စစ်ဖြစ်နေသည့် တောင်ဆူဒန်နိုင်ငံသို့ အမေရိကန်အစိုးရက နိုင်ငံတော်လုံခြုံရေးအကြောင်းပြချက်ဖြင့် မကြာသေးမီက ပို့လိုက်သည့် ရွှေ့ပြောင်းအခြေချသူ ၈ ဦးအနက် ၂ဦးမှာ မြန်မာနိုင်ငံသားများဖြစ်ကြောင်း သိရှိရသည်။
အမေရိကန်အစိုးရ ပြည်တွင်းလုံခြုံရေးဌာန DHS ၏ ယနေ့ထုတ်ပြန်ချက်အရ ၎င်းတို့နှစ်ဦးမှာ ဦးညိုမြင့်နှင့် ဦးကျော်မြတို့ဖြစ်ကြပြီး သူတို့သည် ရာဇဝတ်မှုကြီးများဖြင့် အကျဥ်းကျခံနေရသူများ ဖြစ်သည်။
ဦးညိုမြင့်သည် ခုခံနိုင်စွမ်းမရှိသူကို (ပထမဒီဂရီ) အပြင်းထန်ဆုံး လိင်ပိုင်းဆိုင်ရာ စော်ကားမှုဖြင့် ထောင် ၁၂ နှစ်ကျနေသူဖြစ်သည်။ ဦးကျော်မြမှာ အသက် ၁၂ နှစ်အောက် ကလေးငယ်တစ်ဦးကို မဖွယ်မရာပြုလုပ်မှုဖြင့် ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခံခဲ့ရဖူးသူဖြစ်ပြီး ထောင်ကျပြီး ၄ နှစ် အကြာတွင် လွတ်ငြိမ်းချမ်းသာခွင့် ရရှိခဲ့သူဖြစ်သည်ဟု အမေရိကန်အစိုးရ ထုတ်ပြန်ချက်တွင်ပါရှိသည်။
ထိုအမျိုးသားနှစ်ဦးလုံးကို ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလတွင် လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန်ဌာန (Immigration and Customs Enforcement) က ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
ဦးညိုမြင့်နှင့် ဦးကျော်မြတို့အပါအဝင် တောင်ဆူဒန်သို့ ယခုသီတင်းပတ်အတွင်း ပြည်နှင်ဒဏ်ပို့ခံရသူ ကျန်ခြောက်ဦးမှာ ကျူးဘား၊ လာအို၊ မက္ကဆီကိုနှင့် ဗီယက်နိုင်ငံများမှ အမေရိကန်သို့ ရွှေ့ပြောင်းနေထိုင်သူများဖြစ်သည်။ ထိုသူများသည် လူသတ်မှု၊ မူးယစ်ဆေးဝါး ရောင်းဝယ်မှု၊ ဓားပြမှုတို့ ကျူးလွန်ထားသူများဖြစ်ကြောင်း အမေရိကန်အစိုးရဆိုသည်။
သို့ရာတွင် ၎င်းတို့အား ပြည်နှင်ဒဏ်ပေးမှုသည် တရားရုံးအမိန့်များနှင့် လုပ်ထုံးလုပ်နည်းတို့ကို ပြောင်ကျကျ ချိုးဖောက်ကာ လူ့အခွင့်အရေး ခြိမ်းခြောက်ခြင်းဖြစ်ကြောင်း ဖက်ဒရယ်တရားသူကြီးတစ်ဦးက ယနေ့တွင်ပင် ဆုံးဖြတ်လိုက်သည်။
အမေရိကန်ပြည်ထောင်စု၊ မက်ဆာချူးဆက်ပြည်နယ် ဘော့စတွန်မြို့ရှိ ခရိုင်တရားသူကြီး ဘရိုင်ရန် အီးမာဖီက အဆိုပါအမှုနှင့်ပတ်သက်သည့် အရေးပေါ်ကြားနာပွဲတွင် အမေရိကန် ပြည်တွင်းလုံခြုံရေးဌာနသည် ရွှေ့ပြောင်းနေထိုင်သူများကို တတိယနိုင်ငံများသို့ မပို့မီ ကြိုတင်အသိပေးရန်နှင့် ဥပဒေကြောင်းအရ အကာအကွယ်ပေးရမည်ဆိုသည့် တရားရုံးက ချမှတ်ထားသည့်အမိန့်ကို ချိုးဖောက်ခဲ့ခြင်းအပေါ် ပြင်းထန်စွာဝေဖန်ခဲ့သည်။
“ဒီအမှုမှာ DHS ရဲ့ လုပ်ရပ်တွေဟာ ဒီတရားရုံးရဲ့ အမိန့်ကို ပြန်မေးနေစရာမလိုအောင်ကို ချိုးဖောက်တာဖြစ်တယ်” ဟု မာဖီကပြောသည်။
နှင်ထုတ်ခံရသူများ၏ ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် လုပ်ငန်းအခြေအနေအရ ၎င်းတို့ပို့ဆောင်ခံရသည့် နိုင်ငံကို DHS အရာရှိများက အတည်မပြုသေးပေ။ သို့သော် တရားရုံးမှတ်တမ်းများနှင့် လူဝင်မှုကြီးကြပ်ရေး ရှေ့နေများက ၎င်းတို့ကို မေလ ၂၀ ရက်က တောင်ဆူဒန်သို့ လေကြောင်းဖြင့် ပို့ဆောင်ခဲ့ကြောင်း အတည်ပြုခဲ့သည်။

ကျန်ခြောက်ဦးမှာ ကျူးဘား၊ လာအို၊ မက္ကဆီကိုနှင့် ဗီယက်နိုင်ငံများမှ အမေရိကန်သို့ ရွှေ့ပြောင်းနေထိုင်သူများဖြစ်ပြီး လူသတ်မှု၊ မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှု၊ ဓားမြမှုတို့ ကျူးလွန်ထားသူများဖြစ်ကြောင်း အမေရိကန်အစိုးရဆိုသည်။



