သတင်း

လုပ်ခလစာတိုးပေးရန် ရန်ကုန်မှ စက်ရုံလုပ်သားများဆန္ဒပြတောင်းဆို

မြန်မာနိုင်ငံ၏ အနည်းဆုံးလုပ်ခလစာနှုန်းထားကို ၂၀၁၈ ခုနှစ်၊ မေလတွင် တစ်ရက်လျှင် ကျပ် ၄,၈၀၀ အဖြစ် သတ်မှတ်ထားသည်။ ကိုဗစ်ကပ်ဘေးနှင့် စစ်အာဏာသိမ်းမှုတို့ကြောင့် လုပ်ခလစာ နှုန်းထား အသစ် ပြင်ဆင်နိုင်ခဲ့ခြင်းမရှိပေ။

 ရန်ကုန်မြို့ စက်ရုံ ၁၀ ခုထက်မနည်းတွင်  လုပ်ခလစာ ဖူလုံမှုမရှိခြင်း၊ ကုန်စျေးနှုန်း ကြီးမြင့်လာခြင်းတို့ကို ရင်ဆိုင် ရုန်းကန်နေကြသော စက်ရုံအလုပ်သမားများက လုပ်ခလစာ တိုးမြှင့်ပေးရေး ဆက်တိုက် ဆန္ဒပြတောင်းဆိုနေကြသည်ဟု အလုပ်သမားအရေး ကူညီဆောင်ရွက် နေသူများထံမှ သိရသည်။ 

STUM နှင့် အလုပ်သမား အခွင့်အရေးချိုးဖောက်ခံရမှုများ အကြောင်း အစဉ်တစိုက်ရေးသား ဖော်ပြနေသော Myanmar Labour News သတင်းဖော်ပြထားမှုများအရ မြန်မာကျွိချွမ်းဖိနပ်စက်ရုံ (MYANMAR JU CHUAN)၊ Rum Yang (Myanmar) အထည်ချုပ်စက်ရုံ၊  ETEC  (Earth Tamura Electronic Myanmar co.ltd) ကုမ္ပဏီ၊ EI အီလက်ထရောနစ်ပစ္စည်းထုတ်စက်ရုံ၊ Joy Time အထည်ချုပ်စက်ရုံ တို့တွင် တစ်ရက်လုပ်ခလစာတိုးမြှင့်ပေးရေး ဆန္ဒပြမှုများရှိခဲ့သည်။ 

ထို့အပြင်  Myanmar Postarion အထည်ချုပ်စက်ရုံ၊ Golden Color Fashion အထည်ချုပ်စက်ရုံ၊ Spring River Knitting မြန်မာစက်ရုံ၊ Asia Caps စက်ရုံ၊ GTIG အထည်ချုပ်စက်ရုံ၊ Bontech Manufacturing Garment တို့တွင်လည်း လုပ်ခလစာတိုးမြှင့်ပေးရေး ဆန္ဒပြမှုများရှိခဲ့သည်။ 

ပြီးခဲ့သည့် မေ ၁၅ ရက်က ကမ္ဘာကျော် အမှတ်တံဆိပ်တစ်ခုဖြစ်သော Adidas ဖိနပ်များချုပ်လုပ်သည့်  လှိုင်သာယာစက်မှုဇုန်ရှိ ချန်းရိ (Tsang Yih) စက်ရုံမှ အလုပ်သမားထောင်နှင့်ချီက လုပ်ခလ စာတိုးမြှင့်ပေးရန် ဆန္ဒပြတောင်းဆိုခဲ့ကြသည်။ 

ဆန္ဒပြမှု ၄ ရက်မြောက်တွင် အလုပ်ရှင်ဘက်က  တောင်းဆိုချက်အားလုံးကို လိုက်လျောပေးခဲ့သည်၊ ထောက်ပံ့ကြေးတိုးမြှင့်ပေးကာ တစ်ရက်လုပ်ခလစာ ကျပ် ၁၂,၀၀၀ သို့ တိုးမြှင့် သတ်မှတ်ပေးလိုက်​ခဲ့သည်။ 

ထိုဖြစ်ရပ်နောက်ပိုင်းတွင် မေလ နှင့် ဇွန်လအတွင်း၌ ရန်ကုန်မြို့ရှိ လှိုင်သာယာ၊ ရွှေပြည်သာ နှင့် တောင်ဒဂုံမြို့နယ်မှ စက်မှုဇုန်များရှိ စက်ရုံ ၁၀ ခုထက်မနည်းတွင် လုပ်ခလစာ တိုးမြှင့်သတ်မှတ်ပေးရန် အလုပ်သမားများက ဆန္ဒတောင်းဆိုမှုများရှိလာကြောင်း အလုပ်သမားအရေးကူညီဆောင်ရွက်နေသူများထံမှ သိရသည်။   

