကို အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခဲ့သည်။



