သတင်း

စစ်ခေါင်းဆောင်သမီးထုတ်လုပ်သည့် ရုပ်ရှင်များကို အမည်ပြောင်းပြီး ရုံတင်

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ သမီး ဒေါ်ခင်သီရိသက်မွန် ပိုင်သည့် ဖျော်ဖြေရေးကုမ္ပဏီ Seventh Sense က ရိုက်ကူးခဲ့သည့် ရုပ်ရှင်များကို ဇာတ်ကားအမည်၊ ထုတ်လုပ်ရေးကုမ္ပဏီအမည်များ ပြောင်းကာ ရုံတင်ပြသရန် ပြင်ဆင်လျက်ရှိသည်။

စက်တင်ဘာ ၂၂ တွင် တစ်နိုင်ငံလုံးမှ ရုပ်ရှင်ရုံများတွင် ပြသရန် ပြင်ဆင်နေသည့် ‘အချိန်လွန်မိုး’ ရုပ်ရှင်သည် ၂၀၁၉ အတွင်း  ‘ကျွန်တော့်ရဲ့ သူ’ အမည်ဖြင့် ရိုက်ကူးခဲ့သည့် ရုပ်ရှင်ကို အမည်ပြောင်းထားခြင်းဖြစ်သည်။

ရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီအမည်ကိုလည်း SM Winner Entertainment ဟု အစားထိုး ဖော်ပြထားသည်။

Seventh Sense သည် အာဏာသိမ်းကာလအတွင်း ပြည်သူအများအပြားကို သတ်ဖြတ်မှုအတွက် တာဝန်အရှိဆုံးဖြစ်သော စစ်ခေါင်းဆောင်၏ သားနှင့် သမီးပိုင် အခြားစီးပွားရေးလုပ်ငန်း ၅ ခုနှင့်အတူ ၂၀၂၁ မတ်လအတွင်းက အမေရိကန်အစိုးရ၏ ဒဏ်ခတ်အရေးယူမှုကို ခံထားရသည်။

7th Sense ရုပ်ရှင်ထုတ်လုပ်ရေး၏ ဒါရိုက်တာအဖွဲ့ဝင်တစ်ဦးဖြစ်သည့် ဒေါ်ခင်သီရိသက်မွန်ကို ၂၀၁၉ ဇူလိုင်လ ၂ ရက်နေ့က နိုဗိုတယ်ဟိုတယ်တွင် ပြုလုပ်သည့် အနုပညာလှုပ်ရှားမှုအသိပေးခြင်း အခမ်းအနားတွင် တွေ့ရပုံ (Credit- 7th Sense Creation Facebook Page)

SM Winner Entertainment ကုမ္ပဏီသည် အမည်ပြောင်း ထိုဇာတ်ကား ရုံမတင်ခင် ခြောက်လခန့်အလို ၂၀၂၃ မတ် ၁၀ တွင်မှ မြန်မာနိုင်ငံရင်းနှီးမြုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (DICA) တွင် မှတ်ပုံတင်လိုက်ခြင်း ဖြစ်သည်။ ဒါရိုက်တာအဖွဲ့ဝင်စာရင်းတွင် ဒေါ်အေးမြတ်မွန်မောင်နှင့် ဒေါ်ခင်သူသူဝင်းတို့ နှစ်ဦးကိုသာ ထည့်သွင်းထားသည်ကို တွေ့ရသည်။

အသေးစိတ်အချက်အလက်များကို စုံစမ်းနိုင်ခြင်းမရှိသေးသော်လည်း ဒေါ်ခင်သူသူဝင်းသည် Myanmar Media Seven ကုမ္ပဏီ၌ အလုပ်လုပ်နေသူဖြစ်ကြောင်း သူ၏ Facebook စာမျက်နှာတွင် ရေးသားထားသည်။ Myanmar Media Seven သည် စစ်ခေါင်းဆောင်သမီးပိုင်သည့် Seventh Sense ၏ ဒါရိုက်တာအဖွဲ့ဝင်နှစ်ဦးဖြစ်သူ ကိုဝေမင်းမောင် (ခ) ရွှေမန်းနှင့် ကိုနိုင်ဖြိုးကျော်ဆိုသူတို့ ပူးတွဲတည်ထောင်ထားသည့် ကုမ္ပဏီဖြစ်သည်။​

ကိုဝေမင်းမောင်သည် Seventh Sense ကုမ္ပဏီတွင်လည်း အဓိကတာဝန်ရှိသူတစ်ဦးဖြစ်ပြီး ၎င်း၏ တွဲဖက်ဖြစ်သူ ကိုနိုင်ဖြိုးကျော်မှာလည်း ငွေစာရင်းနှင့် စျေးကွက်ထိုးဖောက်ရေးအတွက် အဓိကလုပ်ကိုင်နေသူဖြစ်သည်။ ထို့ပြင် ကိုနိုင်ဖြိုးကျော်မှာ VeVe အချိုရည်ထုတ်လုပ်သည့် Green Circle Company ၏ ဒုတိယဥက္ကဋ္ဌတစ်ဦးလည်း ဖြစ်သည်။

