သတင်း

ရှမ်းတောင် ပင်လောင်းမြို့တွင် တိုက်ပွဲပြင်းထန်နေ

ရှမ်းတောင်-ကယားလမ်းပိုင်းကို ပြန်ထိန်းချုပ်လိုသည့် စစ်ကောင်စီက ပင်လောင်းမြို့ တောင်ဘက်အခြမ်းနှင့် မိုးဗြဲ -ဆီဆိုင် လမ်းကြောင်းကို အဓိကထား စစ်ကြောင်းထိုးနေသည်။

ရှမ်းပြည်တောင်ပိုင်း၊ ပအို၀်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာအတွင်း  မေ ၁၇ မှစပြီး ပြင်းထန်သည့်တိုက်ပွဲများ ဖြစ်ပွားနေကြောင်း ဒေသခံများထံက သိရသည်။

ဆောင်းပြောင်းရွာ အနောက်ဘက် ဘုရားတောင်ခြေ၌ တပ်စွဲထားသည့် စစ်ကောင်စီတပ် နှင့် ပအို၀်းပြည်သူ့စစ်(PNO) ပူးပေါင်းအဖွဲ့ကို  ကရင်နီတော်လှန်ရေးပူးပေါင်းအဖွဲ့က မေလ ၁၇ ရက်နေ့ မနက် ၅နာရီအချိန်တွင် ဝင်ရောက်တိုက်ခိုက်ခဲ့ရာမှ တိုက်ပွဲစတင် ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“အိပ်ယာတောင် မထသေးဘူး၊ မနက်ပိုင်း တော်လှန်ရေး အဖွဲ့တွေက ဝင်လာပြီး ဖြစ်ကြတာ၊ ဆောင်းပြောင်း အနောက်ဘုရားတောင် အောက်တကြောမှာ ဖြစ်တာပေါ့” ဟု အသက် ၃၀ အရွယ် ဆောင်းပြောင်းရွာခံ အမျိုးသားက ပြောသည်။

တိုက်ပွဲအတွင်း စစ်လေယာဉ်က နေ့စဉ် နှစ်ကြိမ်ထက်မနည်း လာရောက် တိုက်ခဲ့ကြောင်း ဒေသခံများက ဆိုသည်။

ယနေ့(မေလ ၂၂ ရက်) နေ့လယ်ပိုင်းအထိ ဆောင်းပြောင်းရွာ အနောက်ဘက်တွင် လက် နက်ကြီး ပစ်ခတ်သံများကို ဆက်တိုက် ကြားနေရဆဲဖြစ်ကြောင်း ဒေသခံများက ပြော သည်။

ဆောင်းပြောင်းရွာ၌ အိမ်ခြေ ၈၀၀ ဝန်းကျင်ရှိပြီး ဆောင်းပြောင်း အရှေ့ရွာမ၊ ဆောင်း ပြောင်းအနောက်ရွာ၊ ဆောင်းပြောင်း မြောက်ရွာ၊ လဲင်းဗွာလရွာ ဟူ၍ အပိုင်း လေးပိုင်းခွဲခြား ထားသည်။

လူဦးရေ ငါးထောင်ကျော်ရှိသည့်အနက် လက်ရှိတိုက်ပွဲကြောင့် လူဦးရေ သုံးထောင်ကျော် ပင်လောင်း၊ နောင်တရားမြို့ နှင့် နီးစပ်ရာကျေးရွာများသို့ ထွက်ပြေးနေကြရခြင်း ဖြစ်သည်။

မျှော်လင့်မထားသည့် တိုက်ပွဲကြောင့် အဝတ်တစ်ထည် ကိုယ် တစ်ခုဖြင့် ထွက်ပြေးခဲ့ကြ၍ စားသောက်ရေးနှင့် နေရာထိုင်ခင်း အခက်ခဲဖြစ် နေကြရကြောင်း  ဆောင်းပြောင်းရွာမ စစ်ဘေးဒုက္ခသည် တစ်ဦးကပြောသည်။

“ဘာမှကို ယူတဲ့အချိန်မရဘူး။ သူတို့ဝင်လာတာ ရွာထဲ ရောက်နေပြီရော။ အခုက အမျိုးတွေအိမ်မှာ စုနေကြရတယ်။ ကျွန်တော်တို့နားမှာက အယောက်သုံးဆယ်ကျော်ရှိတယ်။ ကျန်တဲ့သူတွေကတော့ နီးစပ်ရာမှာ နေကြတယ်။ အခက်ခဲကတော့ ဆန်ဆီပေါ့” ဟု သူက ပြောသည်။

တိုက်ပွဲ အခြေအနေနှင့်ပတ်သက်၍ စစ်ကောင်စီနှင့် တော်လှန်ရေးတပ်ဖွဲ့များဘက် က သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။

၂၀၂၄ ဇွန်လ အတွင်း၌ စစ်ကောင်စီတပ်က ပင်လောင်းမြို့နယ်အတွင်း လက်နက်ကိုင်အင်အား ၅၀၀ ကျော် အသုံးပြီး စစ်ကြောင်းထိုးခဲ့ရာ တော်လှန်ရေး တပ်ဖွဲ့ဝင်များနှင့် သုံးလကျော်ကြာ တိုက်ပွဲဖြစ်ခဲ့သည်။

တိုက်ပွဲကြောင့် ပင်းလောင်းမြို့နယ် ဒေသခံ တစ်သောင်းကျော် ဘေးလွတ်ရာ  တိမ်းရှောင်ခဲ့ရသည်။

ပင်လောင်းမြို့သည် ရှမ်းပြည်နယ်မြို့တော် တောင်ကြီးနှင့် မိုင် ၇၀ ခန့် အကွာတွင် တည်ရှိသည်။

ယခုတစ်ကြိမ် တိုက်ပွဲတွင် နှစ်ဖက်တပ်ဖွဲ့ဝင်များ အင်အားပိုမိုဖြည့်တင်းထား၍ ဒေသခံတို့ စစ်ဘေး ရှောင်ရသည့်ကာလ ပိုမိုကြာမြင့်နိုင်ကြောင်း ပအို၀်းဒေသအတွင်း လူ့အခွင့် အရေး ချိုး ဖောက်ခံရမှုနှင့် ပတ်သက်၍ မှတ်တမ်းတင်နေသည့် ပအို၀်းလူငယ်အစည်း အရုံး (PYO) ပြောခွင့်ရသူ နန်းက ပြောသည်။

စစ်ကောင်စီတပ်အနေဖြင့်  ရှမ်းပြည်တောင်ပိုင်းနှင့် ကယားပြည်နယ် လမ်းပိုင်းကို ပြန်လည် ထိန်းချုပ်နိုင်ရေးအတွက် ပင်လောင်းမြို့ တောင်ဘက်အခြမ်း နှင့် မိုးဗြဲ -ဆီဆိုင် လမ်းကြောင်းကို အဓိကထား စစ်ကြောင်းထိုးနေကြောင်း စစ်ကောင်စီနှင့်တိုက်ပွဲဖြစ် နေသည့် ပအို၀်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) ထိပ်ပိုင်းခေါင်းဆောင် တစ်ဦးက ပြောသည်။

စစ်ကောင်စီ စစ်ကြောင်းတစ်ခုတွင် လူသစ်စုထားသည့် ပြည့်သူ့စစ် အင်အား ၄၀၀ ဝန်းကျင် ပါဝင်ပြီး လေကြောင်းနှင့် ဒရုန်းကို အဓိက ဦးစားပေးအသုံးပြုနေကြောင်း PNLA အရာရှိက ဆိုသည်။

Related Articles

Back to top button