အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားသည့် ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်ကို အာဏာသိမ်းစစ်တပ် က ယနေ့ (နိုဝင်ဘာ ၇ ရက်) နံနက် ၁၁ နာရီခွဲက လေယာဥ်ဖြင့်ဗုံးကြဲရာ ငါးဦးသေဆုံး၍ ရှစ်ဦး ဒဏ်ရာရ သွားကြောင်း သိရသည်။
ဗုံးကြဲမှုကြောင့် ယိုးတရုတ်ကျေးရွာမှ အမျိူးသမီး လေးဦးနှင့် အမျိုးသမီး တစ်ဦး သေဆုံးကာ ခုနစ်ဦး ဒဏ်ရာရပြီး အောင်ဖြူပြင်ကျေးရွာမှ အမျိုးသမီး တစ်ဦး ဒဏ်ရာရရှိသွားကြောင်း AA ပြန်ကြားရေး တာဝန်ခံ ဦးခိုင်သုခက ပြောသည်။
“ဒီဟာကတော့ အကြမ်းဖက်ဆစ်စစ်ကောင်စီရဲ့ လုပ်နေကျ နည်းဗျူဟာအတိုင်းပေါ့နော် ။ အကြမ်းဖက် တဲ့နည်းဗျူဟာအတိုင်း ပြည်သူကို အကြမ်းဖက်သတ် ဖြတ်နေတာဖြစ်ပါတယ်။ ဒီဟာကတော့ အကြမ်း ဖက် ဖက်ဆစ်စစ်ကောင်စီအနေနဲ့ စစ်ရာဇဝတ်မှုကို ပြောင်ပြောင်တင်းတင်း ကျူးလွန်တာဖြစ်ပါတယ် “ဟု ၎င်းက ဆိုသည်။
သေဆုံး၊ဒဏ်ရာရသူများ၏ အသေးစိတ်အချက် အလက်များကို ပြုစုနေဆဲဟု ၎င်းက ဆက်ပြောသည်။
လေကြောင်းတိုက်ခိုက်မှုအတွင်း သေဆုံးသူများမှာ ၁၂ တန်းကျောင်းသူ မခင်ချိုထွန်း (၁၇ နှစ် ) ၊ ဒေါ်လှမြသန်း (၅၅ နှစ်) ၊ မောင်ငြိမ်းချမ်းအောင် (၁၀ နှစ်) ၊ စစ်ဘေးရှောင်တစ်ဦးဖြစ်သော ဒေါ်ခင်သန်းနု (၃၉ နှစ်) ၊ ဒေါ်နုနုလွင် (၄၃ နှစ်) တို့ ဖြစ်ကြသည်ဟု ဒဏ်ရာရသူများအား ကူညီကယ်ဆယ်ရေး လုပ်ဆောင်ပေးနေသော ပုဏ္ဏားကျွန်းလူငယ်များအစည်းအရုံးထံက သိရသည်။
ပုဏ္ဏားကျွန်းမြို့နယ်တွင် ယနေ့ တစ်ရက်အတွင်း စစ်တပ်က လက်နက်ကြီး၊ ဒရုန်း၊ လေကြောင်းဖြင့် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ထိခိုက်ဒဏ်ရာရသော အခြားသူများလည်းရှိခဲ့သည်။
နံနက် ၁၁ နာရီခန့်တွင် စစ်တွေမြို့အခြေစိုက် ခြေမြန်တပ်ရင်း (ခမရ) အမှတ် (၃၄၄) က လက်နက်ကြီး ပစ်ခတ်ခဲ့၍ မြောက်ဘက် ပုဏ္ဏားကျွန်းမြို့နယ်၊ ကွမ်းတောင်ရွာနေ အသက် ၅၅ နှစ်အရွယ် အမျိုးသား တစ်ဦး ဒဏ်ရာရခဲ့သည်။ ထို့နောက် ၁၁ နာရီခွဲခန့်တွင် အသေခံဒရုန်းဖြင့် အောင်ဖြူပြင်ကျေးရွာကို ဗုံးနှစ်လုံးချခဲ့ရာ အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။
ဒေသခံများက ပေးပို့သော ဓာတ်ပုံများအရ သေဆုံး၊ ဒဏ်ရာရသူများထဲတွင် ကလေးငယ် လေးဦး ထက်မနည်း ပါဝင်နေသည်ကို တွေ့ရသည်။
အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ၂၀၁၉ ခုနှစ် အချက်အလက်များအရ လူဦးရေ ၁၄၀,၀၀၀ နီးပါး နေထိုင်လျက်ရှိသော ပုဏ္ဏားကျွန်းမြို့နယ်သည် ပြည်နယ်မြို့တော် စစ်တွေနှင့် ၂၁ မိုင်ခန့် သာ ဝေးသည်။
ပုဏ္ဏားကျွန်းမြို့နယ်ရှိ တစ်ခုတည်းသော စစ်တပ်၏ အမှတ် (၅၅၀) ခြေမြန်တပ်ရင်းကို ၂၀၂၄ ခုနှစ် မတ်လ ၄ ရက်နေ့ တွင် AA က တိုက်ခိုက်သိမ်းပိုက်ပြီး မြို့ကို အပြီးသတ် ထိန်းချုပ်ထား ခြင်းဖြစ်သည်။

