သတင်း

သီလဝါဆိပ်ကမ်းစီမံကိန်းမှထွက်ခွာမည့် ဂျပန်ကုမ္ပဏီများ တာဝန်ယူမှုရှိရန်တောင်းဆို 

ဂျပန်ကော်ပိုရေးရှင်းကြီး သုံးခုသည် သီလဝါဆိပ်ကမ်းစီမံကိန်းမှ နုတ်ထွက်တော့မည်ဖြစ်ရာ စာရင်းရှင်းလင်းဖျက်သိမ်းမှုစတင်ဆောက်ရွက်နေကြောင်း သိရှိရသည်။

ရန်ကုန်မြို့၊ သန်လျင်မြို့နယ်၊ သီလဝါကမ်းနားရှိ သီလဝါဘက်စုံသုံးနိုင်ငံတကာဆိပ်ကမ်းစီမံကိန်းမှ ထွက်ခွာမည့် ဂျပန်ကုမ္ပဏီများအနေဖြင့် ပွင့်လင်းမြင်သာမှုရှိရန်နှင့် လူ့အခွင့်အရေးစံနှုန်းများကို လေးစားလိုက်နာရန် ဂျပန်နှင့် မြန်မာအရပ်ဘက်အဖွဲ့အစည်းများက ယမန်နေ့က တောင်းဆိုလိုက်သည်။

ထိုစီမံကိန်းကို ဂျပန်အစိုးရ၏ တရားဝင်ဖွံ့ဖြိုးရေးချေးငွေ အမေရိကန်ဒေါ်လာ ၂၂၂ သန်းအကုန်ကျခံ၍ တည်ဆောက်ခဲ့ပြီး အစိုးရ၏မြန်မာ့ဆိပ်ကမ်းအာဏာပိုင်က ဆိပ်ကမ်းလုပ်ငန်းလုပ်ကိုင်ခွင့်အတွက် ၂၀၁၉ မေလတွင် ဂျပန်-မြန်မာဖက်စပ်ကုမ္ပဏီ Thilawa Multipurpose International Terminal (TMIT) Co., Ltd ကို ချပေးခဲ့သည်။ 

TMIT ကုမ္ပဏီတွင် ဂျပန်အခြေစိုက် Kamigumi Co., Ltd နှင့် STJ Thilawa Terminal Co., Ltd တို့က ရှယ်ရာရှင်ဖြစ်ပြီး STJ Thilawa Terminal Co., Ltd တွင် စစ်တပ်ပိုင် မြန်မာ့စီးပွားရေးဦးပိုင် (MEHL)နှင့် ဆက်နွယ်သည့် မြန်မာကုမ္ပဏီ K Efficient Logistics Consortium Company Limited နှင့် ဂျပန်စီပွားရေး ကော်ပိုရေးရှင်ကြီးများဖြစ်သည့် JOIN ၊ Sumitomo ၊ Toyota Tsusho တို့က ရင်းနှီးမြှုပ်နှံထားသည်။ 

ယခုနှစ်ဆန်းတွင် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်က ထိုစီမံကိန်း၏ ဆိပ်ကမ်းလုပ်ငန်းလုပ်ကိုင်ခွင့်အတွက် တင်ဒါအသစ်ခေါ်ယူခဲ့မှုနှင့်ပတ်သက်၍ မူလလုပ်ကိုင်ခွင့်ရ ဂျပန်ကုမ္ပဏီများထံ စာပေးပို့မေးမြန်းရာတွင် စီမံကိန်းမှ ထွက်ခွာတော့မည်ဖြစ်ကြောင်း တုံ့ပြန်ဖြေဆိုသည်ဟု Justice For Myanmar(JFM) နှင့် ဂျပန်အရပ်ဖက်အဖွဲ့အစည်းများက က မေ ၁၄ ရက်နေ့တွင် ပူးတွဲသတင်းထုတ်ပြန်သည်။ 

ဂျပန်ရင်းနှီးမြှုပ်နှံမှုအဖွဲ့အစည်းဖြစ်သည့် JOIN မှလွဲ၍ အခြားဂျပန်ကော်ပိုရေးရှင်းကြီး သုံးခုသည် ထိုစီမံကိန်းမှာ နုတ်ထွက်တော့မည်ဖြစ်ရာ စာရင်းရှင်းလင်းဖျက်သိမ်းမှုစတင်ဆောက်ရွက်နေကြောင်း၊ အကူးအပြောင်းကာလအတွက် ဝန်ထမ်းဘေးကင်းလုံခြုံရေးနှင့် လူအခွင့်အရေးစံနှုန်းများအတိုင်း ဆောက်ရွက်နေကြောင်း အတည်ပြုသည်ဟု ဆိုသည်။ 

