စီးပွားရေးသတင်း

 ၂၀၂၇ တွင် အသက်ဝင်မည့် အိန္ဒိယ၏ ကုလားတန်စီမံကိန်းနှင့် AA ၏ အခန်းကဏ္ဍ

အာဏာရှင်ဟောင်း ဗိုလ်ချုပ်သန်းရွှေနှင့် သဘောတူခဲ့သည့် ကုလားတန်မြစ်ကြောင်း ဘက်စုံသုံး သယ်ယူပို့ဆောင်ရေးစီမံကိန်းကို ၂၀၂၇ တွင် အပြည့်အဝလည်ပတ်ရန် အိန္ဒိယအစိုးရက စီစဉ်နေသည်။

ရခိုင်ပြည်နယ် စစ်တွေဆိပ်ကမ်းမှ အိန္ဒိယနိုင်ငံ၊ အရှေ့မြောက်ဒေသ မီဇိုရမ်ပြည်နယ်သို့ ချိတ်ဆက်မည့် ကုလားတန်မြစ်ကြောင်း ဘက်စုံသုံးသယ်ယူပို့ဆောင်ရေးစီမံကိန်း(KMTTP)ကို လာမည့် ၂၀၂၇ နှစ်တွင် အပြည့်အဝလည်ပတ်ရန် အိန္ဒိယအစိုးရက စီစဉ်နေပြီး ထိုသို့လည်ပတ်နိုင်ရန် အာရက္ခတပ်တော်(AA)၏ အဆုံးအဖြတ်မှာ အခရာကျလာကြောင်း လေ့လာသူများကပြောသည်။ 

အာဏာရှင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေလက်ထက် ၂၀၀၈ တွင် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရန် ထိုစီမံကိန်းကို သဘောတူလက်မှတ်ရေးထိုးခဲ့ကြပြီး စီမံကိန်းအစိတ်အပိုင်းအဖြစ် ကုလားတန်မြစ်ပေါ်ရှိ စစ်တွေနှင့် ပလက်ဝဆိပ်ကမ်းတည်ဆောက်ရေးလုပ်ငန်းများအတွက် အမေရိကန်ဒေါ်လာ သန်း ၁၆၀၊ ပလက်ဝမှ အန္ဒိယနယ်စပ်အထိ ကားလမ်းဖောက်ရန် ဒေါ်လာ ၃၂၄ သန်း ရင်းနှီးမြှုပ်နှံမည်ဖြစ်သည်။

ကုလားတန်မြစ်ကမ်းတလျှောက်ရှိ စစ်တွေနှင့် ပလက်ဝဆိပ်ကမ်းများပြီးစီး၍ လုပ်ငန်းလည်ပတ်ရန် အသင့်ဖြစ်နေပြီး မော်တော်ကားလမ်းဖောက်လုပ်ရေးလုပ်ငန်းဆောက်ရွက်လျက်ရှိကာ ၂၀၂၇ အတွင်း အပြည့်အဝလည်ပတ်နိုင်မည်ဖြစ်ကြောင်း အိန္ဒိယ၏ ဆိပ်ကမ်း၊ သင်္ဘောနှင့် ရေကြောင်းဝန်ကြီးဌာနက ဇူလိုင် ၈ ရက်တွင် သတင်းထုတ်ပြန်သည်။  

၂၀၂၅ နှစ်ဆန်းပိုင်းက ရခိုင်ပြည်နယ်အတွင်း ကုလားတန်စီမံကိန်း၏ စစ်တွေဆိပ်ကမ်းကို မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ် သွားရောက်ကြည့်ရှုစဉ်။  (ဓာတ်ပုံ –  ရန်ကုန်မြို့ အိန္ဒိယသံရုံး)

ထိုစီမံကိန်းသည် နှစ်နိုင်ငံချစ်ကြည်ရေးစာချုပ်၏ ရလဒ်တစ်ခုဖြစ်ပြီး အိန္ဒိယအရှေ့မြောက်ဒေသနှင့် မြန်မာနိုင်ငံကြား ဆက်သွယ်မှုတိုးမြှင့်ရန် မဟာဗျူဟာမြောက်ဆောင်ရွက်ချက်ဖြစ်ကြောင်း ဆိပ်ကမ်း၊ သင်္ဘောနှင့် ရေကြောင်းဝန်ကြီး Shri Sarbananda Sonowal က ပြောဆိုခဲ့သည်။