သို့သော် SM Winner ရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီ ဒါရိုက်တာ အမျိုးသမီး ၂ ဦးမှာ Seventh Sense ကုမ္ပဏီအဖွဲ့ဝင်စာရင်းတွင် ပါဝင်ခြင်းမရှိပေ။

7th Sense ရုပ်ရှင်ထုတ်လုပ်ရေး၏ ဒါရိုက်တာအဖွဲ့ဝင်များဖြစ်သည့် ဦးဝေမင်းမောင်၊ ဒေါ်ခင်သီရိသက်မွန်၊ ဦးစန်းကိုကိုတင့်ဆန်းနှင့် ဦးနိုင်ဖြိုးကျော်တို့ကို ၂၀၁၉ ဇူလိုင်လ ၂ ရက်နေ့က နိုဗိုတယ်ဟိုတယ်တွင် ကျင်းပသည့် အနုပညာလှုပ်ရှားမှုအသိပေးခြင်း အခမ်းအနားတွင် တွေ့ရပုံ (ဓာတ်ပုံ – 7th Sense Creation Facebook Page)

စစ်ခေါင်းဆောင်သမီးပိုင်သည့် Seventh Sense က ၂၀၁၉ အတွင်းက ရိုက်ကူးခဲ့သည့် ‘ကျွန်တော့်ရဲ့သူ’ ဇာတ်လမ်းကို ‘စံကို’ က ရေးသားပြီး ‘ဒါရိုက်တာနေဟိန်း’ က ရိုက်ကူးခဲ့သည်။ ဇာတ်ညွှန်းရေးဆရာ ‘စံကို’ သည် Seventh Sense ကုမ္ပဏီ ဒါရိုက်တာ စံကိုကိုတင့်စန်းဖြစ်သည်။

အဓိကသရုပ်ဆောင်များအဖြစ် နေတိုး၊ မိုးဟေကိုနှင့် ကလေးသရုပ်ဆောင် သွန်းမြတ်ကြယ်စင်တို့ ပါဝင်ပြီး ဇာတ်ပို့နေရာများတွင် ရဲအောင်၊ ကေညီ၊ ကောင်းဟိန်း၊ ပိုင်ဇေ၊ ရဲမွန် အစရှိသူတို့ ပါဝင်ကြောင်း ထိုစဉ်က ဖြန့်ချိခဲ့သည့် ကြော်ငြာပိုစတာများတွင် တွေ့ရသည်။

၂၀၁၉ အတွင်းက ‘ကျွန်တော့်ရဲ့သူ’ အမည်ဖြင့် စစ်ခေါင်းဆောင်သမီးက ထုတ်လုပ်မည့် ရုပ်ရှင်အကြောင်း နိုင်ငံပိုင် သတင်းစာကလည်း သတင်းရေးခဲ့သည်။

 နေတိုးသည် Seven Sense ကုမ္ပဏီနှင့် ကာလရှည်အလုပ်တွဲဖက်လုပ်ကိုင်နေသည့် မင်းသားဖြစ်ပြီး ထိုကုမ္ပဏီနှင့် ချုပ်ဆိုထားသူများအနက် အနုပညာကြေး အများဆုံးရရှိထားသည့် သရုပ်ဆောင်တစ်ဦးဖြစ်သည်။

‘အချိန်လွန်မိုး’ အဖြစ် ပြောင်းလဲရုံတင်မည့် ရုပ်ရှင်ပိုစတာများတွင် အောင်မင်းခန့်နှင့် ခြူးလေးတို့အမည်များ ပါဝင်လာခဲ့သော်လည်း အခြားပြောင်းလဲမှုများ မရှိခဲ့ပါ။

ထိုဇာတ်ကားကို ဇာတ်ညွှန်းရေးဆရာနှစ်ယောက်ဖြစ်သည့် ‘မယ်ခိုင်’ နှင့် Mနိုး တို့က ဇာတ်ညွှန်းရေးပေးခဲ့သည်။ သို့သော် ဇာတ်ညွှန်ရေးဆရာ Mနိုးက စစ်တပ်အာဏာသိမ်းပြီးချိန်တွင် စစ်ခေါင်းဆောင်သမီး၏ Seventh Sense ကုမ္ပဏီကို သပိတ်မှောက်ခဲ့ပြီး ၎င်း၏ အမည်ကိုလည်း ဇာတ်ကားမှ ဖြုတ်ချပေးရန် တောင်းဆိုခဲ့ဖူးသည်။

