သတင်း

ချင်း၊ စစ်ကိုင်း၊​ မကွေး လေကြောင်းတိုက်ခိုက်မှုများတွင် ကလေးများအပါအဝင် ၉ ဦး သေဆုံး

၂ ရက်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်မှုများအတွင်း သေဆုံးသူများထဲတွင် ပုလဲမြို့နယ်မှ ၆ တန်းကျောင်းသား၊ မုံရွာမြို့နယ် ၉ နှစ်သားတို့ ပါဝင်သည်။ ချင်းပြည်နယ် မင်းတပ်မြို့မှာ ၃ ရက်ဆက်တိုက် ဗုံးကြဲခံနေရသည်။

မေ ၁၇ နှင့် ၁၈ ရက်နေ့တို့တွင်  စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် နိုင်ငံအလယ်ပိုင်း စစ်ကိုင်း၊ မကွေးတိုင်းနှင့် ချင်းပြည်နယ်တို့တွင် ကလေးများအပါအဝင် ၉ ဦး သေဆုံးပြီး အများအပြား  ဒဏ်ရာရသွားကြောင်း သိရသည်။ 

မေ ၁၈ နေ့လယ် ၁၂း၄၀ ဝန်းကျင်တွင်  စစ်ကိုင်းတိိုင်း၊ ပုလဲမြို့နယ်၊ နွယ်အင်းကျေးရွာကို စစ်လေယာဉ် သွားရောက် တိုက်ခိုက်ရာ Grade 6 ကျောင်းသားမောင်ဖုန်းမင်းသန့် ၊ အမျိုးသမီး ၄ ဦးတို့ သေဆုံးခဲ့ကြောင်း သိရသည်။ ဒဏ်ရာရသူ ၅ ဦးခန့် ရှိသည်ဟု ဆိုသည်။

“ပစ်သွားတာကတော့ သုံးကြိမ်ပဲ။ ဖုန်းလိုင်း အဆက်အသွယ်မရတော့ သတင်းက မတိကျသေးဘူး။ အခင်းဖြစ်ရာကို ကျွန်တော်တို့ ရဲဘော်တွေ သွားနေပါတယ်” ဟု ပုလဲမြို့နယ်အခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ရင်းတစ်ခုမှ တာဝန်ရှိသူတစ်ဦးက ယမန်နေ့ မွန်းလွဲပိုင်းက ပြောသည်။

တိုက်ခိုက်ပြီးနောက် ထိုရွာနှင့်အနီးတဝိုက်  တယ်လီဖုန်းဆက်သွယ်ရေးလိုင်းများ ထိခိုက်သွားကြောင်း   ဒေသခံသတင်းရင်းမြစ်များထံက သိရသည်။

ထိုနေ့ နံနက် ၆း၄၅ ခန့်တွင် မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ကမ္မမြို့၊ ဂျိုးပျံရပ်ကွက်ဆေးခန်း  ဗုံးကြဲ ခံရသဖြင့်  ပျက်စီးသွားသည်၊ ၂ ဦး ထိခိုက်ခဲ့သည်ဟု အညာမြေ အရပ်ဖက်လူမှုအဖွဲ့အစည်း- မြိုင် က ထုတ်ပြန်ထားသည်။ 

ဂျိုးပျံရပ်ကွက်ဆေးခန်း  လေကြာင်းတိုက်ခိုက်မှု ခံရထားရစဉ်။ (ဓာတ်ပုံ- ပေးပို့) 

ဆေးခန်းအနီး ကျခဲ့သည့် ဗုံး နှစ်လုံးအနက်   တစ်လုံးမှာ ဆေးခန်းနောက်ဘက်သို့ ကျရောက်ပေါက်ကွဲပြီး အနီးဝန်း ကျင်မှ ပြည်သူများ ဒဏ်ရာရရှိခဲ့သည်ဟု အညာမြေ အရပ်ဖက်လူမှုအဖွဲ့အစည်း- မြိုင်မှ တာဝန်ရှိ သူတစ်ဦးက ပြောသည်။ 

“ဆေးခန်းက အဆောင် နှစ်ဆောင်ပြိုင်လေးရှိတာ။ အဲ့ဒါ အမိုးတွေလန်တယ်၊ အကာတွေပျက်တယ် ။ ပြီးတော့လူက အဲ့ဒီနားမှာ ကားပြင်နေတဲ့သူတစ်ယောက်ရယ်၊ ကလေးတစ်ယောက်ရယ် ထိခိုက်တယ်” ဟု သူက ပြောသည်။

“အဲ့ဒီရပ်ကွက်က ဆေးခန်းလေး။ ဟိုတုန်းက အရင်ခေတ်ကောင်းတုန်းကပဲ လည်ပတ်တာ။ အခုက ပိတ်ထားတာ။ အဲ့ဒီဆေးခန်းနောက်ကျောလေး ကျသွားတာ။ ပထမတစ်လုံးကပေါက်ပြီး ဒုတိယတစ်လုံးက မကွဲဘူး”