သို့သော်လည်း ၂၀၂၁ စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်ကို တိုက်ခိုက်၍ ချင်းပြည်နယ် ပလက်ဝ၊ ရခိုင်ပြည်နယ်တစ်ခုလုံးနီးပါးနှင့် ကုလားတန်မြစ်တစ်လျှောက်ကို အာရက္ခတပ်တော်(AA) က ထိန်းချုပ်ထားရာ လာမည့် ၂ နှစ်အတွင်း စီမံကိန်းစတင်လည်ပတ်လိုပါက အိန္ဒိယအစိုးရသည် AA နှင့် မဖြစ်မနေဆွေးနွေးရန်လိုအပ်ကြောင်း ရခိုင်နိုင်ငံရေးသမား ဦးဖေသန်းက ပြောသည်။

“ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းတွေ စတင်လည်ပတ်တော့မယ်ဆိုရင်တော့ စစ်တွေကထွက်ပြီ ဆိုတာနဲ့ AA ထိန်းချုပ်ဧရိယာကို ပလက်ဝအိန္ဒိယနယ်စပ်ထိ တောက်လျှောက် ဖြတ်ကျော်ရတော့မှာဖြစ်လို့ AA ခွင့်ပြုမှ အလုပ်ဖြစ်မှာပါ။ AA နဲ့မဆွေးနွေးလို့မဖြစ်ပါဘူး” ဟု ဦးဖေသန်းက သုံးသပ်သည်။ 

“တစ်ဖက်ကကြည့်ရင် AA က ကိုယ်ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ ကုန်စျေးနှုန်းတွေကျဆင်းရေးအတွက် ဒီကုလားတန်စီမံကိန်းကို ပ်ိတ်ပင်တာ၊ ခွင့်မပြုတာ လုပ်မယ်မထင်ပါဘူး။ AA ဖက်က တရားဝင်ကုန်သွယ်ရေး ဂိတ်တွေ ဖွင့်ပြီး အခွန်အခတွေရရှိနိုင်တာဖြစ်လို့ ပိုအဆင်ပြေနိုင်ပါတယ်” 

ထိုစီမံကိန်းသည် အိန္ဒိယနိုင်ငံ ကာလကတ္တားဆိပ်ကမ်းနှင့် စစ်တွေဆိပ်ကမ်းကို ပင်လယ်လမ်းကြောင်းမှ ချိတ်ဆက်နိုင်ရန်၊ စစ်တွေဆိပ်ကမ်းမှတစ်ဆင့် မီဇိုရမ်သို့ ကုလားတန်မြစ်ကြောင်း၊ အဝေးပြေးလမ်းတို့မှ ချိတ်ဆက်နိုင်ရန် ရည်ရွယ်သည်ဟု ၂၀၂၃ ဇူလိုင် ၁၀ ရက်နေ့က ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနထံ တင်ပြသည့် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၏ EIA အစီရင်ခံစာတွင် ဖော်ပြထားသည်။

ထိုစီမံကိန်းနယ်မြေထဲတွင် ကုလားတန်မြစ်ကမ်းဘေး ရခိုင်ပြည်နယ် စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ပေါက်တော၊ မြောက်ဦး၊ ကျောက်တော် ၅ မြို့နယ်နှင့် ချင်းပြည်နယ် ပလက်ဝတို့ပါဝင်ပြီး စစ်တွေဆိပ်ကမ်းတည်ရှိရာ စစ်တွေမြို့နယ်မှလွဲ၍ ကျန်မြို့နယ်များမှာ AA ထိန်းချုပ်မှုအောက်တွင် ရှိနေသည်။ 

စစ်တွေမြို့ကို စစ်ကောင်စီက ထိန်းချုပ်ထားပြီး စစ်တွေဆိပ်ကမ်းကို ၂၀၂၃ မေတွင် စစ်ကောင်စီခန့် ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်း၊ အိန္ဒိယအစိုးရ၏ ဆိပ်ကမ်း၊ သင်္ဘောနှင့် ရေကြောင်းဝန်ကြီးဌာန Shri Sarbananda Sonowal တို့ တက်ရောက်ဖွင့်လှစ်ခဲ့သည်။ 

မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၏ ကုလားတန်စီမံကိန်း EIA အစီရင်ခံစာတွင် ဖော်ပြထားသော စီမံကိန်းမြေပုံ။

စီမံကိန်းနယ်မြေအများအပြားကို AA ကထိန်းချုပ်ထားသော်လည်း စစ်တွေဆိပ်ကမ်းကို စစ်ကောင်စီက ဆက်လက်ထိန်းချုပ်ထားဆဲဖြစ်သဖြင့် အဖွဲ့တစ်ခုတည်းနှင့်ဆွေးနွေး၍ မဖြစ်နိုင်တော့ကြောင်း India For Myanmar အဖွဲ့ တာဝန်ရှိသူ ဆလိုင်းဒိုခါရ်က ပြောသည်။ 

“ဒီစီမံကိန်းတကယ်လည်ပတ်နိုင်ဖို့ဆိုရင် အန္ဒိယအနေနဲ့ စစ်ကောင်စီနဲ့ရော၊ AAနဲ့ရော၊ ချင်းနဲ့ရော ပြေပြေလည်လည် ညှိနှိုင်းဖို့ လိုမယ့်အနေအထားတော့ရှိတယ်။ မဖြစ်မနေ ညှိနှိုင်းဖို့လိုအပ်တဲ့ဟာကို တစ်ဖွဲ့ချင်းစီလိုက်ညှိနေပါတယ်။ ကျွန်တော်တို့ တော်လှန်ရေးအင်အားစုတွေက တစ်စုတစ်စည်းတည်း ရှိနေကြတယ်ဆိုရင်တော့ အန္ဒိယက တစ်နေရာတည်းနဲ့ ညှိပြီးတော့မှ အမြန်ဆုံးပြီးတယ်” ဟု ၎င်းက ပြောသည်။ 

နှစ်နိုင်ငံချစ်ကြည်ရေးအဖြစ် အကောင်အထည်ဖော်ရန်စီစဉ်ခဲ့သည့် ထိုစီမံကိန်းတွင် စစ်ကောင်စီ၏ အခန်းကဏ္ဍမှေးမှိန်သွားပြီး တော်လှန်ရေးတပ်များအနေဖြင့် နိုင်ငံရေးအရအကျိုးအမြတ်ရှိလာသလို ကုန်သွယ်ရေးဆိုင်ရာအခွန်အခများရရှိမည်ဆိုပါက ပိုမိုအမြတ်ထွက်နိုင်ကြောင်း ၎င်းက သုံးသပ်သည်။

“ကျွန်တော်အထင်ကတော့ အိန္ဒိယက ဘယ်လောက်ပြတ်ပြတ်သားသားညှိနှိုင်းရဲလဲ ဆိုတဲ့အပေါ်မှာ မူတည်တာပေါ့။ အထူးသဖြင့် အိန္ဒိယအစိုးရက AAနဲ့ ဘယ်လိုအပေးယူလုပ်နိုင်လဲဆိုတဲ့အပေါ် အများကြီးတော့ မူတည်ပါတယ်” ဟု ၎င်းက ပြောသည်။

၂၀၀၈ တွင် လက်မှတ်ထိုးခဲ့ပြီး တည်ဆောက်ရေးအချို့ပြီးစီးလာပြီဖြစ်သော်လည်း စီမံကိန်းတစ်ခုလုံး အပြီးသတ်ရန် နှောင်းနှေး ကြန့်ကြာလျက်ရှိကြောင်း၊ လက်ရှိတွင် ကားလမ်းဖောက်လုပ်နေသော်လည်း လမ်းပိုင်းများအဆင့်မြင့်တင်ခြင်းနှင့် တံတားတည်ဆောက်ခြင်းအတွက် အချိန်ထပ်ယူရဖွယ်ရှိကြောင်း ပလက်ဝဒေသခံ အမျိုးသားတစ်ဦးက ထောက်ပြသည်။

