ပဲခူးတိုင်း၊ ရေတာရှည်မြို့အရှေ့ဘက် ငါးမိုင်ကျော်အကွာ စစ်တောင်းမြစ်ကမ်းဘေး ရွာသစ်ကျေးရွာတွင် အထိုင်ချတပ်စွဲထားသည့်စစ်တပ်ကို အောက်တိုဘာလ ၂၀ ရက်နေ့က ဝင်ရောက် တိုက်ခိုက်စဉ် တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီးတစ်ဦး အပါအဝင် ၁၅ ဦးခန့် သေဆုံးပြီး နှစ် ဦးကို အရှင်ဖမ်းမိကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) အမှတ်(၂) စစ်ဆင်ရေးနယ်မြေက အောက်တိုဘာလ ၂၁ ရက်နေ့ တွင် ထုတ်ပြန်သည်။
အမှတ် (၂၀၂၉) လေကြောင်းရန်ကာကွယ်ရေးတပ် (လ.က.တ-တ) မှ ဒုတိယဗိုလ်မှူးကြီးညီညီနိုင် ဦးစီးပြီး အင်အား ၆၀ ထက်မနည်းရှိသည့် အထိုင်ချစစ်ကော်မရှင်တပ်ဖွဲ့ကို ယင်းနေ့ မွန်းလွဲ ၂ နာရီခန့်မှ စတင် တိုက်ခိုက်ခဲ့ကြောင်း တိုက်ပွဲတွင် ပါဝင်သည့် အမှတ် (၈၀၆) နေပြည်တော် PDF တပ်ရင်းမှ တာဝန်ရှိသူ တစ်ဦး က ပြောသည်။
နှစ်နာရီကျော်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် ရွာသစ်ရွာအထိုင်စခန်းနှင့် ကင်းစခန်းများကို တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ပြီးနောက် စစ်ကော်မရှင်တပ်ဖွဲ့ဝင်များက ဆုတ်ခွာထွက်ပြေးသွားကြသည်ဟု သိရသည်။
MA စီးရီး နှစ် လက် ၊ G-3 သုံး လက်၊ ၆၀မမ တစ် လက်၊ ပစ္စတို တစ် လက်၊ ဒရုန်းဂျန်ပါ အထိုင်စက်ကြီး တစ်ခု၊ ခဲယမ်းမျိုးစုံနှင့် အခြားစစ်သုံးပစ္စည်းများ သိမ်းဆည်းရမိခဲ့ကြောင်း ထုတ်ပြန်ချက်က ဆိုသည်။
တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီးညီညီနိုင်အား ဖမ်းဆီးချိန် ပစ္စတိုဖြင့် ပြန်ခုခံသဖြင့် ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ နေပြည်တော် တိုင်းစစ်ဌာနကလည်း ယနေ့ ထုတ်ပြန်ထားသည်။
တိုက်ပွဲအပြီး နယ်မြေရှင်းလင်းချိန် ခုနှစ်လောင်းထက်မနည်း ရှိနေကာ စစ်တပ်ဘက်မှ သေဆုံးသူများမှာ မျက်မြင်အရ စုစုပေါင်း ၁၅ ဦးခန့်ရှိကြောင်း အထက်ပါတာဝန်ရှိသူက ဆိုသည်။
သေဆုံးသူများနှင့် ဖမ်းဆီးရမိသူတို့၏ အချက်လက်များ လတ်တလော စစ်ဆေးဆဲဖြစ်ပြီး အသေးစိတ် မသိရှိရသေးကြောင်း အထက်ပါတာဝန်ရှိသူက ဆက်ပြောသည်။
ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ်(၂) စစ်ဆင်ရေးနယ်မြေ၊ နေပြည်တော်တိုင်း စစ်ဌာနချုပ် လက်အောက်မှ တပ်ရင်းများဖြင့် စုဖွဲ့ထားသည့် ဗျူဟာစစ်ကြောင်းဖြင့် ထိုတိုက်ခိုက်မှုကို လုပ်ဆောင်ခဲ့ ကြခြင်းဖြစ်သည်။
ရွာသစ်စခန်းအတွက် ရိက္ခာ၊ ခဲယမ်း၊ လူအင်အားများကို ထိုရွာမှ ဆိုင်ကယ်ဖြင့် သွားပါက နာရီဝက်ကျော် အကွာအဝေးဖြစ်သည့် ဆွာရွာမကြီးရွာတွင် ရှိသော စစ်တပ်အထိုင်ချစခန်းတစ်ခုက ထောက်ပို့ပေးနေခြင်း ဖြစ်သည်။
