နေပြည်တော်တွင် တက္ကသိုလ်ဝင်တန်း ပြန်လည်ဖြေဆိုရမည့် ကျောင်းသားများကို ကျောင်းအိပ်ကျောင်းစား စခန်းသွင်းလေ့ကျင့်ရာတွင် ကျောင်းသား ဦးရေ ၅၀ ထက်မနည်း ကျန်းမာရေး ထိခိုက်နေကြောင်း စုံစမ်းသိရှိရသည်။
စစ်ကောင်စီရုံးစိုက်ရာ နေပြည်တော်တွင် ဧပြီလ နောက်ဆုံးအပတ်မှစ၍ ထိုသို့ သင်ကြားပေးနေသည့် စခန်း အများအပြားရှိကြောင်း ဆရာ၊ ဆရာမများက ဆိုသည်။
“ကျောင်းမှာချက်ပေမယ့် အစားစာတွေက မသန့်တော့ ဝမ်းဗိုက်နာကြတာ ဖြစ်တယ်၊ ရာသီဥတုကလည်း ပူလိုက်၊ မိုးရွာဆိုတော့ ဖျားနာကြတယ်” ဟု ဆရာမတစ်ဦးက မှတ်ချက်ပြုသည်။
အသားဟင်း၊ အသုပ်၊ ဟင်းရည်ပါဝင်သည့် ထမင်းသုံးနပ် အခမဲ့ ကျွေးမွေးပြီး လျှပ်စစ်မီးနှင့် သုံးရေ ပုံမှန်ရနိုင်ရန် စီစဉ်ထားသည်ဟု ဆိုသည်။ လက်နက်ကိုင်တချို့ စောင့်နေသည်ကိုလည်း တွေ့မြင်ရသည်။
ဆေးပေးခန်းများရှိကြောင်း၊ ဆေးရုံတင် ကုသပေးရမည့် အခြေအနေသို့ မရောက်သေးကြောင်း အထက်ပါ ဆရာမကပြောသည်။
ဘာသာရပ်အလိုက် တက္ကသိုလ် ပါမောက္ခများ သုံးရက်ကြာလာရောက်သင်ကြားပေးနေသည်ဟု သိရသည်။
၁၂တန်း (Grade 12) ခေါ် တက္ကသိုလ်ဝင်တန်း စာမေးပွဲ ပြန်ဖြေကြရမည့် ကျောင်းသား ကျောင်းသူများကို ကျောင်းဆောင်များအတွင်း သီးခြားစီ ထားရှိပြီး ဆရာ၊ ဆရာများက ညပိုင်းတွင် လာရောက် နေထိုင်ကြောင်း၊ မိဘများနှင့် တွေ့ဆုံခွင့်လည်း ပေးထားကြောင်း သိရှိရသည်။
ငွေကြေးအဆင်ပြေသူများ၊ ကိုယ်ပိုင်အထက်တန်းကျောင်း တက်ရောက်သူများက ပြင်ပတွင် ပြန်လည်လေ့ကျင့်သင်ကြားပေးနေကြောင်း နေပြည်တော်ရှိ အသက် ၄၀ ကျော်အရွယ် ကျောင်းဆရာ တစ်ဦးက ဆိုသည်။
“ကျပ်တည်းတဲ့ မိသားစုတွေအတွက်တော့ ခုလုပ်ပေးထားတာ မဆိုးဘူး ပြောရပါတယ်။ ဒါပေမယ့် ပြန်ဖြေခိုင်းတာကိုတော့ သဘောမကျဘူး။ ဘယ်လောက်ပဲထောက်ပံ့ … ကြုံတွေ့နေရတဲ့ လူမှုပြဿနာတွေ၊ ကလေးတွေရဲ့ စိတ်ပိုင်းဒဏ်ရာတွေက အဆင်မပြေကြဘူး” ဟု ၎င်းက ဆက်ပြောသည်။
လူငယ်များတွင် စာမေးပွဲ ပြန်ဖြေရမည့် ဝန်ထုပ်ဝန်ပိုးအပြင် အခြားသော အခက်အခဲများလည်း ရှိနေသည်။