ထို့အပြင် စစ်တွေတွင် အာဏာသိမ်းစစ်ကောင်စီ ထိန်းချုပ်ထားဆဲဖြစ်၍ မည်သို့မည်ပုံညှိနှိုင်းမည်ကို မသိရသေးကြောင်း၊ သို့သော် ပလက်ဝကို AA တိုက်ခိုက်သိမ်းပိုက်ပြီး အိန္ဒိယက ထိတွေ့ဆွေးနွေးမှုများ ရှိလာကြောင်း အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ဘက်တွင် စစ်ဘေးရှောင်နေသည့် ထိုအမျိုးသားက ပြောသည်။

“(ပလက်ဝမြို့) သိမ်းတုန်းကဆိုရင် ဒီကုလားတန်စီမံကိန်းတို့ဘာတို့မှာ တောက်လျှောက်လုပ်လာတဲ့ ဝန်ထမ်းတွေ ပြန်ကြတာ။ သိမ်းပြီးတဲ့ နောက်ပိုင်းမှာ အိန္ဒိယဘက်က (AA တပ်နဲ့) စကားပြောလာတာရှိလို့ပဲ အခုက လွတ်လွတ်လပ်လပ် ပလက်ဝနဲ့ အိန္ဒိယကြားမှာ လမ်းဖောက်တဲ့အခါ အနှောက်အယှက်မပေးဘဲ လုပ်ခွင့်ရတာ” ဟု ၎င်းက ပြောသည်။

ကုလားတန်စီမံကိန်းထဲတွင်ပါဝင်သည့် မီဇိုရမ်ပြည်နယ်အရှေ့ပိုင်း လိုင်ရမ်၊ ဇိုရမ်ပူနှင့် ချင်းပြည်နယ် ပလက်ဝမြို့တို့ကို ဆက်သွယ်နိုင်ရန် ဖောက်လုပ်နေသည့်လမ်းအတွက် ၂၀၂၄ မတ်လအတွင်း မီဇိုရမ်ပြည်နယ်လွှတ်တော်အမတ်နှင့် AA တို့ နယ်စပ်တွင် တွေ့ဆုံဆွေးနွေးခဲ့သည်။

ဧရာဝတီ-ရခိုင်နယ်စပ်ရောက် AA တပ်ဖွဲ့ဝင်များကို စစ်ကောင်စီတပ်ထံက သိမ်းဆည်းရမိထားသည့် သံချပ်ကာယာဉ်များနှင့်အတူ တွေ့ရစဉ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက် ၂၀၁၈ ခုနှစ်တွင် စတင်ဖောက်လုပ်ခဲ့သည့် အဆိုပါ ပလက်ဝ-ဇိုရမ်ပူလမ်းကို ကိုဗစ်ကပ်ဘေးနှင့် ဒေသတွင်း မတည်ငြိမ်မှုကြောင့် ၂၀၂၀ ပြည့်နှစ်တွင် ရပ်နားခဲ့ရသည်။

ထို့နောက် အာဏာသိမ်းစစ်တပ်က၂၀၂၃ နှစ်ဆန်းပိုင်းတွင် ပြန်လည် စတင်ခဲ့သော်လည်း ဒေသတွင်း တိုက်ပွဲများကြောင့် လမ်းဖောက်လုပ်မှုဆိုင်းငံ့ထားရာ ပလက်ဝကို AA က သိမ်းပိုက်လိုက်ပြီးနောက် ထိုလုပ်ငန်းများ ပြန်လည်အသက်ဝင်လာခဲ့သည်။

စစ်ကောင်စီ၏ နယ်မြေများလက်လွှတ်ဆုံးရှုံးရသဖြင့် အိန္ဒိယ၏ ကုလားတန်စီမံကိန်းနှင့်ပတ်သက်၍ လုံခြုံးရေးအာမခံချက်မပေးတော့ကြောင်း၊ စစ်တွေကို  ထိန်းချုပ်ထားဆဲဖြစ်သော စစ်ကောင်စီကို လုံးဝပစ်ပယ်ရန်လည်းမဖြစ်နိုင်ကြောင်း အထက်ပါ စစ်ဘေးရှောင် ပလက်ဝဒေသခံက ပြောသည်။ 

