သတင်း

ဒီပဲယင်းတွင် ဗုံးကြဲခံရသူများကို လူနာမေးသွားသူ ၃ ဦး အဖမ်းခံရ

ကျောင်းသားငယ် ၂၀ ကျော် သေဆုံးရသည့် ဒီပဲယင်းဗုံးကြဲမှုတွင် ဒဏ်ရာရသွားသူများ လုံခြုံရေးအရ နေရာအသီးသီးတွင် ကုသမှုခံယူနေရပြီး ၎င်းတို့ထံသွားသူတချို့ကို စစ်တပ်က လမ်းတွင် ဖမ်းလိုက်သည်။

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ အိုးတိန်တွင်းရွာ ဗုံးကြဲခံရမှုတွင် ဒဏ်ရာရထားသည့် ကလေးတချို့  ကုသမှုခံယူနေသောနေရာသို့ သွားရောက်သည့် ဆွေမျိုးသားချင်း ၃ ဦးကို စစ်ကောင်စီတပ်က ယမန်နေ့  (မေ ၁၄) တွင် ဖမ်းဆီးလိုက်ကြောင်း ဒေသခံများထံက သိရသည်။ 

အဖမ်းခံရသူတို့မှာ အိုးတိန်တွင်းရွာဇာတိ အသက် ၄၀ ကျော်အရွယ် အမျိုးသား ၁ ဦးနှင့် အသက် ၂၀  ဝန်းကျင် အမျိုးသား ၂ ဦးတို့ ဖြစ်ကြောင်း   ဒီပဲယင်းမြို့နယ် ဒေသခံတစ်ဦးက ပြောသည်။

“လူနာရှိရာကို လိုက်သွားတာ။ သွားရင်း ဘုတလင်ကို မှားဝင်သွားရင်းနဲ့ ဖမ်းဆီးထိန်းသိမ်းခံလိုက်ရတာ။ ဘုတလင်မြို့ထဲမှာ အဖမ်းခံလိုက်ရတဲ့အနေထားပါ။ သူတို့ကိုတော့ ဘုတလင် ထွေအုပ်ရုံးထဲမှာ ဖမ်းဆီး ထားတယ်လို့ သတင်းရတယ်” ဟု သူက ပြောသည်။

ဖမ်းဆီးခံရမှုအခြေအနေနှင့်ပတ်သက်ပြီး အသေးစိတ်ကို မသိရှိရသေးဘဲ ယနေ့ (မေ ၁၅ ရက်) နံနက်အထိ အဆက်အသွယ်မရသေးသောကြောင့် မိသားစုဝင်များက စိုးရိမ်ပူပန်နေကြသည်ဟု သိရသည်။

အိုးတိန်တွင်းရွာ တောင်ဘက် မိုင် ၂၀ ကျော်အကွာတွင်ရှိသည့် ဘုတလင်မြို့တွင် ယခင်က မြို့အဝင်တွင် စစ်တပ်စစ်ဆေးရေးဂိတ်ရှိသော်လည်း နောက်ပိုင်းတွင် မြို့ထဲမှာပင် လမ်းသွားလမ်းလာများကို ဖမ်းဆီး ရိုက်နှက်စစ်ဆေးတတ်သည်ဟု ဒေသခံတို့က ဆိုသည်။ 

ပြီးခဲ့သည့် မေ ၁၂ ရက်နေ့ နံနက်က အိုးတိန်တွင်းရွာ စာသင်ကျောင်းကို လေတပ်က ဗုံးနှစ်လုံးကြဲ တိုက်ခိုက်ခဲ့သည်၊ ကျောင်းသား ကျောင်းသူ ၂၀ နှင့် ဆရာမ ၂ ဦး သေဆုံးရာ အများစုမှာ မူလတန်းအရွယ်ကလေးငယ်များဖြစ်ပြီး အငယ်ဆုံးမှာ အသက် ၇ နှစ်အရွယ်ဖြစ်သည်။

နောက်ရက်များတွင် ဒဏ်ရာပြင်းထန်သည့် ကလေးများထဲမှ ၂ ဦး သေဆုံးသွားသည်။ 

ပေါက်ကွဲမှုကြောင့် ဒဏ်ရာရသူ ၁၀၀ ကျော် ရှိရာ   နေရာခွဲ၍ ကုသမှု ခံယူနေကြသည်ဟု ဒေသခံများက ဆိုကြသည်။ 

စစ်ကောင်စီက ဆေးရုံ၊ ဆေးခန်း၊ စာသင်ကျောင်းများကို ဦးတည်ပြီး လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်လုပ်နေသဖြင့် ဒဏ်ရာရသူတို့၏ လုံခြုံရေးမှာ နောက်ဆက်တွဲ အလေးထားစရာ ဖြစ်လာသည်။ 

စစ်ကောင်စီကမူ အိုးတိန်တွင်းရွာ တိုက်ခိုက်မှုမှာ ၎င်းတို့လက်ချက်မဟုတ်ဟု သတင်းထုတ်ပြန်ထားသည်။

အိုးတိန်တွင်းရွာ တိုက်ခိုက်ခံရသည့်နေ့တွင်  ဒီပဲယင်းမြို့နယ် အရှေ့ခြမ်း ဂေါင်းစုရွာလည်း ထိုနေ့ ညသန်းခေါင်မှာပင်  လေကြောင်းတိုက်ခိုက်မှု ခံရပြန်သည်။ 

စစ်ကိုင်းငလျင်နောက်ဆက်တွဲ ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက်  ယာယီအပစ်ရပ်မှုကို မေလကုန်အထိ သက်တမ်းတိုးသည်ဟု စစ်ကောင်စီက သတင်းထုတ်ပြန်ထားသော်လည်း လေကြောင်းတိုက်ခိုက်မှုများကို နိုင်ငံအနှံ့အရှိန်မြှင့်နေပြီး စာသင်ကျောင်း၊ ဆေးရုံ၊ ဘာသာရေးအဆောက်အဦးတို့မှာ ပစ်မှတ်ဖြစ်နေသည်။ 

အင်အားပြင်းငလျင်လှုပ်ခတ်ခဲ့သည့် မတ်လ ၂၈ ရက်နေ့မှ မေ ၉ ရက်နေ့အထိ တစ်လခွဲနီးပါးအတွင်း ရန်ကုန်တိုင်းမှအပ တိုင်းနှင့်ပြည်နယ်အနှံ့ လေကြောင်းတိုက်ခိုက်မှုအကြိမ်ရေ ၃၇၀ ကျော်ပြုလုပ်ခဲ့ရာ ပြည်သူ ၃၃၄ ဦးသေဆုံးပြီး ၅၅၂ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ထုတ်ပြန်ထားသည်။ 

စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းနှင့် မကွေးတိုင်းတို့တွင် လေကြောင်းတိုက်ခိုက်မှုအများဆုံး ပြုလုပ်ခဲ့ပြီး သေဆုံးသူများ၏ သုံးပုံတစ်ပုံနီးပါးမှာ စစ်ကိုင်းတိုင်းမှဖြစ်သည်ဟု ထုတ်ပြန်ချက်က ဆိုသည်။

Related Articles

Back to top button