သတင်း

အနိမ့်ဆုံးလုပ်ခလစာနှုန်းထား တိုးမြှင့်ရန် ဥရောပကုန်သည်ကြီးများအသင်း တိုက်တွန်း 

ကိုဗစ်ကပ်ဘေး၊ အာဏာသိမ်းမှုတို့ မတိုင်မီက တစ်ရက်လုပ်ခ ၃ ဒေါ်လာဖြစ်ပြီး ယခု ၁ ဒေါ်လာသာ ရကြတော့သဖြင့် အပြောင်းအလဲ ပြုလုပ်ရန် စစ်ကောင်စီကို ဖိအားပေးနေကြသည်။

မြန်မာ့အထည်ချုပ်ကဏ္ဍ၏ အနိမ့်ဆုံးလုပ်ခစာနှုန်းထားကို ပြန်လည်သုံးသပ်ပြီး တိုးမြှင့်ရန် လိုအပ်လာ နေသည်ဟု ဥရောပကုန်သည်ကြီးများအသင်း(EuroCham Myanmar)က ဧပြီလကုန်ပိုင်းတွင် ထုတ်ပြန်ကြေညာသည်။ 

လက်ရှိအချိန်တွင် အနည်းဆုံးလုပ်ခလစာငွေ မလုံလောက်ခြင်းကြောင့် လုပ်ငန်းခွင်အငြင်းပွားမှုများကို ဖြစ်စေခြင်း၊ အလုပ်ပြောင်းရွှေ့မှုများ မြင့်တက်ခြင်း နှင့် ကျွမ်းကျင်လုပ်သားများ ဆုံးရှုံးခြင်းများ ဖြစ်ပေါ်စေ၍ မကြာသေးမီနှစ်များတွင် ကုန်ထုတ်လုပ်နိုင်မှုများ လျော့ကျပျက်ပြားစေသည်ဟု ဆိုသည်။ 

မြန်မာနိုင်ငံ၏ အနည်းဆုံးလုပ်ခလစာနှုန်းထားကို ၂၀၁၈ ခုနှစ်၊ မေလတွင် တစ်နေ့လျှင် ကျပ် ၄၈၀၀ အဖြစ်သတ်မှတ်ထားသည်၊ ကိုဗစ်ကပ်ဘေးနှင့် စစ်အာဏာသိမ်းမှုတို့ကြောင့် လုပ်ခလစား နှုန်းထား အသစ်ကို ပြင်ဆင်နိုင်ခဲ့ခြင်းမရှိပေ။ 

အလုပ်သမားများအတွက် အနိမ့်ဆုံးလုပ်ခကို ကျပ် ၄၈၀၀ နှုန်းသတ်မှတ်ခဲ့စဉ်က အမေရိကန်ဒေါ်လာ ၁ ဒေါ်လာလျှင် ကျပ် ၁၃၄၀  ဝန်းကျင် သာရှိ၍ တစ်ရက်လုပ်ခမှာ ၃ ဒေါ်လာ ကျော်ရရှိကြသည်။ 

အာဏာသိမ်းမှုနောက်ပိုင်းတွင် စစ်ကောင်စီက အလုပ်သမားများကို တစ်ရက်လုပ်ခ အပိုထောက်ပံ့ ကြေးအဖြစ် ကျပ် ၁၀၀၀ နှစ်ကြိမ် တိုးမြှင့်ပေးရန် သတ်မှတ်ခဲ့၍  ကျပ် ၆၈၀၀ ဖြစ်လာသည်။ 

သို့သော်လည်း ယခုတွင် ၁ ဒေါ်လာသည် ပြင်ပစျေးကွက်တွင် ကျပ် ၄၅၀၀ မှ ၆၀၀၀ ဝန်းကျင်ရှိနေ၍ တစ်ရက်လုပ်ခသည် ၁ ဒေါ်လာကျော်သာ ဖြစ်နေသည်။  