“(စစ်ကောင်စီက) လုံခြုံရေးမယူနိုင်တဲ့အခါကြတော့ အိန္ဒိယဘက်ကလည်း ဒီလမ်းကို မဖြစ်ဖြစ်အောင် ဖောက်လုပ်မယ်လို့ ချမှတ်ထားတာ ဖြစ်တဲ့အတွက်ကြောင့် အဆင်ပြေတဲ့အဖွဲ့အစည်းနဲ့ဆွေးနွေးတဲ့အခါ လက်ရှိ တာဝန်ယူနေတဲ့ ULA AA နဲ့ပဲဆွေးနွေးဖြစ်တယ်။ စကစကိုလည်း ယုံကြည်မှုရှိလာမယ်လို့တော့ မထင်ဘူး။ ပြီးတော့ အခုစစ်တွေမှာက သူတို့အထိုင်ရှိနေတော့ စစ်တွေမှာတော့ လိုအပ်ချက် အရပဲ ဆက်ဆံရမယ့်သဘောပဲရှိတော့တာပေါ့” ဟု သူက ပြောသည်။ 

ထိုစီမံကိန်း စတင် မလည်ပတ်နိုင်သေးသော်လည်း ကုလားတန်မြစ်ကြောင်းအသုံးပြု၍   မီဇိုရမ်ပြည်နယ်၊ လောင်တလိုင်ခရိုင်မှ နယ်နိမိတ်ချင်း ထိစပ်နေသည့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်ကို ဖြတ်သန်းကာ ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသအထိ ကုန်စည်များတင်ပို့လျက်ရှိနေသည်ဟု ၎င်းက ပြောသည်။ 

အာဏာသိမ်းစစ်တပ်၏ ရေကြောင်းကုန်းကြောင်း ပိတ်ဆို့မှုကို ခံနေရသည့် ရခိုင်ပြည်နယ်အတွက် ထိုကုန်သွယ်ရေးလမ်းကြောင်းသည် အရေးပါပြီး စက်လှေများအသုံးပြုကာ စားသောက်ကုန်၊ လူသုံးကုန်၊ စက်သုံးဆီတို့ကို သယ်ယူလျက်ရှိသည်ဟု သိရသည်။  

ကုလားတန်စီမံကိန်း ပြီးစီးမှုအခြေအနေ၊ တိုင်းရင်းသားတော်လှန်ရေးတပ်များနှင့်ဆွေးနွေးညှိနှိုင်းမှုနှင့် ထိုစီမံကိန်းအပေါ် သဘောထားတို့နှင့် ပတ်သက်ပြီး အိန္ဒိယ၏ ဆိပ်ကမ်း၊ သင်္ဘောနှင့် ရေကြောင်းဝန်ကြီးဌာန၊ ရန်ကုန်ရှိ အိန္ဒိယသံရုံး၊ AA ပြောခွင့်ရ ခိုင်သုခတို့ ဆက်သွယ်မေးမြန်းသော်လည်း တုံ့ပြန်မှုမရသေးပေ။

အိန္ဒိယအစိုးရသည် ကုလားတန်စီမံကိန်းအတွက် နယ်မြေထိန်းချုပ်ထားသည့် တော်လှန်ရေးတပ်များနှင့် ဆွေးနွေးရန် လိုနေပြီး အခြားတစ်ဖက်တွင်လည်း အာဏာသိမ်းချိန်မှစ၍ စစ်ကောင်စီနှင့် မကြာခဏထိတွေ့ ဆက်ဆံမှုရှိသည်။ 

အိန္ဒိယစစ်ထောက်လှမ်းရေး ညွှန်ကြားရေးမှူးချုပ်  ဒုဗိုလ်ချုပ်ကြီး Shrinjay Pratap Singh, AVSM, YSM နှင့် အာဏာသိမ်း ဒုစစ်ခေါင်းဆောင် ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းတို့  ဇူလိုင်လလယ်ပိုင်းက နေပြည်တော်တွင် တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံနယ်စပ်လုံခြုံရေး၊ စစ်တပ်ချင်း ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေးဆွေးနွေးခဲ့ကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်ထားသည်။

Related Articles

Back to top button