သတင်း

နောက်ဆက်တွဲငလျင်ငယ်များ ပေါ်ပေါက်နေပြီး မန္တလေးတွင် ၂ ဦး သေဆုံး

မတ်လ ငလျင်ကြောင့် နာလန်မထူနိုင်ကြသေးသည့် အခြေအနေတွင် အကူအညီ နည်းပါးမှု၊ နောက်ဆက်တွဲ ငလျင်ငယ်များ ဖြစ်ပေါ်လာမှုတို့ကို ငလျင်ဒေသမှ ပြည်သူများ ရင်ဆိုင်နေရသည်။

ငလျင်ဒဏ် အကြီးအကျယ် ခံလိုက်ရပြီးနောက် မြို့နယ်အများအပြားတွင် နာလန်ထူရန် ခက်ခဲနေကြစဉ် မေလ ၁၇ ရက် ညပိုင်းက  မန္တလေးတိုင်း မြစ်သားမြို့ကို ဗဟိုပြု ပေါ်ပေါက်ခဲ့သည့် အင်အား၅.၇ အဆင့်ရှိငလျင်ကြောင့်  မန္တလေးမြို့တွင်  ပြိုလဲသွားသော သစ်ပင်ပိမိသည့်  တဲအတွင်းမှ သားအဖနှစ်ဦး သေဆုံးခဲ့ရသည်။

မဟာအောင်မြေမြို့နယ်၊  စိန်ပန်းရပ်ကွက်၊  ၄၁လမ်းနှင့် ၈၉လမ်းထောင့် အဘယာရာမရွှေဂူဘုန်းကြီးကျောင်းဝန်း၊ ဒုက္ခသည်စခန်းတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ထိုနေ့က မိုးသည်းထန်စွာ ရွာသွန်းထားချိန်  ငလျင်လှုပ်ရာ လုံးပတ် ၅ ပေ၊ အရှည် ပေ ၄၀ ဝန်းကျင် ကုက္ကိုလ်ပင်ကြီး အမြစ်မှလှန်၍ ပြိုလဲကျကာ အဆိုပါ သေဆုံးမှု ပေါ်ပေါက်ခဲ့သည်ဟု မဏိစလလူမှုကူညီရေးအသင်းက ထုတ်ပြန်ထားသည်။

အဆိုပါ နောက်ဆက်တွဲငလျင်ကြောင့် မန္တလေးမြို့ပေါ်ရှိ အဆောက်အအုံအချို့လည်း အုတ်နံရံနှင့် ကွန်ကရစ်တိုင်များ အက်ကွဲ၊ ယိုင်နဲ့သွားသည်ဟုလည်း မန္တလေးမြို့ အရန်မီးသတ်တပ်ဖွဲ့က ထုတ်ပြန်သည်။

ငလျင်ဒဏ်သင့် ပြည်သူများ နေထိုင်ရေး ခက်ခဲဆဲဖြစ်သည်ဟု ဒေသခံများနှင့် ကူညီရေးလုပ်ဆောင်နေသူများက ပြောသည်။

ပြီးခဲ့သည့် မတ်လ၂၈ရက်နေ့   ပြင်းအား၇.၇အဆင့်ရှိ ငလျင်ဒဏ်ကြောင့် မန္တလေးနှင့် စစ်ကိုင်းမြို့တို့မှ လူပေါင်း ၄၀၀၀ နီးပါး​သေဆုံးခဲ့ပြီး အဆောက်အအုံနှင့် လူနေအိမ် ၆၇,၀၀၀ ကျော် ပျက်စီးပြိုကျသွားခဲ့သည်။

မန္တလေးမြို့နေ ငလျင်သင့်ပြည်သူအများစုမှာ ဘုန်းကြီးကျောင်းများ၊ ဘောလုံးကွင်းများ၊ စာသင်ကျောင်းများ စသည့်ဒုက္ခသည်စခန်းများတွင် နေထိုင်နေရဆဲဖြစ်ပြီး နေအိမ်များ ပြန်မဆောက်နိုင်သေးပေ။