ကမ္မမြို့ရဲစခန်းတွင် စစ်တပ်က အင်အား ၈၀ ခန့်ဖြင့် တပ်စွဲထားသော်လည်း ပြင်ပထွက် စစ်ကြောင်းမထိုးသလို လတ်တလောတွင်လည်း မြေပြင်စစ်ရေးလှုပ်ရှားမှု တစုံတရာမရှိဟု ၎င်းက ဆိုသည်။

မေ ၁၇ ရက်နေ့ နေ့လယ် ၁၂း၃၀ ဝန်းကျင်တွင် ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်၊ တိုက်နယ်အမှတ် (၁) အတွင်းရှိ ကျေးရွာတစ်ရွာ ဗုံးကြဲခံရသည်ဟု မင်းတပ်မြို့နယ် ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။

လေယာဉ်က  ဗုံး  ၁၀ လုံး ဝန်းကျင် ကြဲချခဲ့ပြီး ကျေးရွာအတွင်းနှင့် ကျေးရွာဝန်းကျင်တွင် ကျရောက်ပေါက်ကွဲသည်၊ သေဆုံးထိခိုက်သူမရှိသော်လည်း နေအိမ်များပျက်စီးခဲ့သည်ဟု ဆိုသည်။

တိုက်နယ်အမှတ် (၁) သည် ၃ ရက်ဆက်တိုက်  ဗုံးကြဲခံရခြင်းဖြစ်သည်။  ၁၅ ရက်နေ့က လေကြောင်းတိုက်ခိုက်မှုအတွင်း၂ ဦး သေဆုံး၊ ၁၁ ဦးဒဏ်ရာရခဲ့သည်။

မေ (၁၇ ရက်)နေ့က မုံရွာမြို့နယ် စည်သာလေးကျေးရွာအနီး ယာတောကို အင်ဂျင်တပ်လေထီး (ပါရာမိုတာ) ဖြင့် ဗုံးကြဲရာ ၉ နှစ်အရွယ် ကလေး အပါအဝင် ၄ ဦး သေဆုံး၊ ၁ ဦး ဒဏ်ရာရရှိခဲ့သည်။

ယခုလအတွင်း လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက် ရှိနေရာ တိုက်ခိုက်ခံရသည့်အထဲတွင် စစ်ကိုင်းတိုင်း  ဝက်လက်မြို့နယ်၊ ဒီပဲယင်းမြို့နယ်၊ ချောင်းဦးမြို့နယ်တို့လည်း ပါဝင်ပြီး အစုအပြုံလိုက် သေဆုံးမှုများ တွေ့ခဲ့ရသည်။​

ကျောင်းသားငယ်အများစုဖြစ်သော အယောက် ၂၀ ကျော် သေဆုံးသည့် ဒီပဲယင်းဒေသ ဗုံးကြဲမှုကို စစ်တပ်က ၎င်းတို့ လက်ချက်မဟုတ်ဟု သတင်းထုတ်ပြန်ခဲ့ပြီး ကျန်တိုက်ခိုက်မှုများကို သတင်းထုတ်ပြန်ခြင်း မရှိပေ။

ဥာဏ်လင်းသစ်သုတေသနအဖွဲ့၏ ၂၀၂၅ ခုနှစ်၊ မေလ ၉ ရက်မှ ၁၅ ရက်နေ့အတွင်း စစ်ကောင်စီသည် စစ်ကိုင်းဒေသရှိ အရပ်သားများကို ပစ်မှတ်ထားသည့် လေကြောင်းတိုက်ခိုက်မှုဖြစ်စဉ် စုစုပေါင်း ၁၇ ခု ဖြစ်ပွားခဲ့ပြီး သေဆုံးသူ အရပ်သားပြည်သူ ၄၇ ဦး နှင့် ထိခိုက်ဒဏ်ရာရရှိသူ ၁၄၀ ဦး ရှိကြောင်း ထုတ်ပြန်ထားသည်။ 

လေကြောင်းတိုက်ခိုက်မှုများကို ဘာသာရေးအဆောက်အဦများ၊ စာသင်ကျောင်းများ၊ ဆေးရုံ ဆေးခန်းများကို ပစ်မှတ်ထား တိုက်ခိုက်နေသလို အများပြည်သူရုံးပိတ်ရက်များ၊ ဘာသာရေးအထိမ်းအမှတ်နေ့ များ၊ အခါကြီးရက်ကြီးများပါမရှောင် တိုက်ခိုက်သည်ကို တွေ့ရသည်၊ သေဆုံးသူအများစုမှာ အရပ်သားများ ဖြစ်ကြသည်။ 

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်၊ တိုက်နယ်အမှတ် (၁) အတွင်းရှိ ကျေးရွာတစ်ရွာကို  မေ ၁၇ ရက်နေ့ က လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ပြီးနောက် မီးလောင်နေသော နေအိမ်တစ်လုံး။ (ဓာတ်ပုံ-မင်းတပ်မြို့နယ် ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့)

Related Articles

Back to top button