ကုန်စျေးနှုန်းကြီးမြင့်မှု နှင့် မြန်မာကျပ်ငွေတန်ဖိုး ကျဆင်းခြင်း တို့ကြောင့် ထိုလုပ်ခလစာနှုန်းထားသည် ၂၀၁၈ ခုနှစ်တွင် ရှိနေခဲ့သော လုပ်ခလစာနှုန်းထား၏ ထက်ဝက်တန်ဖိုးမျှသာ ဖြစ်နေသည်ဟု မြန်မာနိုင်ငံ စက်မှု၊ လက်မှုနှင့် ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (MICS) က မေလ ၁၄ ရက်နေ့တွင် ထုတ်ပြန်သည်။  

လုပ်ခလစာမလုံလောက်ခြင်း၊ လုပ်ငန်းခွင်လုံံခြုံမှု မရှိခြင်း နှင့် နိုင်ငံရေးမတည်ငြိမ်မှုတို့ကြောင့် အလုပ် သမားများ ပြည်ပသို့ အလုံးအရင်း ပြောင်းရွှေ့မှု ပြဿနာ  ကြီးထွားလာနေသည်ဟု MICS ၏ တာဝန်ရှိသူတစ်ဦးက Myanmar Now သို့ပြောသည်။ 

“လုပ်ခလစာမလောက်ငတာကြောင့် အလုပ်သမားတွေက ဘ၀ပျက်ကြရတဲ့အထိ ကို ဖြစ်လာနေပြီ” ဟု သူက ဆိုသည်။ 

လစာမြင့်မားသော အလုပ်အကိုင် ရလိုမှုတို့ကြောင့်  လိင်ဖျော်ဖြေရေးလုပ်ငန်းများ နှင့် နိုင်ငံခြားသား များထံ ဇနီးမယားအဖြစ် လူကုန်ကူးရောင်းစားခံရခြင်းများ ကြုံတွေ့လာနေသည်ဟု သူက ပြောဆိုသည်။   

မြန်မာနိုင်ငံမှ အရင်းအမြစ် များရယူနေသော နိုင်ငံတကာအမှတ်တံဆိပ်များသည်လည်း အလုပ်သမားတို့၏ လုပ်ခလစာနှင့် နေထိုင်မှုအခြေအနေများ တိုးတက်ရန် တာဝန်ရှိသည်ဟု EuroCham Myanmar က ဆိုထားသည်။ 

အထည်ချုပ်လုပ်ငန်းကဏ္ဍ စျေးနှုန်းစာချုပ်များတွင် အနည်းဆုံးလုပ်ခလစာနှုန်းထားသည် အဓိကကျသော အချက်တစ်ခုအဖြစ် ပါဝင်နေပြီး မြန်မာတွင် ထိုနှုန်းထားကို ၂၀၁၈ ခုနှစ်ကတည်းက မပြောင်းနိုင်သည့်အတွက် ဒေသတွင်းနိုင်ငံများနှင့် နှိုင်းယှဉ်ပါက သိသိသာသာကျဆင်းနေကြောင်း ဆိုထားသေးသည်။ 

အလုပ်သမားများသည် အနည်းဆုံးလုပ်ခလစာငွေ မလုံလောက်ခြင်းကြောင့် အချိန်ပိုလုပ်ကိုင်ခွင့်ကို ပိုမိုအားကိုးနေကြရပြီး အလုပ်သမားဥပဒေပါ နှစ်စဉ်ခွင့်နားရက် နှင့် ကျန်းမာရေးဆိုင်ရာ ခွင့်ရက်များ၊ ပေးထားသော အခွင့်အရေးများကို အပြည့်အ၀ရရှိရန် အတားအဆီးဖြစ်စေသည်၊ ထိုကြောင့် အလုပ်သမားများ၏ ကျန်းမာရေးကို ထိခိုက်စေသည်ဟု EuroCham Myanmar က ဆိုသည်။   


ရန်ကုန်မြို့နေ စက်ရုံအလုပ်သမားတစ်ဦး၏ မိသားစုထမင်း၀ိုင်း။ (ဓာတ်ပုံ –   ကိုကံကောင်း/ Myanmar Now)