စီမံကိန်းကို အာမခံပေးသည့် နောက်ထပ်ဂျပန်ကော်ပိုရေးရှင်းကြီးဖြစ်သည့် Nippon Export and Investment Insurance(NEXI) ကလည်း အာမခံအကျုံးဝင်မှုပြီးဆုံးသွားပြီဖြစ်ကြောင်း သိရသည်။

သို့သော် စီမံကိန်းပိုင်ပစ္စည်းများလွှဲပြောင်းမှု၊ စာချုပ်ရပ်ဆိုင်းမှုလျော်ကြေး၊ အနာဂတ်စီမံကိန်းအတွက် ဝင်ငွေများကို စစ်တပ်ထံလွှဲပြောင်းမှု ရှိမရှိနှင့်ပတ်သက်၍ ပွင့်လင်းမြင့်သာမှုမရှိသလို စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်းတစ်ခုဖြစ်သော OECD အဖွဲ့ နှင့် နိုင်ငံတကာစံနှုန်းများနှင့်ကိုက်ညီမှုရှိကြောင်း ဆိုသော အထောက်ထားများ မပေးခဲ့ကြောင်း JFM ထုတ်ပြန်ချက်တွင် တွေ့ရသည်။ 

“ဖျက်အားပြင်းငလျင်ကြီး နောက်ပိုင်းမှာတောင် လေကြောင်းတိုက်ခိုက်မှုတွေကို အရှိန်မြှင့်ပြီး လုပ်ဆောင်နေပါတယ်။ လူ့အခွင့်အရေး လေးစားလိုက်နာမှုမရှိတဲ့ ပြီးစလွယ် နုတ်ထွက်မှုတွေက ရက်စက်ကြမ်းကြုတ်မှုကြီးတွေမှာ လောင်စာဖြည့်ပေးနေတဲ့ အန္တရာယ်ရှိပါတယ်” ဟု Justice For Myanmar ၏ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က ပြောသည်။

စစ်တပ်နှင့် ကြံရာပါမဟုတ်ကြောင်း လုပ်ဆောင်ချက်များနှင့်ပတ်သက်၍ မဖြစ်မနေထုတ်ပြန်ရန် လိုအပ်ကြောင်း ၎င်းက ဆက်ပြောသည်။ 

သီလဝါဘက်စုံသုံးနိုင်ငံတကာဆိပ်ကမ်းစီမံကိန်းတည်နေရာပြမြေပုံ ။

စီမံကိန်းများမှ ထွက်ခွာရာတွင် လုပ်ရိုးလုပ်စဉ်စီးပွားရေးဆုံးဖြတ်ချက်တစ်ခုကဲ့သို့ မှတ်ယူ၍မရဘဲ စစ်တပ်နှင့်၎င်း၏မိတ်ဖက် ခရိုနီများ ဘဏ္ဍာငွေအကျိုးအမြတ်မရရေးဆောင်ရွက်ရန် တာဝန်ရှိကြောင်း ဂျပန်အရပ်ဘက်အဖွဲ့အစည်းတစ်ခုဖြစ်သည့် Mekong Watch အမှုဆောင်ဒါရိုက်တာ ယူကာကီဂူချီက လည်း ထုတ်ပြန်ချက်တွင် ပြောဆိုထားသည်။ 

မူလ TMIT ကုမ္ပဏီတွင် ပါဝင်နေသည့် မြန်မာကုမ္ပဏီ K Efficient Logistics Consortium Company Limited သည် EFR Group ၏ အစိတ်အပိုင်း ဖြစ်သည်။ EFR သည်လည်း ဦးပိုင်ကုမ္ပဏီခွဲ လန်းပြီမရင်း (Lann Pyi Marine) ကုမ္ပဏီနှင့် ရန်ကုန်မြို့ရှိ ကုန်းတွင်းဆိပ်ကမ်းဝင်းတစ်ခု တည်ဆောက်ရာတွင် မိတ်ဖက်များဖြစ်ကြသည်။ Lann Pyi Marine ကုမ္ပဏီကို အမေရိကန်၊ ဗြိတိန်၊ ဥရောပသမဂ္ဂ (EU)၊ ကနေဒါနှင့် ဩစတြေးလျနိုင်ငံတို့က ဒဏ်ခတ်ပိတ်ဆို့ထားသည်။

သီလဝါဘက်စုံသုံးနိုင်ငံတကာဆိပ်ကမ်းစီမံကိန်းတွင် ခေတ်မီဘက်စုံသုံးကုန်သေတ္တာဆိပ်ကမ်းတံတား နှစ်စင်းနှင့် အကွက်အမှတ် (၂၅)၏ နောက်ခံမြေ ၄၁ ဧကပေါ်တွင် ဆိပ်ကမ်းလုပ်ငန်းလုပ်ကိုင်ရန်အတွက် အခြေခံအဆောက်အဦနှင့် ကုန်ကိုင်တွယ်စက်ကရိယာများတပ်ဆင်ထားကြောင်း သိရသည်။

Related Articles

Back to top button