စစ်ခေါင်းဆောင်ရဲ့လူယုံ စစ်ဗိုလ်ချုပ်တွေနဲ့ သူ့ရဲ့ဩဇာခံ ဝန်ကြီးတွေဟာ စစ်တပ်ရဲ့လက်ကိုင်တုတ်ပါတီဖြစ်တဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီကနေ ဝင်ပြိုင်ကြမှာ ဖြစ်ပါတယ်။ သူတို့အားလုံး ရွေးကောက်ပွဲပြိုင်ဖို့ကို စစ်ခေါင်းဆောင်ကိုယ်တိုင် ရွေးချယ်တာဖြစ်တယ်လို့ Myanmar Now က စုံစမ်းသိရှိရပါတယ်။
ရွေးကောက်ပွဲအပြီးကျင်းပမယ့် ပြည်ထောင်စုလွှတ်တော်မှာ သမ္မတရွေးပွဲလုပ်တဲ့အခါ စစ်ခေါင်းဆောင်ဟာ သူ့ကိုသမ္မတအဖြစ်မရွေးမှာကို စိုးရိမ်တာကြောင့် သူ့ဩဇာခံမယ့်သူတွေကို ရွေးကောက်ပွဲဝင်ပြိုင်ခိုင်းပြီး သူ့ကို သမ္မတ တင်မြှောက်စေမယ့် ခြေလှမ်းအစဖြစ်တယ်လို့ နေပြည်တော်စစ်ရုံးနဲ့ ထဲထဲဝင်ဝင်နီးစပ်တဲ့ နိုင်ငံရေးလေ့လာသူတစ်ဦးက ပြောပါတယ်။
“ခုမှ ပြည်ခိုင်ဖြိုးပါတီကို ဦးမင်းအောင်လှိုင်က ချုပ်ကိုင်လိုက်တဲ့အခါမှာ ဦးမင်းအောင်လှိုင်ရဲ့ ချုပ်ကိုင်မှုအပေါ်မှာ တချို့က သိပ်ပြီးတော့ အပြည့်အဝ မပါဝင်ချင်တဲ့သူတွေလည်း ရှိတယ်။ ဒါကို ဦးမင်းအောင်လှိုင်က သိတယ်။ သိတဲ့အခါကျတော့ ပြည်ခိုင်ဖြိုးပါတီက ရွေးကောက်ပွဲနိုင်ပြီးတော့ ဒုသမ္မတ ၃ယောက်ထဲကနေ သမ္မတရွေးပြီဆိုတဲ့အခါမှာ သူကျန်သွားမှာစိုးတယ်။ အဲ့လို သမ္မတရွေးချယ်တဲ့အခါမှာ မဲပေးမယ့်လွှတ်တော်ကိုယ်စားလှယ်တွေကို တတ်နိုင်သမျှ သူ့ရဲ့ ပြည်ထောင်စုအဆင့်အဖွဲ့အစည်းထဲက ပုဂ္ဂိုလ်တွေတို့ ၊ နောက်တခါ တပ်မတော်က သူဩဇာညောင်းတဲ့ အရာရှိကြီးတွေတို့ ဒါတွေကို သူထည့်တာ။ (ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်)သမ္မတလုပ်ဖို့ သေချာပါတယ်။ ရာနှုန်းပြည့်ပါပဲ” လို့ ဆိုပါတယ်။
တကယ်လို့ စစ်ခေါင်းဆောင်မင်းအောင်လှိုင်က သမ္မတရာထူးကိုယူမယ်ဆိုရင် လွန်ခဲ့တဲ့နှစ်ပေါင်း ၅၀ကျော်က ဗိုလ်ချုပ်ကြီးနေဝင်းရဲ့လမ်းစဉ်ကို ပြန်ကျင့်သုံးတယ်လို့ ဆိုရမှာပါ။
အာဏာရှင်ဟောင်း ဗိုလ်ချုပ်ကြီးနေဝင်းဟာ သူ့ကိုယ်သူ သမ္မတပြန်ပေးခဲ့တဲ့ သာဓက ရှိပါတယ်။ ၁၉၇၄ခုနှစ်၊ ဇန်နဝါရီလ ၂၇ရက်နေ့မှာ ဟန်ပြရွေးကောက်ပွဲတစ်ခုလုပ်ခဲ့ပြီး အဲ့ဒီရွေးကောက်ပွဲအပြီးမှာ တော်လှန်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးနေဝင်းက နိုင်ငံတော်ကောင်စီဥက္ကဋ္ဌ ဦးနေဝင်းကို သမ္မတအာဏာ လွှဲပေးခဲ့တာ ဖြစ်ပါတယ်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရတော့ မင်းအောင်လှိုင်ဟာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့ သမ္မတရာထူး နှစ်ခုလုံးကို ပူးတွဲယူဖို့ မဖြစ်နိုင်ပါဘူး။ ဒါကြောင့် သမ္မတလုပ်မယ်ဆိုရင်တော့ လက်ရှိယူထားတဲ့ တပ်ချုပ်ရာထူးကို စွန့်လွှတ်ရမှာ ဖြစ်ပါတယ်။
လက်ရှိတပ်ချုပ်မင်းအောင်လှိုင်ဟာ သူ့ဆရာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေစီစဉ်တဲ့ ၂၀၁၀ နှစ်ကုန်ပိုင်း ရွေးကောက်ပွဲအပြီး ၂၀၁၁မတ်လကုန်မှာ တပ်ချုပ်ရာထူးကို ရခဲ့တာပါ။ တပ်ချုပ်သက်တမ်းကို ၅နှစ်ပဲလုပ်ဖို့ ဦးသန်းရွှေက ကနဦးစီစဉ်ခဲ့ပေမယ့် မင်းအောင်လှိုင်က သူ့ဟာသူ သက်တမ်းတိုးယူခဲ့ပြီး တပ်ချုပ်သက်တမ်း ၁၀နှစ်ပြည့်တဲ့ ၂၀၂၁ခုနှစ်မှာတော့ တိုင်းပြည်အာဏာကို အဓမ္မသိမ်းယူခဲ့ပါတယ်။
ဒါကြောင့် နောက်တက်မယ့် တပ်ချုပ်အသစ်ကလည်း ၁၀နှစ်လောက်အကြာမှာ သူ့ကို အာဏာပြန်သိမ်းမှာလားဆိုတာ မင်းအောင်လှိုင်အတွက်က စိုးရိမ်စရာ ရှိနေပါတယ်။ ဒီအတွက် ဘာတွေကြိုတင်ပြင်ဆင်ထားမလဲဆိုတာ ဒီရုပ်သံမှာ အပြည့်အစုံကြည့်ရှုနိုင်ပါတယ်။
စထွန်းအောင်/ Myanmar Now
Myanmar Now ဆက်လက်ရပ်တည်နိုင်ရေးအတွက် လစဥ်ငွေအနည်းငယ်ဖြင့် /qurium/myanmar-now.org/mm-members.html တွင် ကူညီနိုင်ပါသည်။



