အာဏာသိမ်းစစ်တပ်သည် ၎င်းတို့ဦးဆောင်ကျင်းပမည့် ရွေးကောက်ပွဲ ဝါဒဖြန့်ဇာတ်လမ်းတိုနှင့် ပါဝင် သရုပ်ဆောင်သူများအား ဝေဖန်သည်ဟု စွပ်စွဲ၍ ရုပ်ရှင်ဒါရိုက်တာများ အပါအဝင် လေးဦးကို ဖမ်းဆီးထားပြီး အခြား ဝေဖန်သူများအား ဆက်လက်အရေးယူနိုင်ရန် ကြိုးပမ်းနေကြောင်း စုံစမ်းသိရှိရသည်။
၂၀၂၁ စစ်တပ် အာဏာသိမ်းမှုအပေါ် ဆန့်ကျင် ခဲ့ကြသူများအား ပုံဖျက်သရော်၍ ရိုက်ကူးထားသည့် “ခေတ်သမိုင်းကို ဒုန်းစိုင်းမည့်သူများ” ဇာတ်လမ်းတိုကို အောက်တိုဘာလ ၂၇ ရက်နေ့က စစ်တပ် ထိန်းချုပ်သည့် မြဝတီ ရုပ်သံလိုင်းမှတဆင့် ထုတ်လွှင့်ပြသခဲ့သည်။
မိနစ် ၃၀ ခန့်ကြာ ဝါဒဖြန့်ဇာတ်လမ်းတိုတွင် နေတိုး၊ နေဝင်း၊ မြင့်မြတ်၊ အေးချမ်းမောင်၊ မေမြင့်မိုရ်၊ ခြူးလေး အစရှိသည်တို့က အဓိကသရုပ်ဆောင်ထားကြပြီး ထိုသူများကို လူအများစုက အပြင်းအထန် ဝေဖန်ခဲ့ကြပြီး သပိတ် မှောက်ခဲ့ကြသည်။
စစ်တပ်က ၎င်းတို့၏ ဝါဒဖြန့် ရွေးကောက်ပွဲအသိပညာပေးဇာတ်လမ်းနှင့် ပါဝင်သရုပ်ဆောင်ခဲ့သူများ အား လူမှုကွန်ရက်မှတစ်ဆင့် မဟုတ်မမှန်ဝေဖန်ရေးသား၍ ရွေးကောက်ပွဲအပေါ် လူထု အထင်အမြင် လွဲမှားရန် လှုံ့ဆော်ခဲ့သည်ဟု ဆိုကာ ဒါရိုက်တာ မိုက်တီး(ခ) သန်းထွန်းဇော် ၊ သရုပ်ဆောင် ကျော်ဝင်းထွဋ် (ခ) ကျော်မင်းထွဋ်နှင့် ဟာသသရုပ်ဆောင် အုန်းဒိုင်း(ခ)ဇော်မြင့်တို့အား ၎င်းတို့၏နေအိမ်များမှ ဖမ်းဆီးခဲ့ ခြင်းဖြစ်သည်။
ယမန်နေ့ (အောက်တိုဘာလ ၂၉ ရက်နေ့) ညတွင် ထိုရွေးကောက်ပွဲ ဇာတ်လမ်းနှင့်ဆက်စပ်၍ ဒါရိုက်တာ အောင်ချမ်းလူ ဖမ်းဆီးခံရသည်ဟု အနုပညာရှင်အသိုင်းအဝိုင်းမှ အမည်မဖော်လိုသူတစ်ဦးက ပြောသည်။
အဆိုတော် ရန်ရန်ချမ်းက စစ်တပ်၏ ဝါဒဖြန့်မှုနောက် မျောပါမနေကြရန် အောက်တိုဘာလ ၂၇ ရက်နေ့ မှာ ရေးသားခဲ့သည့် ဆိုရှယ်မီဒီယာ Facebook ပို့စ်ကို ဒါရိုက်တာ အောင်ချမ်းလူက Love Reaction ပေးခဲ့သဖြင့် ယမန်နေ့ ညတွင် ဖမ်းဆီးခံလိုက်ရသည်ဟု ဆိုသည်။