နေပြည်တော်ရှိ မိသားစုတစ်ခုက ၎င်းတို့၏ သားငယ်ကို ငွေကုန်ကြေးကျများသည့် နာမည်ကြီး ဘော်ဒါဆောင်တစ်ခုတွင် ပညာသင်စေခဲ့သည်၊ ငလျင်ဒဏ်ကြောင့် ဝန်ထမ်းအိမ်ရာပြိုကျစဉ် ဖခင်ဖြစ်သူ သေဆုံးသွားရာမှ မိသားစု၏အခြေအနေ ရုတ်တရက် ပြောင်းလဲသွားသည်ဟု ယင်းမိသားစုနှင့် ရင်းနှီးသည့် ကျောင်းဆရာတစ်ဦးက ပြောသည်။
“ခုဘော်ဒါဆောင်က စားစရိတ် ရှစ်သိန်း၊ စာရွက်စာတမ်းဖိုးငါးသောင်းထပ်တောင်းတော့ အဲဒါလည်း ပေးဖို့ ခက်ခဲတယ်ထင်တယ်၊ စားမေးပွဲဖြေဖို့ ပြန်ဆက်သွယ်တော့ မဖြေတော့ဘူးပဲ ပြောတယ်” ဟု သူက ပြောသည်။
စစ်သားသစ်စုဆောင်းနေခြင်းကလည်း တက္ကသိုလ်ဝင်ပြန်လည်ဖြေဆိုရမည့် မိသားစုအချို့အပေါ် သက်ရောက်မှု ရှိနေသည်။
ဇဗ္ဗူသီရိမြို့နယ်တွင်နေထိုင်သူ အမျိုးသမီးတစ်ဦးက ၎င်း၏ အသက် ၂၅နှစ်အရွယ် သားကြီး ယခင်လက စစ်မှုထမ်းဆင့်ခေါ်ခံထားရသည်၊ ညီဖြစ်သူ ကျောင်းသား အစားထိုး ခေါ်ဆောင်ခံရမည်ကို စိုးရိမ်မိသည်ဟု ပြောသည်။
“သားအကြီးက အိမ်မှာမရှိဘူး၊ အိမ်က ဆယ်တန်းကောင်က အကောင်ထွားတယ်၊ သားကြီးမရှိလို့ သားငယ်ကိုအစားထိုး ခေါ်မှာစိုးလို့ ဆယ်တန်းပြန်မဖြေခိုင်းတော့ဘဲ နယ်ကို ပို့လိုက်တယ်၊ ကလေးပညာရေးကတော့ ဘာမှလုပ်မရတော့ဘူးလေ၊ အသက်မသေမဲ့ ဒီနည်းကလွဲလို့လည်း အခြားလမ်းမှ မရှိတော့တာ” ဟု ထိုအမျိုးသမီးက ဆိုသည်။
မတ် ၂၈ ရက်နေ့က ငလျင်ကြောင့် မန္တလေးတက္ကသိုလ် ပင်မဆောင်ကြီးပြိုကျ မီးလောင်ကျွမ်းခဲ့စဉ် မန္တလေး၊ စစ်ကိုင်း၊ နေပြည်တော်နှင့် ကချင်ပြည်နယ် ကျောင်းသား ၆၂,၉၅၄ ဦး၏ အဖြေလွှာများ ပျက်စီးသွားသည်။
စားမေးပွဲ ပြန်လည်ဖြေခိုင်းမှုကို ကျောင်းသားသမဂ္ဂများနှင့် ပညာရေးနယ်ပယ်မှ အများအပြားက ကန့်ကွက်ထားကြလင့်ကစား စာမေးပွဲဖြေရမည့် ကာလမှာ ဇွန် ၁၆ မှ ၂၁ ရက်နေ့အထိ ဖြစ်သည်ဟု စစ်ကောင်စီက ကြေညာထားသည်။
၂၀၂၄-၂၀၂၅ တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လက ကျင်းပရာ ဝင်ရောက်ဖြေဆိုသူ ၂ သိန်းကျော်ရှိကြောင်း သိရသည်။
တက္ကသိုလ်ဝင်စာမေးပွဲသည် အစိုးရစစ်ဖြစ်ခြင်းကြောင့် ဖြေဆိုအောင်မြင်ရန် ခက်ခဲပြီး အခြားစာမေးပွဲများထက် အချိန်ပေး ကြိုးစားလေ့ကျင့်ရသည့် စာမေးပွဲဖြစ်သည်။



