သတင်း

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ် လက်နက်ကြီးပစ်ခတ်မှုကြောင့် ၅ ဦးသေဆုံး 

စစ်ကိုင်းတိုင်းအတွင်း နေအိမ် လက်နက်ကြီးကျည်ထိသဖြင့် မိသားစုဝင် ၄ ဦး သေဆုံးသည်ဟု ချောင်းဦး CHU PDF အဖွဲ့က ပြောသည်။

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်အခြေစိုက် စစ်ကောင်စီတပ်က ယမန်နေ့ ညပိုင်းကစပြီး ယနေ့ (မေ ၁၆) နံနက်အထိ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် အရပ်သား ၅ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ဒေသခံများထံက သိရသည်။ 

ည ၁၀ နာရီခန့်က လက်နက်ကြီး ၃ လုံး ပစ်ခတ်ခဲ့ရာ တောင်ဘက်ခြမ်း ကျေးရွာတစ်ရွာသို့ ကျရောက် ပေါက်ကွဲပြီး အမျိုးသား ၃ ဦးနှင့် အမျိုးသမီး ၂ ဦး သေဆုံးကြောင်း ချောင်းဦး CHU PDF အဖွဲ့က ပြောသည်။ 

“တစ်လုံးက မိသားစုလိုက်နေတဲ့အိမ်ပေါ် ကျတာ။ အဲ့ဒီမိသားစု ၄ ဦးသေဆုံးပြီး အိမ်က မီးလောင်သွား တယ်။ ဒုတိယလုံးနဲ့ တတိယလုံးက ရွာထဲမှာကျတယ်။ ဒုတိယလုံးက ပြည်သူတစ်ယောက်ထိတယ်။ တချို့ ဒဏ်ရာရတယ်။ တတိယလုံးကလည်း ဒဏ်ရာရတာရှိတယ်”ဟု CHU PDF သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက ပြောသည်။ 

သေဆုံးသူများ၏ နာမည်နှင့်အသက်အရွယ်အသေးစိတ်အချက်အလက်ကို ထပ်မံသိရှိနိုင်ရန် စုံစမ်းနေဆဲ ဖြစ်သည်။ 

ယနေ့ နံနက်တွင်လည်း မြို့ပေါ်ရှိ စစ်တပ်က တောင်ဘက်ခြမ်းရွာများနှင့် အလယ်ပိုင်းမှ ကျေးရွာများကို  ပစ်ခတ်ခဲ့ပြီး မြို့ပေါ် ရပ်ကွက်တွင်လည်း လက်နက်ကြီး ၆၀ မမ ကျည်တချို့ ကျရောက် ပေါက်ကွဲခဲ့ကြောင်း သိရသည်။ 

အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) တည်ရှိရာ မုံရွာမြို့နှင့်ကပ်လျက်ရှိ ချောင်းဦးမြို့နယ်မှာ တော်လှန်ရေးအင်အားစု အားကောင်းရာဒေသဖြစ်ပြီး စစ်တပ်ကလည်း လေကြောင်းတိုက်ခိုက်မှု၊ အင်ဂျင်တပ်လေထီးဖြင့် တိုက်ခိုက်မှုများ ဆက်တိုက်လုပ်နေပြီး အဝေးပစ်လက်နက်ကြီးများဖြင့်လည်း ပစ်ခတ်တိုက်ခိုက်လေ့ရှိသည်။ 

ဖေဖော်ဝါရီလကလည်း မုံရွာနှင့်ချောင်းဦးအနီးဝန်းကျင်ရွာများကို လက်နက်ကြီးလေကြောင်းဖြင့် ပစ်ခတ်မှုတို့ကြောင့် အရပ်သား ၈ ဦးထက်မနည်းသေဆုံးပြီး အများပြားထိခိုက်ဒဏ်ရာရှိခဲ့သည်။

မေ ၁၀ ရက်နေ့ကလည်း ချောင်းဦးမြို့နယ် သုံးပန်လှရွာကို အင်ဂျင်တပ်လေထီးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အလှူပွဲလုပ်မည့်နေအိမ်ပေါ်သို့ ကျရောက်ပေါက်ကွဲပြီး ၃ ဦးသေဆုံးကာ ၂ ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်။ 

ဘုန်းကြီးကျောင်းတွင် အလှူပွဲကျင်းပရန် စီစဉ်နေသည့် နေအိမ်ပေါ်သို့ကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး အလှူဒါယိကာနှင့် မောင်ရှင်လောင်းမှာ ပွဲချင်းပြီးသေဆုံးခဲ့ပြီး အလှူဒါယိကာမနှင့် သမီးငယ်မှာ ထိခိုက် ဒဏ်ရာပြင်းထန်စွာရရှိခဲ့ကြသည်။ 

ထို့ပြင် မေ ၁၂ ရက်နေ့ နံနက် ၉ နာရီဝန်းကျင်တွင် မှန်ချိုရွာကို လေကြောင်းမှ ဗုံး ၂ လုံးကြဲချတိုက်ခိုက် ခဲ့ရာ ပြည်သူ ၂ ဦးသေဆုံးပြီး ၅ ဦး အပြင်းအထန် ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ 

မြို့ပေါ်နှင့် အနီးဝန်းကျင် တပ်စွဲထားသည့် စစ်တပ်က မေ ၁၃ ရက် ည ၈ နာရီဝန်းကျင်တွင် ခင်မွန်ရွာကို ရုတ်တရက် စီးနင်းဝင်ရောက်ကာ အမျိုးသားများကို ဖမ်းဆီးပြီး အမျိုးသား ၁ ဦးကို ဓါးနှင့် အကြိမ်ကြိမ် မွှန်းကာ ညှင်းပန်းနှိပ်စက်သတ်ဖြတ်ခဲ့သည်ဟု သိရသည်။ 

အမျိုးသား ၂၀ ခန့်ကို ဖမ်းဆီးခဲ့ပြီးနောက် အချို့ကို ပြန်လွှတ်ပေးခဲ့သော်လည်း ၇ ဦးကိုခန့်ကို အနောက်မြောက်တိုင်းစစ်ဌာနချုပ်သို့ ဆက်လက်ခေါ်ဆောင်သွားကြောင်း CHU PDF တာဝန်ရှိသူက ပြောသည်။ 

ထိုပြောဆိုချက်များနှင့် ပတ်သက်ပြီး စစ်တပ် တာဝန်ရှိသူများကို ဆက်သွယ် မေးမြန်းနိုင်ခြင်း မရှိသေးသလို စစ်တပ်၏ အင်တာနက် စာမျက်နှာတွင်လည်း ထိုဒေသ ပစ်ခတ်မှု၊ ဖမ်းဆီးမှုများ အကြောင်း ဖော်ပြမထားပေ။

စစ်ကိုင်းငလျင်နောက်ဆက်တွဲပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက် စစ်တပ်က ယာယီအပစ်ရပ် သက်တမ်းတိုးကြောင်း အကြိမ်ကြိမ်ထုတ်ပြန်ထားသော်လည်း နိုင်ငံအနှံ့ လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်လုပ်နေရာ ငလျင်အပြီး တစ်လကျော်အတွင်း လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၅၀၀ ကျော် သေဆုံးခဲ့ရသည်။ 

Related Articles

Back to top button