“ဒါရိုက်တာ အောင်ချမ်းလူ မနေ့ညက စစ်ကြောရေးပါသွားလို့ ကြားသိရတယ်။ ဟို (ရွေးကောက်ပွဲ ဝါဒဖြန့်) ဇာတ်ကားနဲ့ပတ်သက်ပြီး Yan Yan Chan တင်ထားတဲ့ Post ကို Love React ပေးလို့တဲ့”ဟု ၎င်းက ဆက်ပြောသည်။
အဆိုပါဇာတ်ကားကို ဒါရိုက်တာ တင်အောင်စိုး (ပန်းမြို့တော်)က လေးရက်အတွင်း အပြီးရိုက်ကူးခဲ့ခြင်း ဖြစ်သည်ဟု အထက်ပါလူက ပြောသည်။

ဒါရိုက်တာ မိုက်တီး(ခ)သန်းထွန်းဇော်ကို စစ်တပ်က ၎င်းတို့ကို ဝေဖန်သည်ဟု ဆိုကာ ယခင်က ရာဇသတ်ကြီးပုဒ်မ ၅၀၅-က ဖြင့် ဖမ်းဆီးအရေးယူခဲ့သည်။ ၂၀၂၂ အောက်တိုဘာလ ၂၈ ရက်နေ့တွင် လွတ်ငြိမ်းသက်သာခွင့်ဖြင့် ပြန်လွတ်လာပြီး ၎င်းကို လွတ်ငြိမ်းမှ ကျန်ရှိသော ပြစ်ဒဏ်ဖြင့် လည်းကောင်း၊ ရွေးကောက်ပွဲဥပဒေဖြင့်လည်းကောင်း အရေးယူမည်ဟု စစ်တပ်၏ ယမန်နေ့ည ထုတ်ပြန်ချက်က ဆိုသည်။
သရုပ်ဆောင် ကျော်ဝင်းထွဋ် (ခ) ကျော်မင်းထွဋ်နှင့် ဟာသသရုပ်ဆောင် အုန်းဒိုင်း(ခ)ဇော်မြင့်တို့အား ရွေးကောက်ပွဲဥပဒေဖြင့် အရေးယူမည်ဟု ဆိုသည်။
ထိုသုံးဦးသည် အာဏာသိမ်းမှုအပေါ် ဆန့်ကျင်ဆန္ဒပြပွဲများတွင် ပါဝင်ခဲ့ကြသူများဖြစ်သည်ဟု ဖော်ပြထားသည်။
“ဇာတ်လမ်းနဲ့ပတ်သက်ပြီး ခြိမ်းခြောက်နေတဲ့သူတွေ၊ ဝေဖန်နေတဲ့သူတွေကို ထိရောက်စွာ အရေးယူသွားမှာ ဖြစ်ပါတယ်” ဟု စစ်တပ်ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောထားသည်။
ဒါရိုက်တာအောင်ချမ်းလူအား ဖမ်းဆီးအရေးယူထားကြောင်း စစ်တပ်က တစ်စုံတစ်ရာ ထုတ်ပြန်ခြင်း မပြုသေးပေ။
ထောင် သုံးနှစ်မှ အမြင့်ဆုံး သေဒဏ်အထိ ချမှတ်နိုင်သည့် ရွေးကောက်ပွဲဥပဒေကို ယခုနှစ် ဇူလိုင်လ ၂၉ ရက်နေ့တွင် ထုတ်ပြန်လိုက်ရာ ဥပဒေထုတ်သည့်နေ့မှစ၍ စက်တင်ဘာလ ၃၀ ရက်နေ့အထိ ရွေးကောက်ပွဲဥပဒေဖြင့် အရေးယူထားသူ ၆၄ ဦး ရှိပြီး ထိုအထဲတွင် အသက်မပြည့်သေးသူများ ပါဝင်သည်။
စစ်တပ်က ပိုမိုအရေးယူနိုင်ရန် ကြိုးပမ်း