အနိမ့်ဆုံးလုပ်ခလစာနှုန်းထားကို  ကဏ္ဍတစ်ခုတည်းအတွက် တိုးမြှင့်သတ်မှတ်ရန် လွယ်ကူမည် မဟုတ်ကြောင်း အထည်ချုပ်လုပ်ငန်းရှင်တစ်ဦးက ​Myanmar Now သို့ ပြောသည်။ 

လတ်တလောတွင်လည်း လုပ်ငန်းရှင်များသည် အတင်းအဓမ္မလုပ်အားခိုင်းစေခြင်းမရှိရေး၊ ကလေး လုပ်သားခန့်အပ်မှု မရှိစေရေး အစရှိသည့် လုပ်ငန်းခွင်အဆင်ပြေရေး ဆောင်ရွက်ချက်များကို လုပ် ဆောင်နေပြီး ကျွမ်းကျင်လုပ်သားရှားပါးမှုဒဏ်ကို ခက်ခက်ခဲခဲဖြေရှင်းနေကြရသည်ဟု သူက ဆိုသည်။ 

“တချို့တွေက တခြားလုပ်ငန်းကဏ္ဍက နေ့စားသမားတွေရဲ့ တစ်ရက်လုပ်ခလစာနဲ့ နှိုင်းယှဉ်ပြောကြ တာပေါ့။ သူတို့တွေက အဲဒီအလုပ်လုပ်ရတဲ့နေ့အတွက်ပဲ ပိုက်ဆံရကြတာ။ စက်ရုံအလုပ်ရုံတွေမှာပေးတဲ့ လစာနှုန်းထားက အလုပ်မလုပ်ရတဲ့နေ့တွေအတွက်ပါ ထည့်သွင်းတွက်ချက်ပေးထားတယ်” ဟု သူက ပြောဆိုသည်။ 

အလုပ်သမားများအတွက် အနည်းဆုံးလုပ်ခလစာတိုးမြှင့်မည်ဆိုပါက တစ်နေ့ ၈ နာရီအလုပ်အတွက် စံသတ်မှတ်လစာအဖြစ် သတ်မှတ်ရန် လိုအပ်မည်ဟု အလုပ်သမားသမဂ္ဂအဖွဲ့ချုပ်တစ်ခုဖြစ်သော MICS မှ တာဝန်ရှိသူက ပြောသည်။ 

မကြာသေးမီကာလများတွင်လည်း အနည်းဆုံးလုပ်ခလစာတိုးမြှင့်ပေးရန် စက်ရုံအလုပ်ရုံ များတွင် ဆန္ဒပြတောင်းဆိုမှုများ ဆက်တိုက်ရှိနေကြောင်း သူက ဆိုသည်။ 

“လုပ်ခလစာ တောင်းဆိုနေတဲ့ စက်ရုံတွေက ရှိနေတယ်၊ အပြင်ကို ဆန္ဒထွက်မပြကြတာပဲရှိတယ်။ စက်ရုံအတွင်းမှာ ညှိနှိုင်း၊ ဆွေးနွေး၊ တောင်းဆိုမှုတွေ အများကြီးရှိနေတယ်” 

ယခုလအတွင်း၌လည်း ရန်ကုန်မြို့ရှိ မြန်မာလုံချန်း၊ Myanmar Xiang He အထည်ချုပ်စက်ရုံ၊ Tsang Yih ဖိနပ်စက်ရုံ နှင့် True Green City ကော်စေ့စက်ရုံ တို့အပါအဝင် စက်ရုံတချို့တွင် အနည်းဆုံးလုပ်ခလစာ တိုးမြှင့်ပေးရေး တောင်းဆိုညှိနှိုင်းရသော အငြင်းပွားမှုများရှိနေသည်ဟု အလုပ်သမားအဖွဲ့အစည်းများ ထံက သိရသည်။ 

Related Articles

Back to top button