မြေငလျင်ကြောင့် ထိခိုက်ထားသည့်အဆောက်အဦများကိုလည်း ဖြိုချရှင်းလင်း၊ ပြုပြင်နေကြဆဲဖြစ်သည်ဟု မြို့ခံတို့ကဆိုကြသည်။ စစ်ကောင်စီက ထိုအဆောက်အဦများကို အမြင်တင့်စေရန် ကာရံထားရမည်၊  ခွင့်ပြုချက်တောင်းခံရမည်၊ ဆောက်လုပ်ဆဲအဆောက်အဦများ လုပ်ငန်း ရပ်ထားရမည်၊  မလိုက်နာပါက အရေးယူမည်ဟု မေလ၁၀ရက်နေ့တွင် ထုတ်ပြန်ထားသည်။

“မဖြိုနိုင်လို့တောင် ပစ်ထားကြရတဲ့ အဆောက်အအုံတွေ အများကြီးရှိသေးတယ်၊ အန္တရာယ်ရှိနေတာတောင် ဒီအတိုင်းပစ်ထားကြရတယ်။ သူတို့(စည်ပင်)လည်း မနိုင်သေးဘူး၊ ဘယ်လိုဦးစားပေးအဆင့်နဲ့ ဆောင်ရွက်ပေးနေတယ် မသိရဘူး” ဟု မဟာအောင်မြေမြို့နယ်မှ ဒေသခံအမျိုးသားကပြောသည်။

“ဒီကြားထဲက ကိုယ်ထူကိုယ်ထ လုပ်ဖို့တောင် ခွင့်ပြုချက်တင်ပြရဖို့တွေရော၊ အမြင်တင့်အောင် ကာရမယ်တွေရော ဘာတွေမှန်းမသိဘူး။ တော်တော်အလုပ်ရှုပ်တာပေါ့”

အင်အားအလယ်အလတ်ရှိ နောက်ဆက်တွဲငလျင်များလည်း မကြာခဏပေါ်ပေါက်နေခြင်းကြောင့် ဒေသခံများ စိုးရိမ်နေကြရသည်။

“အခုနောက်ပိုင်းလှုပ်လာတဲ့ဟာက အရှိန်တွေက များများလာတယ်၊ သုံးလေးရက်လောက်ခဏငြိမ်သွားရင်လည်း ပြန်လှုပ်လာပြီဆိုလို့ရင် အရှိန်တွေကပိုများလာလိုက် ဖြစ်နေတဲ့အခါကျတော့ နောက်တစ်ကြိမ် ငလျင်ကြီး ထပ်လှုပ်မှာကို စိုးရိမ်စိတ်တွေ အရမ်းများနေရတယ် ဟု  ဒေသခံက ပြောသည်။

ထိုအခြေအနေတွင် နေအိမ်ဆုံးရှုံးထားသော ဒေသခံများ၊ နေအိမ် ပြင်ဆင်ရမည့်သူများ၊ အထပ်မြင့် အဆောက်အဦအနီး နေထိုင်သူများသည်  မြေကွက်လပ်များ၊ ပရဟိတအသင်းများ၊ ငလျင်ဒုက္ခသည်စခန်းများ စသည့်နေရာများသို့ သွားရောက်ကာ ယာယီတဲအမိုးအကာများဖြင့်  ခိုလှုံနေကြဆဲဖြစ်သည်။

“အခုထိရပ်ကွက်တွေမှာ ရှင်းလင်းရေး မလုပ်ပေးနိုင်ကြသေးဘူး။ ကိုယ်ထူကိုယ်ထလုပ်ဖို့ကလည်း ငွေတအားကုန်တော့ မတတ်နိုင်လို့ဆိုပြီး ဒီအတိုင်းပစ်ထားကြတဲ့အိမ်တွေမှအများကြီးပဲ”ဟု ကူညီရေးလုပ်ကိုင်သည့် မန္တလေးမြို့ခံ အမျိုးသမီးတစ်ဦးကပြောသည်။