မြန်မာ့နှစ်သစ်ကူးကာလ သင်္ကြန်ကာလပြီးဆုံးချိန် (ဧပြီလကုန်)ရောက်တိုင်းတွင် အလုပ်ရှင်နှင့် အလုပ်သမားများကြား လုပ်ခလစာတိုးမြှင့်ပေးရေး ဆွေးနွေးမှုများ နှစ်စဉ်လိုရှိကြပြီး ယခုတွင်လည်း အလုပ်သမားသမဂ္ဂများဘက်က တစ်ရက်လုပ်ခလစာ ကျပ် ၁၃၀၀၀ တိုးမြှင့်ပေးရေးကို မေလတွင် စတင်ရန် စီစဉ်ထားခြင်းဖြစ်သည်ဟု အလုပ်သမားများအရေးကူညီဆောင်ရွက်ပေးနေသော သွေးစည်းညီညွတ်သောသမဂ္ဂအဖွဲ့ချုပ်(STUM)မှ တာဝန်ရှိသူ အမျိုးသမီးတစ်ဦးက ပြောသည်။ 

ချန်းရီစက်ရုံဖြစ်စဉ်သည် လူထု နှင့် ပြည်တွင်းပြည်ပမီဒီယာများ စောင့်ကြည့်ခံရခြင်းကြောင့် ကျယ်ကျယ်ပြန့်ပြန့်သိရှိကြခြင်းဖြစ်ပြီး တခြားစက်ရုံများတွင်လည်း လုပ်ခလစာတိုးမြှင့်ပေးရေး ဆန္ဒပြမှုများ ဆက်တိုက်ရှိနေသည်ဟု သူက Myanmar Now ကို ပြောသည်။   

“အခုတောင်းဆိုမှုတွေက နှစ်တိုင်းမှာ ဒီလိုအချိန်ဆိုပုံမှန်ဖြစ်နေကြပဲ။ သင်္ကြန်ပြီးလို့ အလုပ် ပြန်တက် ကြရင် အလုပ်ရှင်အလုပ်သမားကြားမှာ တိုးမြှင့်ပေးဖို့ ဆွေးနွေးညှိနှိုင်းကြတယ်၊ တချို့လည်း တိုးမြှင့်ပေးတယ်” ဟု သူက ပြောဆိုသည်။ 

 မေလကုန်ပိုင်းက GTIG စက်ရုံတွင် လုပ်ခလစာတိုးမြှင့်ပေးရေးဆန္ဒပြမှု။ ထိုစက်ရုံသည် အလုပ်သမားများတောင်းဆိုမှုကို လိုက်လျောပေးခဲ့သည်။ ( ဓာတ်ပုံ- STUM) 

အဆိုပါစက်ရုံများထဲမှ တချို့မှာ အလုပ်သမားများ၏ လုပ်ခလစာတောင်းဆိုမှုကို လိုက်လျောပေး၍ ပြေလည်သွားသော်လည်း စက်ရုံတချို့တွင် အလုပ်သမားခေါင်းဆောင်များ၊ ဆန္ဒပြ အလုပ်သမားများကို ခြိမ်းခြောက်ဖိနှိပ်နေသည်ဟု STUM ထံက သိရသည်။ 

ထိုအထဲမှ ရန်ကုန် ရွှေပြည်သာမြို့နယ်၊ ဝါးတရာစက်မှုဇုန်ရှိ Rum Yang (Myanmar) အထည်ချုပ် စက်ရုံလုပ်သားများ ဆန္ဒပြတောင်းဆိုသော ၅ ရက်မြောက်နေ့ (ဇွန် ၉) တွင် စစ်ကောင်စီ၏ အလုပ်သမား ညွှန်ကြားမှုဦးစီးဌာနမှ တိုင်းဦးစီးအရာရှိဖြစ်သူက အလုပ်သမားများကို ခြိမ်းခြောက်ပြောဆိုသောကြောင့် တောင်းဆိုမှုများကို ရုတ်သိမ်းပေးခဲ့ရသည်ဟု သိရသည်။ 

လတ်တလောတွင် စက်ရုံပိုင်ရှင်တချို့က တစ်ရက်လုပ်ခလစာကို   ကျပ် ၁၂,၀၀၀ အထိသာ အများဆုံး တိုးမြှင့်သတ်မှတ်ထားသည်။ ထိုစက်ရုံများထဲမှ အနည်းငယ်တွင်သာ အလုပ်သမားများ ညီညီညွတ်ညွတ် တောင်းဆိုနိုင်သည့် အခြေအနေ ရှိသည်ဟု Myanmar Labour News မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။  