ဆွာမကြီးရွာစခန်းတွင် ရေတာရှည်မြို့မှ ရောက်လာသည့် စစ်ကူအင်အားများ ထပ်ဖြည့်ထား၍ အင်အား ၁၅၀ ထက်မနည်း ရှိနေကြောင်း ဒေသခံများနှင့် ကာကွယ်ရေးတပ်ဖွဲ့ဝင်အချို့က ဆိုသည်။ ဆွာရွာမကြီးနှင့် ရွာသစ်ရွာတို့သည် စစ်တောင်းမြစ်ဝှမ်းနှင့် ကပ်လျက်ရှိသည့် ကျေးရွာများဖြစ်ပြီး စစ်တပ် အခြေချ စိုးမိုး နယ်မြေ ဖြစ်သည်။
ရွာသစ်ရွာတိုက်ပွဲကြောင့် ဒေသခံအများစုသည်ရေတာရှည်၊ ဆွာမြို့ပေါ်သို့ ပြောင်းရွှေ့နေထိုင်ကြပြီး နွမ်းပါးသူအချို့နှင့် လယ်ယာမြေရှိသူအချို့သာ မပြောင်းရွှေ့ဘဲ ဆက်လက်နေထိုင်ကြောင်း ရွာသစ်ရွာခံ အသက် ၅၀ ကျော်အရွယ် အမျိုးသမီးတစ်ဦးက ပြောသည်။
“တိုက်ပွဲတွေဖြစ်တော့ လေကြောင်းက ပစ်မှာကြောက်လို့ ခင်တန်း၊ ကျိတ်ပုတီး၊ ရွာသစ်ရွာကသူတွေ အကုန် ပြေးကြရတာ၊ မြစ်ကူးတံတားရောက်တော့ (စစ်) တပ်က ပိတ်ချိန်မရောက်သေးဘဲ ဖြတ်ခွင့် မပေးတော့ အနီးနားရွာက အသိအိမ်တွေနဲ့ ဘုန်းကြီးကျောင်းတွေမှာ နေကြရတာ” ဟု ၎င်းက ဆိုသည်။
ရွာသစ်ကျေးရွာတိုက်ပွဲသည် စစ်တောင်းမြစ်အရှေ့ဘက်ကမ်းတိုက်ပွဲများတွင် စစ်တပ်ဘက်မှ အထိအခိုက် အများဆုံးဖြစ်ပြီး တိုက်ပွဲများ ပိုပြင်းထန်လာနိုင်၍ ဒေသခံများအနေနှင့် သတိပြုနေထိုင်ရန် ယင်းနယ်မြေ တွင် လှုပ်ရှားနေသည့် တပ်ဖွဲ့ဝင်တစ်ဦးကလည်း ဆိုသည်။
“ခုတိုက်ပွဲအခင်းကျင်းသည် ရွေးကောက်ပွဲကာလကို ခြိမ်းခြောက်ပြီးသားလည်း ကျသလို အဓိကကတော့ ရွေးကောက်ပွဲကို လက်ခံမှာမဟုတ်ဘူး၊ သူတို့ကလည်း မဖြစ်ဖြစ်တဲ့နည်းနဲ့ လုပ်မှာ သိတဲ့အတွက် ကျွန်တော် တို့ဘက်ကလည်း မရရတဲ့နည်းနဲ့ လုပ်နိုင်တဲ့အပိုင်းအခြားကို လုပ်မှာဖြစ်တဲ့အတွက် အဓိက သူတို့ လုပ်မယ် ဆိုရင်တောင် သူတို့ခက်ခဲအောင် အကြောင်းအမျိုးမျိုးနဲ့ မူတည်ပြီး အဟန့်အတားတွေလုပ်ဖို့ရှိတယ်”ဟု ၎င်းက ဆက်ပြောသည်။
နိုင်ငံမြောက်ပိုင်းကို အမှတ် (၁) စစ်ဒေသ ၊ နိုင်ငံတောင်ပိုင်းကို အမှတ် (၂) စစ်ဒေသ ဟု သတ်မှတ်ထားရာ အဆိုပါစစ်ဒေသများအောက်တွင် စစ်ဆင်ရေးနယ်မြေများ၊ စစ်ဌာနများ ထပ်မံဖွဲ့စည်းနေသည်ဟု ယခုနှစ် ဩဂုတ်လ နောက်ဆုံးပတ်တွင် NUG က ထုတ်ပြန်ထားသည်။
နိုင်ငံတောင်ပိုင်း အမှတ် (၂) စစ်ဒေသအောက်တွင် အမှတ် (၁)၊ (၂) ၊ (၃) စသည်ဖြင့် စစ်ဆင်ရေးနယ်မြေ သုံး ခု ဖွဲ့စည်းပြီးဖြစ်သည်။
အမှတ် (၁) စစ်ဆင်ရေးနယ်မြေသည် နိုင်ငံတောင်ပိုင်း ရန်ကုန်တိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်းတို့ ပါဝင်သည်။
အလားတူ အမှတ် (၂) စစ်ဆင်ရေးနယ်မြေတွင် ရန်ကုန်အနောက်ပိုင်းနှင့် မြောက်ပိုင်းခရိုင်၊ ပဲခူးတိုင်းနှင့် ဧရာဝတီတိုင်းတို့ကို ထည့်သွင်းထားကာ ပဲခူးရိုးနှင့်ထိစပ်နေသော မကွေးတိုင်းကို အမှတ် (၃) စစ်ဆင်ရေး နယ်မြေအဖြစ် သတ်မှတ်ထားသည်ဟု သိရသည်။