အနုပညာရှင်များကို ဖမ်းဆီးထောင်ချနေပြီး ရုပ်ရှင်များကို ဆင်ဆာဖြတ်တောက်နေသည့် အာဏာသိမ်းစစ်တပ်က တိုင်းပြည်ပုံမှန်လည်ပတ်နေသယောင် အာရုံပြောင်းရန် ရုပ်ရှင်လုပ်ငန်းကို အသုံးချလာကြောင်း Mနိုးက ဝေဖန်သည်။

“ဒီလိုအခြေအနေ ဒီလိုစနစ်ထဲကနေ ထွက်လာ‌နေတဲ့ ရုပ်ရှင်၊ စီးရီးဆိုတာ ငတ်နေတဲ့ ခွေးတွေကို ကျွေးတဲ့ အမဲရိုးအပုပ် သာသာပဲ။ ဒီထက်မပိုဘူး” ဟု သူက ပြောသည်။

အမည်ပြောင်းထားသည့် ဇာတ်ကားပိုစတာထွက်လာချိန်တွင် ဇာတ်ညွှန်းရေးသူနေရာတွင် ‘Mနိုး’ အစား ‘ ဖြိုးသင်ဇာကျော်’ ကို ပြောင်းလဲဖော်ပြထားသည်။ ‘ ဖြိုးသင်ဇာကျော်’ သည် အလွတ်တန်းဇာတ်ညွှန်ရေးသားသူတစ်ဦးဖြစ်ပြီး ရန်ကုန်ယဉ်ကျေးမှုတက္ကသိုလ်မှ ကျောင်းဆရာဟု ၎င်း၏ Facebook စာမျက်နှာတွင် ဖော်ပြထားချက်အရ သိရသည်။

အမည်ပြောင်းထားသည့် ‘အချိန်လွန်မိုး’ ဇာတ်ကားကို ပရိုမိုးဆင်းနေသည့် Facebook စာမျက်နှာမှာလည်း Seventh Sense ကုမ္ပဏီက ထုတ်လုပ်ခဲ့သည့် နာမည်ရဇာတ်ကားတစ်ကားဖြစ်သော ‘မုန်းစွဲ’ Facebook စာမျက်နှာကို အမည်ပြောင်းလဲထားခြင်းဖြစ်သည်။

စစ်ခေါင်းဆောင်သမီးထုတ်လုပ်သည့် အခြားရုပ်ရှင်များ

ပြီးခဲ့သည့် ဇူလိုင်ကလည်း ‘စတုတ္ထမြောက်သွေးကြောမျှင်’ အမည်ရ ဇာတ်ကားကို ရုပ်ရှင်ရုံများတွင် ပြသခဲ့ပြီး ထုတ်လုပ်ရေးကုမ္ပဏီကို ဆုံမှတ်ရုပ်ရှင်ထုတ်လုပ်ရေးအဖြစ် ပြောင်းလဲခဲ့ဖူးသည်။ ထိုရုပ်ရှင်ကို Seventh Sense ကုမ္ပဏီ ဒါရိုက်တာအဖွဲ့ဝင် ကိုဝေမင်းမောင်က Executive producer အဖြစ် တာဝန်ယူခဲ့သည်။

ထိုဇာတ်ကားသည် ၂၀၁၉ ခုနှစ်က ရိုက်ကူးခဲ့သည့် ရုပ်ရှင်ဖြစ်ပြီး ထိုဇာတ်ကားသည်လည်း Seventh Sense ကုမ္ပဏီ၏ ထုတ်ကုန်ဖြစ်သည်ကို ရုပ်ရှင်ကန်တော့ပွဲတွင် တွေ့ရသည်။ အမည်ပြောင်းလဲထားသော ဆုံမှတ်ရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီသည် DICA ၏ ကုမ္ပဏီမှတ်ပုံတင်စာရင်းတွင် မှတ်ပုံတင်ထားခြင်းမရှိပေ။

အာဏာသိမ်းမှုကြောင့် စစ်တပ်ထုတ်ကုန်များအပြင် စစ်ခေါင်းဆောင် မိသားစုပိုင်လုပ်ငန်းများကို သပိတ်မှောက်ရန် ကျယ်ကျယ်လောင်လောင်ပြောဆိုလာချိန်တွင် ပုံမှားရိုက်ရုံတင်နေခြင်း ဖြစ်သည်။​

ဇူလိုင်လအတွင်းက အမည်ပြောင်းပြီး ရုံတင်သွားသည့် စစ်ခေါင်းဆောင်သမီးထုတ်လုပ်သည့်ရုပ်ရှင်။