ထိုစဉ်ကတည်းက စစ်ကော်မရှင်၏ ရေတပ်၊ လေတပ်နှင့် စစ်တွေ အခြေစိုက်တပ်များက အမြဲလိုလို ပစ်ခတ် တိုက်ခိုက်နေ၍ ဒေသခံများ သေဆုံးမှုရှိခဲ့သည်။
ရှမ်းပြည်နယ်မြောက်ပိုင်းတွင် MNDAA(ကိုးကန့်)နှင့် တအာင်း(TNLA)တို့နှင့် အာဏာသိမ်းစစ်တပ်တို့ အပစ်ရပ်စဲခဲ့ပြီးနောက် အာဏာသိမ်းစစ်တပ်သည် ရခိုင်ပြည်နယ်ကို စစ်ရေးအရပိုမိုဖိအားပေးလာခဲ့သည် ဟု ဦးခိုင်သုခက ဆိုသည်။
“ရှမ်းမြောက်မှာအပစ်အခတ်ရပ်စဲသွားတဲ့အချိန်မှာ အဲဒီဟာကိုအခွင့်ကောင်းယူပြီးတော့ ဒီဘက်မှာ လာပြီးတော့ အကြမ်းဖက်တိုက်ခိုက်မှုတွေကိုလုပ်လာတာဖြစ်ပါတယ် “ဟု ၎င်းက ပြောသည်။
AA သည် အာဏာသိမ်းစစ်တပ်နှင့် စစ်တွေ၊ကျောက်ဖြူ၊ရခိုင်-ပဲခူးတိုင်း နယ်စပ်၊ ရခိုင် -မကွေးတိုင်း နယ်စပ်၊ရခိုင် -ဧရာဝတီတိုင်းနယ်စပ် တို့တွင် တိုက်ပွဲဖြစ်ပွားနေသည်ဟု ဦးခိုင်သုခက ဆက်ပြောသည်။
“(AA)သိမ်းပြီးသား တချို့နေရာတွေမှာလည်း ရေကြောင်းက အင်အားပြ ခြိမ်းခြောက်တာတွေရှိပါတယ်။ ဒါပေမယ့် တကယ်ကမ်း တက်တိုက်ခိုက်တာမျိုး မရှိသေးပါဘူး “
AA သည် သံတွဲ၊ ရမ်းဗြဲ၊ ဘူးသီးတောင်၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မင်းပြား၊ မြောက်ဦး ၊ မြေပုံ၊ ပေါက်တော၊ မောင်တော၊ အမ်း၊ တောင်ကုတ်၊ ဂွတို့ကိုသိမ်းပိုက်ထားသည်။ ချင်းပြည်နယ် ပလက်ဝ မြို့နယ်ကိုလည်းသိမ်းပိုက်ထားသည်။
စစ်ကော်မရှင်သည် AA ထိန်းချုပ်သောနယ်မြေများကို ယခုလအတွင်း ပိုမို ပစ်မှတ်ထားတိုက်ခိုက်လာရာ အောက်တိုဘာလ ၃၁ ရက်နေ့က လေကြောင်းဗုံးကြဲမှုကြောင့် ပုဏ္ဏားကျွန်းနှင့် ကျောက်ဖြူ မြို့နယ် တို့မှ လူ ၁၀ ဦး သေဆုံးကာ ၂၈ ဦး ဒဏ်ရာရခဲ့သည်။
အောက်တိုဘာလ ၂၉ ရက်နေ့တွင် ပေါက်တောမြို့နယ်၊ တောင်ညိုကျေးရွာကို စစ်တွေမြို့အခြေစိုက် စစ်တပ်က လက်နက်ကြီးပစ်ခတ်၍ အသက် ၅ နှစ်အရွယ် မဇင်ချိုအိ သေဆုံးခဲ့ပြီး ဖခင် ကိုနေဇော်ထွန်း (၃၀ နှစ်)၊ ဦးမောင်စိန်ဝင်း (၆၆ နှစ်) ဒဏ်ရာရရှိသွားကြသည်။
အောက်တိုဘာ ၃၀ ရက်နေ့တွင် ရသေ့တောင်မြို့နယ်၊ ဇီးကိုင်းရွာကို ဒရုန်းဖြင့်ဗုံးကြဲရာ ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးထွန်းအေးလှိုင် (၅၂ နှစ်) သေဆုံးပြီး ကိုဖြိုးဝေထွန်း (၂၃ နှစ်)၊ ကိုမောင်မောင်ဌေး ( ၃၈ နှစ်)တို့ ဒဏ်ရာရသွားသည်။ ယင်းနေ့မှာပင် ပုဏ္ဏားကျွန်းမြို့၊ ရပ်ကွက်အချို့ကို လေယာဥ်ဖြင့် ဗုံးကြဲခဲ့ပြီး လူအထိအခိုက် မရှိပေ။
ရခိုင်ပြည်နယ်တွင် အာဏာသိမ်းစစ်တပ်၏လက်ချက်ကြောင့် ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်နေ့ မှ ၂၀၂၅ ၊စက်တင်ဘာလ ၃၀ ရက်နေ့အထိ သေဆုံးသူ ၉၇၀ ဦးနှင့် ဒဏ်ရာရရှိသူ ၂၀၅၄ ဦး ရှိပြီး လူပေါင်း ၁၀၀၀ ဖမ်းဆီးခံထားရကြောင်း အာရက္ခတပ်တော်(AA)၏ လူသားချင်းစာနာထောက်ထားရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးရုံး(HDCO) က အောက်တိုဘာလ ၂၅ ရက်နေ့တွင် ထုတ်ပြန် ထားသည်။




