မေလကုန်ပိုင်းမှ စတင်ကာ တိုက်ပွဲများပြင်းထန်လာသည့် ကချင်ပြည် ဖားကန့်မြို့တွင် စစ်ကောင်စီက မြို့အဝင်အထွက်လမ်းများကို ပိတ်ဆို့လိုက်သည့်အတွက် ကုန်စည်စီးဆင်းမှုရပ်တန့်သွားပြီး ကုန်ဈေးနှုန်း အဆမတန်မြင့်တက်လာသည်ဟု ဒေသခံများထံက သိရသည်။
ဖားကန့်မြို့ နေရာအနှံ့ တိုက်ပွဲပြင်းထန်နေချိန် ဇူလိုင် ၁၈ ရက်နေ့မှ စတင်ကာ ကုန်စည်ဝင်ရောက်ရာ အဓိကလမ်းမကြီးနှစ်ခုဖြစ်သည့် မြို့အရှေ့ဘက်ရှိ ဖားကန့်-ကာမိုင်းလမ်းနှင့် မြို့တောင်ဘက်ရှိ ဖားကန့်-အင်းတော်ကြီးလမ်းတို့တွင် ဖြတ်သန်းသွားလာခွင့် တားဆီးလိုက်ခြင်း ဖြစ်သည်။
အခြေခံစားသောက်ကုန် ဈေးနှုန်းတက်နေသည်၊ အထူးသဖြင့် အခြားဒေသများမှ မှာယူနေရသည့် ကြက်သား၊ ငါး၊ ကြက်ဥနှင့် ကုန်စည်အချို့မှာ ယခင်ကထက် နှစ်ဆခန့် စျေးတက်လာသည်ဟု ဖားကန့်ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။
“ဝက်သားနဲ့ အမဲသားကတော့ ဒီဘက်ဒေသမှာ နည်းနည်းလေးရှိနေသေးတယ်၊ မပြတ်သေးဘူး၊ ကြက်သားနဲ့ ငါးကတော့ အောက်ပိုင်းက သယ်ရတာ၊ ကျွန်တော်တို့ ဒီမှာကြက်မွေးမြူရေးခြံလည်း လုံလုံလောက်လောက် မရှိဘူး၊ ရှိရုံလေးပဲရှိတာဆိုတော့ ဒေသတွင်းမှာ လုံလောက်တဲ့ စားသောက်မှုမျိုးမရနိုင်ဘူး” ဟု အဆိုပါ အမျိုးသားက ပြောသည်။
“တခြားသောကုန်းဈေးနှုန်းတွေလည်း အကုန်တက်တယ်၊ ရှားကုန်တွေဖြစ်သွားတော့ အကုန်တက်တယ်။ အခြောက်အခြမ်းတွေကလည်း အရင်က အထုတ်သေးတစ်ထုတ်ကို ၁၂,၀၀၀ ဆိုရင် အခု ၁၅,၀၀၀ ဖြစ်သွားပြီ တစ်ရက်နဲ့ တစ်ရက် မတူဘူး၊ တဖြည်းဖြည်းနဲ့ အကုန်တက်မှာ အဲဒီလို အနေအထားရှိတယ်”
ကြက်သား တစ်ပိဿာ ကျပ် ၁၀၀,၀၀၀ ကျော်၊ ငါးတစ်ပိဿာ ၈၀,၀၀၀ ကျပ်၊ ကြက်ဥတစ်လုံး ၁,၅၀၀ ကျပ်နှင့် ကွမ်းရွက် တစ်ရွက်လျှင် ၅၀၀ ကျပ်အထိ မြင့်တက်လာသည်ဟု အဆိုပါ ဒေသခံအမျိုးသားက ပြောသည်။
ရန်ကုန်မြို့ ကုန်စျေးနှုန်းထက် နှစ်ဆ၊ သုံးဆ တက်နေခြင်း ဖြစ်သည်။
ကုန်ခြောက်ဆိုင်များထဲမှ ကုန်ပစ္စည်းပြတ်လတ်သွားသည့် ဆိုင်အချို့ပိတ်သွားသလို ကွမ်းရွက်ဈေးမြင့်တက်သွားခြင်း၊ ပစ္စည်းပြတ်သွားခြင်းတို့ကြောင့် ကွမ်းယာဆိုင် အများအပြား ပိတ်သွားကြောင်း ဒေသခံတို့က ပြောသည်။
ထို့အပြင် ဇွန်လဆန်းမှစတင်ကာ စစ်ကောင်စီတပ်က လူဦးရေ ၃ သိန်း ဝန်းကျင်ရှိသည့် ဖားကန့်မြို့ကို ဆန်တင်သွင်းခွင့် ပိတ်လိုက်သည့်အတွက် ဆန်းဈေးနှုန်းဆက်လက် မြင့်တက်လာရာ ၂၄ ပြည်ပါ ဧရာမင်းဆန်တစ်အိတ်လျှင် ၂၈၀,၀၀၀ ကျပ်နှင့် ပေါ်ဆန်းမွှေးတစ်အိတ်လျှင် ၃၀၀,၀၀၀ အထိ ဖြစ်နေသည်ဟု သိရသည်။
