စီးပွားရေးသတင်း

ILO အကြံပြုချက်များကို ပူးပေါင်းဆောင်ရွက်ရန် လုပ်ငန်းရှင်အသင်းများ တုံ့ပြန်

လက်နက်နှင့် လေယာဉ်ဆီ ဖြတ်တောက်ခြင်း၊ အလုပ်သမားလွတ်လပ်ခွင့်တို့ ပါဝင်သည့် ILO အဖွဲ့ကြီး၏ ဆုံးဖြတ်ချက် ပေါ်ပေါက်လာပြီးနောက် ရန်ကုန်မြို့မှ အပြုသဘော တုံ့ပြန်ချက် ထွက်ပေါ်လာသည်။

အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့ချုပ်(ILO)က  မြန်မာနိုင်ငံအပေါ် အရေးယူမှုနှင့်ပတ်သက်၍ လိုက်နာခိုင်းသည့်အချက်များအပေါ် ပူးပေါင်းဆောင်ရွက်မည်ဟု ကုန်သည်စက်မှုအသင်းချုပ် (UMFCCI) နှင့် မြန်မာနိုင်ငံအထည် ချုပ်လုပ်ငန်းရှင်များအသင်း(MGMA) တို့က ပြောသည်။

လွတ်လပ်စွာအသင်းအဖွဲ့ ဖွဲ့စည်းခွင့်၊  အဓမ္မခိုင်းစေမှုပပျောက်ရေး စသည့် မြန်မာနိုင်ငံ သဘောတူထားပြီးဖြစ်သော ပြဋ္ဌာန်းချက်တို့ကို ချိုးဖောက်နေခြင်းကြောင့် ဇွန်လ ၅ ရက်နေ့က ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့တွင်ကျင်းပခဲ့သည့် ILO အဖွဲ့ညီလာခံတွင် မြန်မာနိုင်ငံကို အရေးယူရန်ဆုံးဖြတ်ခဲ့ပြီး အကြံပြုချက်များ ချမှတ်ထားခြင်း ဖြစ်သည်။

အကြံပြုချက်များအတွက် ILO အပါဝင် အလုပ်ရှင်၊ အလုပ်သမား၊ အစိုးရကိုယ်စားလှယ်များနှင့် ပူးပေါင်းဆောင်ရွက်မည်ဟု MGMA အထည်ချုပ်အသင်းက   ဇွန် ၁၃ ရက်နေ့တွင် မြန်မာ၊ အင်္ဂလိပ်၊ တရုတ် ဘာသာသုံးမျိုးဖြင့်  သတင်းထုတ်ပြန်သည်။ MGMA သည်  အသင်းဝင်စက်ရုံပေါင်း ၅၂၀ ကျော် ရှိသည်။

အလားတူ  စစ်ကောင်စီနှင့်နီးစပ်သည့်  UMFCCI အသင်းကလည်း ILO ဆုံးဖြတ်ချက်ကြောင့် အလုပ်ရှင်၊ အလုပ်သမား၊ စီးပွားရေးလုပ်ငန်းများ မထိခိုက်စေရန် တိုက်တွန်းကြောင်း ထိုနေ့ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည်။ 

အရေးယူမှုကြောင့် မြန်မာနိုင်ငံရှိ လုပ်ငန်းများအပေါ် သက်ရောက်မှု၊  ပူးပေါင်းဆောင်ရွက်ရန် ပြင်ဆင်ထားမှုတို့နှင့်ပတ်သက်ပြီး  UMFCCI အသင်း၊ MGMA အသင်းတို့၏  အထွေထွေအတွင်းရေးမှူး ဒေါ်ခိုင်ခိုင်နွယ်ကို Myanmar Now က ဆက်သွယ်မေးမြန်းခဲ့သော်လည်း အလုပ်များနေကြောင်း၊ တယ်လီဖုန်းမှတစ်ဆင့် အင်တာဗျူးမဖြေဆိုကြောင်း တုံ့ပြန်သည်။

လက်ခစားလုပ်ငန်းများတွင် အထည်ချုပ်၊ အိတ်ချုပ်၊ ဖိနပ်ချုပ်နှင့်လျှပ်စစ်ပစ္စည်းတပ်ဆင်သည့် လုပ်ငန်း များပါဝင်သည်။