ဇာတ်ကားနှင့် ကုမ္ပဏီအမည်များ ပြောင်းလဲရသည့် အကြောင်းရင်းကို Seventh sense ကုမ္ပဏီဒါရိုက်တာ ကိုဝေမင်းမောင်ကို ဆက်သွယ်မေးမြန်းသော်လည်း လက်ခံဖြေဆိုခြင်းမရှိသေးပေ။ မြန်မာရုပ်ရှင်ဇာတ်ကားများကိုလည်း ထိုသို့ ပြောင်းလဲခြင်း မရှိခဲ့ကြပေ။

အာဏာသိမ်းမှုဆန့်ကျင်သူများကို နိုင်ငံအနှံ့တွင် ဖမ်းဆီးနှိပ်စက် သတ်ဖြတ်နေသည့် စစ်ကောင်စီသည် စစ်တပ်နှင့် ဆက်နွှယ်သည့်၊ စစ်တပ်ကို ထောက်ခံသည့် ရုပ်ရှင်နှင့် ဖျော်ဖြေရေးလုပ်ငန်းများ အားကိုးဖြင့် တိုင်းပြည် ပုံမှန်အခြေအနေအတိုင်း ဖြစ်နေသယောင် ပုံဖော်နေသည်။

ကိုဗစ်ကပ်ရောဂါနှင့် အာဏာသိမ်းဂယက်ကြောင့် နှစ်နှစ်ကျော်ကြာ ပိတ်ထားခဲ့ရသည့် ရုပ်ရှင်ရုံများကို ပြီးခဲ့သည့်နှစ် ဧပြီ ၁၇၊ မြန်မာနှစ်ဆန်းတစ်ရက်နေ့တွင် ပြန်ဖွင့်ရန် စစ်ကောင်စီခန့် ပြန်ကြားရေးဝန်ကြီးက အမိန့်ထုတ်ခဲ့သည်။

ရုပ်ရှင်ရုံများ ပိတ်ထားသည့် ကာလအတွင်း ရုံမတင်ရသေးသည့် ဇာတ်ကား ရာနှင့်ချီပြီး ယခုအခါ ဇာတ်ကား ၃၀၀ ခန့်ကို ပြန်လည်ရုံတင်ရန် စစ်ကောင်စီနှင့် ရုပ်ရှင်အစည်းအရုံးတို့က စီစဉ်လျက်ရှိသည်ဟု သိရသည်။​

ထိုဇာတ်ကားများထဲတွင် Seventh Sense ကုမ္ပဏီနှင့် သီးသန့်စာချုပ်ချုပ်ထားသည့် နေတိုးနှင့် ရွှေထူးတို့၏ ဇာတ်ကားများလည်း ပါဝင်သည်။

ဇာတ်ကားအမည်၊ ထုတ်လုပ်ရေးကုမ္ပဏီအမည်များ ပြောင်းကာ ရုံတင်ပြသမည့် ထိုရုပ်ရှင်များကို သွားရောက်ကြည့်ရှုခြင်း မပြုရန် အာဏာသိမ်းမှုဆန့်ကျင်သူတချို့က တိုက်တွန်းထားသည်။

စစ်ခေါင်းဆောင်သမီး၏ ရုပ်ရှင်ကို  ပြသပေးမည့် ရုပ်ရှင်ရုံများ

ရန်ကုန်

သမ္မတ၊ သွင်၊ Tup Royal (ပါရမီစိန်ဂေဟာ)၊ JCGV (Junction City)၊ JCGV (Junction Square)၊ JCGV City Mall (စိန်ဂျွန်း) ဒဂုံစင်တာ – ၂ (မြေနီကုန်း) ၊ မင်္ဂလာဂမုန်းပွင့် (စံရိပ်ငြိမ် – လှည်းတန်း)၊ မင်္ဂလာတာမွေ၊ မင်္ဂလာမြောက်ဥက္ကလာ၊ မင်္ဂလာတောင်ဒဂုံ၊ မင်္ဂလာဝဇီရာ (လှိုင်သာယာ)၊ မင်္ဂလာစိန်ဂေဟာ (လှိုင်သာယာ)၊ မင်္ဂလာသန်လျင်။

မန္တလေး

ဝင်းလိုက်၊ Central Point ၊ မစိုးရိမ် ၊ JCGV (Mandalay)။

အခြားမြို့များမင်္ဂလာဘုရင့် (မော်လမြိုင်)၊ JCGV (မော်လမြိုင်)၊ JCGV Naypyitaw(ဥတ္တရသီရိ – နေပြည်တော်)၊ JCGV (နေပြည်တော်)၊ မင်္ဂလာစံပြ (မကွေး)၊ မင်္ဂလာရွှေပြည်သာ(ပုသိမ်)၊ မင်္ဂလာမြောင်းမြ (မြောင်းမြ)၊ မင်္ဂလာ Icon (ပဲခူး)၊ မင်္ဂလာ Icon Shopping Mall (တောင်ငူ)၊ မင်္ဂလာထွန်းသီရိ (ပြည်)။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button