သတင်း

ကျောက်ဖြူလေဆိပ်အနီး  ခြေလျင်တပ်ရင်းစခန်းကို AA တိုက်ခိုက်

ဒေါ်လာဘီလျံချီတန်သည့် တရုတ်ရင်းနှီးမြှုပ်နှံမှုများ တည်ရှိရာ ကျောက်ဖြူမြို့တွင်းမှ ခလရ-၃၄ကို AA က လက်နက်ကြီးများဖြင့် စတင်တိုက်ခိုက်ခဲ့သည်ဟု ဒေသခံတို့ကဆိုသည်။

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့တွင်းရှိ လေယာဉ်ကွင်းနှင့်ကပ်လျက်တည်ရှိသော စစ်ကောင်စီ၏ အမှတ်(၃၄) ခြေလျင်တပ်ရင်း(ခလရ-၃၄) ကို အာရက္ခတပ်တော် AA က ယမန်နေ့ညပိုင်းတွင် လက်နက်ကြီးများဖြင့် စတင်တိုက်ခိုက်ခဲ့သည်ဟု ဒေသခံများထံက သိရသည်။

ယမန်နေ့ည ၈နာရီခန့်တွင် ခလရ-၃၄ အနီး လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲသံ သုံးကြိမ်ထက်မနည်း ကြားခဲ့ရသည်ဟု ဒေသခံတဦးကဆိုသည်။ ပေါက်ကွဲမှုများသည် ခလရ-၃၄ ဝင်ပေါက်ဂိတ်နှင့် ထိုတပ်ရင်းအနီးရှိ ကျောက်ဖြူအကျဉ်းထောင်၊ စစ်ကောင်စီ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန(ထွေ/အုပ်)ရုံးတို့တွင်ဖြစ်ကြောင်းလည်း ၎င်းကဆိုသည်။

“အဲ့ဒီဝန်းကျင်ကလူတွေကတော့ မီးခိုးထွက်တာ မြင်လိုက်တာပေါ့” ဟု အသက် ၄၀ကျော်အရွယ် ကျောက်ဖြူမြို့ခံအမျိုးသားတစ်ဦးက Myanmar Now ကို ပြောသည်။

အဆိုပါပစ်ခတ်မှုသည် လက်နက်ကြီး(သို့မဟုတ်) ဒရုန်းဖြင့် တိုက်ခိုက်မှု တခုခုဖြစ်နိုင်သည်ဟုလည်း ၎င်းကခန့်မှန်းသည်။ ပေါက်ကွဲမှုကြောင့် လူထိခိုက်၊ သေဆုံးမှုအခြေအနေ အသေးစိတ် မသိရသေးသလို မည်သည့်ဘက်က ပစ်ခတ်သည်ကိုလည်း မသိရသေးပါ။

ထိုပေါက်ကွဲမှုကြောင့် ခလရ ၃၄အနီး နေထိုင်သည့် ဒေသခံတချို့ ပြောင်းရွှေ့သွားကြသည်၊ မြို့ပြင်ရှိ ရဲတပ်ရင်းအနီးတွင် ယနေ့နံနက် ၅နာရီခွဲမှ နေ့လယ် ၁၂နာရီအထိ လက်နက်ကြီး ပစ်ခတ်သံများ ကြားနေရသည်ဟုလည်း နောက်ထပ်မြို့ခံတစ်ဦးက ပြောသည်။

ကျောက်ဖြူမြို့နှင့် ခုနှစ်မိုင်ခန့်အကွာရှိ အမှတ် ၃၂ ရဲတပ်ရင်းအနီးတွင်   ယခုလဆန်းကစ၍ တိုက်ပွဲများ ပြင်းထန်နေသည်။

တရုတ်စီမံကိန်းကြီးများရှိရာ ကျောက်ဖြူမြို့နယ်တိုက်ပွဲများနှင့်ပတ်သက်၍ AA ဘက်က သတင်းထုတ်ပြန်ခြင်းမရှိသလို စစ်ကောင်စီဘက်ကလည်း သတင်းအမှောင်ချထားသည်။ ကျောက်ဖြူတိုက်ပွဲအခြေအနေကို သိရှိနိုင်ရန် AA ပြန်ကြားရေးအရာရှိ ခိုင်သုခ ကို ဆက်သွယ်မေးမြန်းထားသော်လည်း ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။

ခလရ ၃၄ ဂိတ် ပေါက်ကွဲမှုသည် အကယ်၍သာ AA ၏ ပစ်ခတ်မှုဖြစ်ပါက မြို့တွင်းစစ်ဆင်ရေးအတွက် စတင်အချက်ပေးခြင်း ဖြစ်နိုင်သည်ဟု ရခိုင်ပြည်လုံခြုံရေးအသိုင်းအဝိုင်းနှင့်နီးစပ်သည့် သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

“ထိသည်ဖြစ်စေ၊ မထိသည်ဖြစ်စေ AA က ပစ်တာဆိုရင်တော့  စိန်ခေါ်တာပဲလေ” ဟု အထက်ပါသတင်းရင်းမြစ်က ဆိုသည်။

ဒေါ်လာဘီလျံချီတန်သည့် တရုတ်ရင်းနှီးမြှုပ်နှံမှုများ တည်ရှိရာ ကျောက်ဖြူမြို့တွင်  ခလရ (၃၄)၊ အမှတ်(၅၄၂) ခြေမြန်တပ်ရင်း၊ အမှတ်(၅၄၃) ခြေမြန်တပ်ရင်းတို့အပြင် ဓညဝတီရေတပ်စခန်းဌာနချုပ်လည်း အခြေစိုက်သည်။

ထို့ပြင် ဆက်သွယ်ရေးနှင့် စစ်ဘက်လုံခြုံရေးကဲ့သို့ အခြားသော လက်ရုံးတပ် ၈ခုထက်မနည်းလည်း ကျောက်ဖြူတွင် အခြေစိုက်သည်။

မြို့နယ်ပေါင်း ၁၇ခု ရှိသည့်အနက် ရခိုင်ပြည်နယ်တွင် မြို့တော်စစ်တွေ၊ ကျောက်ဖြူနှင့် မာန်အောင် ၃မြို့ကလွဲ၍ ကျန် ၁၄မြို့စလုံးကို AA က သိမ်းပိုက်၊ ထိန်းချုပ်ထားသည်။

Related Articles

Back to top button