ထိုဇာတ်လမ်းတိုတွင် ပါဝင်ရိုက်ကူးခဲ့သည့် သရုပ်ဆောင်အချို့ ကြော်ငြာမရိုက်ကူးရသည့် ဖြစ်စဉ်များ ရှိလာသည့်အတွက် စစ်တပ်လက်အောက်ခံ ပြန်ကြားရေးဝန်ကြီးဌာနက ယနေ့ (အောက်တိုဘာလ ၃၀ ရက်နေ့တွင်) အရေးပေါ်အစည်းအဝေးခေါ်ယူထားသည်ဟု သရုပ်ဆောင်အသိုင်းအဝိုင်းထံက သိရသည်။
နေတိုးသည် စစ်ခေါင်းဆောင်၏ သမီးဖြစ်သူ ခင်သိရိသက်မွန်ပိုင်ဆိုင်သည့် Seven Sense ကုမ္ပဏီနှင့် ကာလရှည် တွဲဖက်လုပ်ကိုင်နေသူဖြစ်ပြီး အနုပညာကြေး အများဆုံးရရှိထားသည့် သရုပ်ဆောင်တစ်ဦးလည်း ဖြစ်သည်။
ရန်ကုန်မြို့၊ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးတွင် ယနေ့ မွန်းလွဲ ၁ နာရီ ပြုလုပ်မည့် အဆိုပါအစည်းအဝေးကို သရုပ်ဆောင်များအားလုံး မဖြစမနေလာရောက်ရန် ညွှန်ကြားထားသည်ဟု အထက်ပါအနုပညာရှင်အသိုင်းအဝိုင်းမှ အမည်မဖော်လိုသူက ပြောသည်။
“ခေတ်သမိုင်းကို ဒုန်းဆိုင်းမည့်သူများ” Boycott and Social punishemnt (သပိတ်မှောက်ခြင်းနှင့် လူမှုရေး ပြစ်ဒဏ်ခတ်ခြင်း) ထိရောက်သွားတဲ့အတွက်၊ ကြော်ငြာကုမ္ပဏီတွေက ၎င်းကားမှာ ပါတဲ့သူ တွေကို ကားခေါ်မရိုက်တော့တဲ့ကိစ္စကို ၎င်းကုမ္ပဏီများဆက်ရိုက်ရန်အတွက် စစ်တပ်က ဖိအားပေးဖို့နဲ့ Counter လုပ်ဖို့လို့ အကြမ်းဖျဉ်း သိရတယ်”ဟု ထိုသူက ဆိုသည်။
စစ်တပ်သည် ၎င်း၏ ဝါဒဖြန့်ယန္တရားတွင် ပါဝင်နေသူများအား ကာကွယ်ပေးသည့်အနေဖြင့် အထက်ပါ အစည်းအဝေးမတိုင်မီ တစ်ရက်အလိုတွင် ဝါဒဖြန့်ရုပ်ရှင်အပေါ်ဝေဖန်သူများအား လူဖမ်းပွဲဆင်နွှဲခဲ့ခြင်း ဖြစ်သည်။

ဟာသသရုပ်ဆောင် စူပါလင်းဆိုသူ၏ TitTok အကောင့်တွင် အောက်တိုဘာလ ၁၃ ရက်နေ့ ရက်စွဲဖြင့် တင်ထားသော ဝါဒဖြန့်ရိုက်ကွင်း မှတ်တမ်းတင်ထားသည့် ရုပ်သံဖိုင်တစ်ခု၌ နာမည်ကျော်စာရေးဆရာ ချစ်ဦးညို၏ သားဖြစ်သူ လင်္ကာညိုကို တွေ့ရသလို ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်၌ ရိုက်ကူးထားသည်ဟု သိရသည်။