ဇွန်လကုန်ပိုင်းက စစ်ကောင်စီတပ်က ဆန်သယ်ယူခွင့်ကို သီတင်းတစ်ပတ်ခန့် ပြန်လည်ခွင့်ပြုခဲ့သည့်အတွက် စျေးကွက်တွင် ဆန်လက်ကျန်ရှိသေးသည်ဟု ဒေသခံအချို့က ပြောသည်။
ပိတ်ဆို့မှု ကာလကြာရှည်လာပါက ကုန်စည်များ ပြတ်လတ်သွားမည်ကို စိုးရိမ်ရကြောင်း အသက်(၄၀)ကျော်အရွယ် ဖားကန့်ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။
“လမ်းတွေက ပိတ်ထားတော့ ဘာမဆိုအကုန်တက်သွားပြီး ကြက်ဥက တစ်လုံးကို တချို့ဆိုင်တွေမှာဆို ၁၅၀၀ ဖြစ်နေပြီ၊ ကြက်၊ ဝက်၊ ဘဲ၊ အမဲ၊ ငါး အကုန်တက်။ လောလောဆယ် ငါးခြောက်ဆိုင်မှာ ငါးခြောက်ပြောင်သွားပြီ။ ဘယ်လိုလုပ်ကြမလဲမသိဘူး” ဟု အဆိုပါ အမျိုးသားက ပြောသည်။
“ကျွန်တော်ကတော့ ကွန်ပစ်တတ်တယ်၊ ကွန်ပစ်စားမယ်၊ ငါးလည်း နည်းနည်းပေါ်ပြီ”
ဖားကန့်-အင်းတော်ကြီးလမ်းပိုင်း နေရာအချို့တွင် ကုန်တင်ကားများ ပိတ်မိနေသလို ကုန်တင်ကားတချို့ နောက်ပြန်လှည့်သွားကြသည်ဟု အင်းတော်ကြီးဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
ရက်ကြာလာသည့်အတွက် တန်းစီနေသည့် ကုန်ကားအချို့ပေါ်မှ အသားနှင့် ကုန်စိမ်းများ ပုတ်သိုးကုန်သည့်အတွက် စွန့်ပစ်ရသည်ဟု အင်းတော်ကြီးဒေသခံတစ်ဦးက ပြောသည်။
ဖားကန့်မြို့အနောက်ဘက် ကျေးရွာများတွင်လည်း ကချင်လွတ်လပ်ရေးတပ်(KIA)နှင့် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသည်။
တိုက်ပွဲဖြစ်ပွားနေသည့် အဓိကရွာများဖြစ်သည့် မှော်မောင်းလျံ၊ မှော်ဝမ်းလေး၊ မှော်ဝမ်းကြီး၊ အမှိုက်ပုံစသည့် ကျေးရွာများကိုလည်း လေကြောင်းမှ နေ့စဉ်နီးပါး ဗုံးကြဲတိုက်ခိုက်နေသည်ဟု ဒေသခံများက ပြောသည်။
ဇူလိုင် ၂၁ တွင်လည်း ဖာကန့်မြို့ အမှိုက်ပုံရွာကို ညနေ ၅ နာရီခန့်တွင် စစ်လေယာဉ်က ဗုံးကြဲကာ စက်သေနတ်နှင့်ပါ ပစ်ခတ်သွားသည်ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။
ဖားကန့်တွင် မြေပြင်တိုက်ပွဲများ ပြင်းထန်နေသောကြောင့် နှစ်ပတ်အတွင်း စစ်ကောင်စီတပ်က လေကြာင်းတိုက်ခိုက်မှု ၆ ကြိမ်ထက်မနည်းပြုလုပ်ခဲ့သည်ဟု ဒေသတွင်းသတင်းသမားများထံက သိရသည်။
ကချင်ပြည်နယ်အတွင်း နေရာအများစု၌ တိုက်ပွဲများ ငြိမ်သက်နေသော်လည်း ကျောက်စိမ်းအကျိုးစီးပွားမှ အခွန်အများအပြားရနိုင်သည့် ဖားကန့်မြို့ကို ထိန်းချုပ်နိုင်ရန် စစ်ကောင်စီတပ်နှင့် KIA နှစ်ဖက်လုံးက ကြိုးစားနေသည့်အတွက် တိုက်ပွဲများ ပိုမိုပြင်းထန်လာနိုင်သည်ဟု ဒေသခံအချို့က သုံးသပ်သည်။