“အခုလက်ရှိထိ လူတွေက အိမ်ရှင်းလင်းဖြိုချတာတွေ၊ ပြင်ဆင်တာတွေ မလုပ်နိုင်ကြသေးတော့တချို့ကယ်ဆယ်ရေးစခန်းတွေမှာပဲ သွားခိုလှုံတာရှိတယ်။ နောက်ပြီး အန္တရာယ်ရှိနေလည်းမတတ်သာဘဲ ဆက်နေနေကြတာတွေ အများကြီးပဲ” ဟု ထို အမျိုးသမီးက ဆိုသည်။

 “အခက်အခဲဆိုရင် နေစရာအပြင် စားဝတ်နေရေးတွေပါ ရိုက်ခတ်လာတာရှိတယ်။ တချို့လုပ်ငန်းတွေ မလည်ပတ်နိုင်ကြတော့၊ ဝန်ထမ်းတွေ၊အလုပ်သမားတွေ စားဝတ်နေရေးတွေပါခက်ခဲလာကြတယ်”

ဒုက္ခသည်စခန်းတစ်ခုတွင် နေထိုင်နေရသည့် အမျိုးသမီးတစ်ဦးကလည်း အကူအညီများ ၎င်းတို့ထံသို့ ရောက်လာရန် ခဲယဉ်းသည်ဟု Myanmar Nowကို ပြောဆိုသည်။

 “စစ်ကောင်စီဆီမှာ နာမည်ပေါက်တဲ့၊ သူတို့ စီစဉ်ပေးထားတဲ့ စခန်းတွေမှာ နေတဲ့သူတွေကကျတော့ ကျွန်မတို့လို ရပ်ကွက်တွေက ကိုယ်ထူကိုယ်ထ ယာယီစခန်းတွေထက်စာရင် အထောက်အပံ့တွေကအထိုက်အလျောက်ရကြတယ်။ အဓိကပိုခက်ခဲနေတာ ကိုယ်ထူကိုယ်ထ ယာယီစခန်းတွေပေါ့နော်”ဟု ဆိုသည်။

“အလှူရှင်တွေကတို့ သက်ဆိုင်ရာတို့က ကွင်းဆင်းပြီး ကူနိုင်ကြရင်ကောင်းလိမ့်မယ်၊ အခုလက်ရှိဖြစ်ပျက်နေတာတွေက ရသူတွေက တအားရကြပြီး။ ရပ်ကွက်တွေမှာအဆင်ပြေသလို နေကြသူတွေ၊ စခန်းမှာမနေဘဲ ကြိတ်ဖြေရှင်းနေကြတဲ့သူတွေက ဘာဆိုဘာမှ မရတဲ့သူတွေကအ များကြီးပဲ။ လက်ရှိက ကူကြတယ်၊ မထိရောက်ဘူးပေါ့နော်” 

မတ်လ ၂၈ ရက်နေ့ ငလျင်ကြောင့် လူပေါင်း ၃၇၀၀ ကျော်သေဆုံး၊ အိမ်ခြေ ၆၇,၀၀၀ ကျော် ပြိုကျပျက်စီး၊ ကျောင်းပေါင်း ၆၄၀၀ ကျော်၊ ဆေးရုံဆေးခန်း ၃၅၀ ခန့် ပျက်စီးခဲ့သည်ဟု စစ်ခေါင်းဆောင်က ထုတ်ပြောထားသည်။

၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်းကြောင့် လူတစ်သိန်းကျော် အသေအပျောက်ရှိသည်အထိ ပျက်စီးမှု ကြီးမားခဲ့စဉ်ကလည်း စစ်ဗိုလ်ချုပ်မျာက အခြေခံဥပဒေ ဆန္ဒခံယူပွဲကို ဦးစားပေး ကျင်းပခဲ့သည်။

ယခုလည်း ငလျင်ကြောင့် မြို့အများအပြားတွင် အကြီးအကျယ် ပျက်စီးသွားသော်လည်း စစ်ဗိုလ်ချုပ်များက   ယခုနှစ်ကုန်တွင် ရွေးကောက်ပွဲကျင်းပရေးကိုသာ ဦးစားပေးနေကြောင်း တွေ့ရသည်။

Related Articles

Back to top button