စစ်တပ်ဇာတ်လမ်းတို ရိုက်ကူးမှုတွင် ပါဝင်သူခဲ့သူများကို သပိတ်မှောက်၊ လူမှုရေးပြစ်ဒဏ်ခတ်သည့် အနေဖြင့် ၎င်းတို့နှင့် ပတ်သက်ဆက်နွယ်နေသည့် လုပ်ငန်း၊ ထုတ်ကုန်များအားလုံးကို အသုံးမပြုဘဲ နေကြရန် စမ်းချောင်းပင်မသပိတ်စစ်ကြောင်းအပါဝင် အာဏာသိမ်းမှုဆန့်ကျင်သူအများအပြားက တိုက်တွန်းနှိုးဆော်မှုများရှိသည်။
ဝါဒဖြန့် ဇာတ်လမ်း၏ ဇာတ်ဆောင်တစ်ဦးဖြစ်သူ နေဝင်း ပါဝင်သရုပ်ဆောင်ထားသည့် ဗြောသံအမည်ရ ဇာတ်ကားကို ထိုင်းနိုင်ငံတွင် ပြသရန် ကြိုးပမ်းစဉ် ထိုဇာတ်ကားအတွက် ကြော်ငြာပေးနေသူများကို လူမှုရေးပြစ်ဒဏ်ခတ်ရန် တိုက်တွန်းမှုများပါရှိခဲ့သည်။
ရုပ်ရှင်ကြော်ငြာသူများအနက် လူမှုကွန်ရက်တွင် လူသိများသူတစ်ဦးအား အရောင်းမြှင့်တင်ရေးအတွက် အလုပ်အပ်ထားသည့် ဆိုင်များက လက်တွဲမလုပ်တော့ဘဲ သပိတ်မှောက်ခဲ့ကြသလို ရုပ်ရှင်ကို သပိတ်မှောက်မှု သည် အောင်မြင်ခဲ့သည်ဟု ထိုင်းရောက်မြန်မာအလုပ်သမားအရေးဆောင်ရွက်သူ ကိုရဲမင်း ၎င်း၏ Facebook တွင် ရေးသားထားသည်
အာဏာသိမ်းစစ်တပ် တစ်ဖြစ်လဲ စစ်ကော်မရှင်သည် ၎င်းတို့ ဦးဆောင်ကျင်းပမည့် ရွေးကောက်ပွဲကို လာမည့် ဒီဇင်ဘာလ ၂၈ ရက်နေ့မှ စတင်ပြီး အပိုင်းသုံးပိုင်းခွဲကာ ကျင်းပသွားမည်ဖြစ်သည်။
ရွေးကောက်ပွဲ အပိုင်း(၁)ကို မြို့နယ် ၁၀၂ မြို့နယ်တွင် ကျင်းပသွားမည်ဖြစ်သည်။ အပိုင်း (၂) ကို လာမည့် ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၁၆ ရက်နေ့တွင် မြို့နယ် ၁၀၀ တွင် ကျင်းပမည်ဟု စစ်ကော်မရှင်က အောက်တိုဘာလ ၂၈ ရက်နေ့က ထုတ်ပြန်ထားသည်။
စစ်ကော်မရှင် ရွေးကောက်ပွဲကို နိုင်ငံတစ်ဝန်း ရွေးကောက်ပွဲ ဝင်ပြိုင်မည့် ပါတီခြောက်ခုမှ ကိုယ်စားလှယ် လောင်း ၃၉၅၁ ဦး၊ တိုင်းနှင့်ပြည်နယ်မှ ဝင်ပြိုင်မည့် ၅၁ ပါတီမှ ကိုယ်စားလှယ်လောင်း ၉၆၆ ဦး၊ တစ်သီး ပုဂ္ဂလ ၉၆ ဦး စုစုပေါင်း ၅၀၂၃ ဦး ဝင်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။