နိုင်ငံတကာကုန်အမှတ်တံဆိပ်များသည် ကုန်ကြမ်းနှင့် ဆက်စပ်ပစ္စည်းများ ဝယ်ပို့၍ လုပ်အားခသက်သာ သော မြန်မာပြည်တွင်းစက်ရုံများတွင် ချုပ်လုပ်၍ လုပ်ငန်းအပ်နှံသူကို ပြန်လည်ပေးပို့ရခြင်းဖြစ်ပြီး ကုန် ပစ္စည်းတန်ဖိုး၏ ၁၀ ရာခိုင်နှုန်းကိုသာ လက်ခစားတန်ဖိုးအဖြစ်ရရှိကြသည်ဟု သိရသည်။

နိုင်ငံတကာအထည်ချုပ်လုပ်ငန်းများအနေဖြင့်လည်း ၎င်းတို့သတ်မှတ်သော လုပ်ငန်းဆိုင်ရာကျင့်ဝတ် များကို လိုက်နာမှသာ အလုပ်အပ်နှံကြသည်ဟု အထည်ချုပ်အသင်း၏ ထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။

၂၀၂၄ ဒီဇင်ဘာတွင် ပြုလုပ်ခဲ့သည့် အထည်ချုပ်သင်တန်းတစ်ခုတွေ့ရသော အလုပ်သမားများ (ဓာတ်ပုံ – MGMA)

၂၀၂၁ စစ်တပ်အာဏာသိမ်းပြီးနောက် နိုင်ငံတကာအဝတ်အထည်ကုမ္ပဏီများ မြန်မာနိုင်ငံတွင်း လုပ်ငန်းများ ရပ်ဆိုင်းသွားကြသည် ဆိုသော်လည်း လုပ်ခလစာ ဈေးသက်သာမှုကြောင့် ၎င်းတို့၏ အကျိုးစီးပွားအတွက် ဆက်လက်လုပ်ကိုင်သည့် နိုင်ငံတကာအမှတ်တံဆိပ်လုပ်ငန်းများလည်းရှိနေသည်။

အာဏာသိမ်း စစ်တပ်လက်အောက်တွင် လုပ်သားအင်အားအများအပြားအသုံးပြုရသည့် အထည်ချုပ်စက်ရုံများတွင် အဓ္ဓမခိုင်းစေမှု၊ လုပ်အားခခေါင်းပုံဖြတ်မှု၊ ဥပဒေပါခံစားခွင့်များဆုံးရှုံးမှု၊ လွတ်လပ်စွာထုတ်ဖော်ခွင့်နှင့် အသင်းအဖွဲ့ ဖွဲ့စည်းခွင့်မရှိတော့သလို အလုပ်သမားသမဂ္ဂများနှင့်  အလုပ်သမားအဖွဲ့အစည်းများပါ ဖိနှိပ်ခံနေရကြောင်း မြန်မာအလုပ်သမားအရေးလှုပ်ရှားသူများ၊ အလုပ်သမားအဖွဲ့အစည်းများက ထောက်ပြခဲ့ကြသည်။ 

ILO က အရေးယူရာတွင် ပြဋ္ဌာန်းချက် ၂ ခုနှင့်ပတ်သက်၍ လွတ်လပ်စွာကျင့်သုံးနိုင်ခွင့်ရှိသည့် ယန္တရား ဖော်ဆောင်ပေးခြင်း၊ တိုင်ကြားရေးယန္တရားထူထောင်ခြင်း၊  စစ်ကောင်စီနှင့် ဆက်ဆံရေးကို အဖွဲ့ဝင် နိုင်ငံများက ပြန်လည်သုံးသပ်ခြင်း၊ အခွင့်အရေးချိုးဖောက်မှုဖြစ်စေနိုင်သည့် ငွေကြေးစီးဆင်းမှုများ ပိတ်ဆို့မှုခြင်း၊ စစ်လက်နက်နှင့် လေယာဉ်ဆီ ဖြတ်တောက်ခြင်း စသည့် အချက်များပါဝင်သည်။ 

ယခုဆုံးဖြတ်ချက်သည် အာဏာသိမ်းစစ်ကောင်စီ ဝင်ငွေရစေသည့် ငွေလမ်းကြောင်းများ ပိတ်ဆို့ရန်၊ အခွင့်အရေးချိုးဖောက်သောလုပ်ငန်းရှင်များကို အခွင့်အရေးလိုက်နာရန် အလုပ်သမားများကိုယ်တိုင် ထိုဆုံးဖြတ်ချက်ကို ကိုင်စွဲအသုံးပြုနိုင်သည့် အခွင့်အရေးရှိလာကြောင်း ILO အုပ်ချုပ်ရေးအဖွဲ့၏ အဖွဲ့ဝင် မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် (CTUM) ၏ လက်ထောက်အထွေထွေ အတွင်းရေးမှူး ဒေါ်ဖြိုးစန္ဒာစိုးက ပြောသည်။