စက်ရုံတချို့တွင် အလုပ်သမားများ ဆန္ဒပြမတောင်းဆိုခင်တွင် တစ်ရက်လုပ်ခလစာကို ကျပ် ၁၀,၀၀၀ ဝန်းကျင်အထိ တိုးမြှင့်သတ်မှတ်ပေးထား၍ လက်ရှိအချိန်တွင် စက်ရုံအများစု၌ ကျပ် ၉၀၀၀ မှ ကျပ် ၁၂,၀၀၀ ကြား သတ်မှတ်ထားကြောင်း သူက ဆိုသည်။ 

“ဒီလုပ်ခလစာတွေဆိုတာကလည်း အလုပ်သမားတွေအတွက် ဖူလုံတဲ့ လုပ်ခလစာလည်း မဟုတ်နေပါဘူး။ အလုပ်သမားတွေ (တစ်ရက်တာ လုပ်ခ) လစာက ၃ ဒေါ်လာတောင်မရကြဘူး။ ဒါက အာဆီယံဒေသတွင်း မှာရနေတဲ့ အနိမ့်ဆုံးလုပ်ခလစာကိုတောင် မြန်မာမှာ မရသေးပါဘူး” ဟု သူက ပြောဆိုသည်။ 

မြန်မာနိုင်ငံ၏ အနည်းဆုံးလုပ်ခလစာနှုန်းထားကို ၂၀၁၈ ခုနှစ်၊ မေလတွင် တစ်ရက်လျှင် ကျပ် ၄,၈၀၀ အဖြစ် သတ်မှတ်ထားသည်။ ကိုဗစ်ကပ်ဘေးနှင့် စစ်အာဏာသိမ်းမှုတို့ ဆက်တိုက်ဖြစ်လာသည့် မြန်မာနိုင်ငံတွင် လုပ်ခလစာ နှုန်းထား အသစ် ပြင်ဆင်နိုင်ခြင်း မရှိသေးပေ။ 

အလုပ်သမားများအတွက် အနိမ့်ဆုံးလုပ်ခကို ကျပ် ၄,၈၀၀ နှုန်း သတ်မှတ်ခဲ့စဉ်က အမေရိကန်ဒေါ်လာ ၁ ဒေါ်လာလျှင် ကျပ် ၁၃၄၀  ဝန်းကျင် သာရှိ၍ တစ်ရက်လုပ်ခမှာ ၃ ဒေါ်လာ ကျော် ရရှိကြသည်။ 

အာဏာသိမ်းမှုနောက်ပိုင်းတွင် စစ်ကောင်စီက အလုပ်သမားများကို တစ်ရက်လုပ်ခ အပိုထောက်ပံ့ ကြေးအဖြစ် ကျပ် ၁၀၀၀ နှစ်ကြိမ် တိုးမြှင့်ပေးရန် သတ်မှတ်ခဲ့၍  ကျပ် ၆,၈၀၀ ဖြစ်လာသည်။ သို့သော်လည်း ဒေါ်လာသည် ပြင်ပစျေးကွက်တွင် ကျပ် ၄၅၀၀ မှ ၆၀၀၀ ဝန်းကျင်ရှိနေ၍ တစ်ရက် လုပ်ခသည် ၁ ဒေါ်လာကျော်သာ ရှိခဲ့သည်။ 

စစ်အာဏာသိမ်းပြီးနောက် စီးပွားရေးကျဆင်းမှု၊ အလုပ်အကိုင်ရှားပါးမှု နှင့် ငွေကြေးဖောင်းပွမှုနှုန်း အလွန်အမင်းမြင့်တက်တို့ကြောင့် အခြေခံအလုပ်သမားများအပါအဝင် ဝင်ငွေနည်းအိမ်ထောင်စုများ  ခက်ခက်ခဲခဲ ရုန်းကန်နေကြရသည်။ 

အများပြည်သူအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုများကို နည်းလမ်းပေါင်းစုံဖြင့် ကျူးလွန်နေသော စစ်ကောင်စီလက်ထက်တွင် အခြေခံအလုပ်သမားအခွင့်အရေးများသည်လည်း ဆုံးရှုံးနေသည်။

ထို့ကြောင့်ပင် ပြီးခဲ့သည့် ဇွန်လ ၅ ရက်နေ့တွင် အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့ချုပ်(ILO) က ပုဒ်မ ၃၃ အရ မြန်မာနိုင်ငံကို အရေးယူပိတ်ဆို့ရန် ဆုံးဖြတ်ခဲ့သည်။ 

Related Articles

Back to top button