“ချိုးဖောက်မှုရှိနေတဲ့ စီးပွားရေးလုပ်ငန်းတွေကို ရပ်တန့်ဖို့၊ ဖြတ်တောက်ဖို့ဖြစ်တယ်ပေါ့နော်။ စက်ရုံထဲမှာ ရှိတဲ့ အလုပ်သမားက ဒါကိုကိုင်ပြီးတော့ ဆုံးဖြတ်ရမှာပါ။ ဒီဟာကို အားတစ်ခုအဖြစ် ယူပြီးတော့ သူတို့ရဲ့အခွင့်အရေးတွေ အကာကွယ်ရအောင်သူတို့လုပ်ရမှာပါ” ဟု ၎င်းက ဇွန် ၉ တွင် Myanmar Now ကို ပြောထားသည်။ 

လွန်ခဲ့သည့် ၂၅ နှစ်က အာဏာရှင် ဗိုလ်ချုပ်မှူးကြီးဟောင်းသန်းရွှေ အုပ်ချုပ်သည့် မြန်မာကို ILO  က အလားတူအရေးယူခဲ့ပြီး ထိုအချိန်က နိုင်ငံတကာ ကုန်ပစ္စည်း မှာယူမှုများရပ်ဆိုင်းခြင်း၊ ငွေကြေးလမ်းကြောင်းများ ပိတ်ဆို့ခံရခြင်းတို့ကြောင့် ပြည်တွင်းပြည်ပလုပ်ငန်းများ ထွက်ခွာသွားခဲ့ကြသည်။ 

ထိုစဉ်က အထည်ချုပ်လုပ်ငန်းတွင် အမေရိကန်နှင့် ဥရောပတို့က လုပ်ကိုင်ခဲ့ပြီး ယခုအခါ မြန်မာတွင် အိမ်နီးချင်းတရုတ်လုပ်ငန်းများက အဓိကလွှမ်းမိုးထားရာ ပိတ်ဆို့မှုများကို အဖြေရှာနိုင်ဖွယ်ရှိကြောင်း လုပ်ငန်းရှင်တို့က တွက်ဆနေကြသည်။

မြန်မာ၏လက်ခစားစက်ရုံများတွင် အလုပ်သမား ၇ သိန်းကျော်ရှိပြီး ဆက်စပ်လုပ်ငန်းများတွင် ထိုလုပ်သားများ၏ ၂ ဆဝန်းကျင်ရှိကာ ၎င်းတို့ကို မီခိုနေသည့် မိသားဝင်များမှာ ၄ ဆဝန်းကျင်ရှိကြောင်း အထည်ချုပ်လုပ်ငန်းရှင်များအသင်း၏ ထုတ်ပြန်ချက်တွင် တွေ့ရသည်။

အသင်းဝင်အထည်ချုပ်စက်ရုံများမှ ချုပ်လုပ်သည့် အထည်များကို ဥရောပဈေးကွက်သို့ ၆၀ ရာခိုင်နှုန်း၊ ဂျပန်ဈေးကွက်သို့ ၂၀ ရာခိုင်နှုန်းနှင့် အခြားနိုင်ငံများသို့ ၂၀ ရာခိုင်နှုန်းတင်ပို့သည်ဟု ဆိုသည်။

ILO ၏ အရေးယူနှင့်ပတ်သက်၍ အဖွဲ့ဝင်တစ်နိုင်ငံချင်းအလိုက် လိုအပ်သလို အရေးယူမှုလုပ်လာနိုင်ပြီး လုပ်ငန်းများရပ်ဆိုင်းနိုင်ခြင်းကြောင့် အလုပ်သမားများအပေါ်ထိခိုက်လာမည်ကို အလုပ်သမားအရေး လှုပ်ရှားသူတချို့က စိုးရိမ်နေကြသည်။ 

ထိုအခြေအနေတွင်   UMFCCI နှင့်  MGMA အသင်းတို့က ILO နှင့် ပူးပေါင်းဆောင်ရွက်ရန် ကြိုးပမ်းမည်ဟု အပြု သဘော ထုတ်ပြန်လာခြင်းဖြစ်သည်။

သို့သော် မည်သို့မည်ပုံ ပူးပေါင်းဆောင်ရွက်မည်ကို အသေးစိတ်ပြောဆိုခြင်း မပြုသေးပေ။

Related Articles

Back to top button