ရခိုင်ပြည်နယ်၊ မင်းပြားမြို့၊ မြို့သစ်ရပ်ကွက်ကို နိုဝင်ဘာ ၇ ရက်နေ့၊ ည ၈ နာရီကျော်တွင် လေယာဥ် ဖြင့် ဗုံးကြဲခံရပြီး ကလေးများအပါအဝင် ပြည်သူ ၅ ဦး သေဆုံးကာ ၁၀ ဦး ဒဏ်ရာရရှိသွားကြောင်း သိရသည်။
သေဆုံးသူများမှာ ကိုမောင်သန်းဌေး (၄၆ နှစ်)၊ ကိုသန်းမောင်ဌေး (၃၀ နှစ်)၊ ဦးမောင်သန်း(၅၃ နှစ်)၊ မခိုင်စမ်းရွှေ (၁၇ နှစ်)နှင့် မသင်္ဂီကျော်(၁၅ နှစ်)တို့ဖြစ်သည်။
ထို့ပြင် မောင်မင်းဟိန်းစိုး(၁၂ နှစ်)၊ မသဇင်နွယ်(၂၆ နှစ်)၊ နုဝင်းခင် (၄၉ နှစ်)၊ ဒေါ်ကြည်ကြည် (၇၇ နှစ်)၊ ဦးစံသိန်း(၇၇ နှစ်)၊ မောင်ဦးခိုင်ဝင်း (၁၈ နှစ်)၊ မဝင်းဝင်းစိုး (၂၄ နှစ်)၊ ကိုညီညီအေး(၃၂ နှစ်)၊ မောင်မြင့်စိုး (၁၉ နှစ်)နှင့် မဆန်းဝင်းမေ (၁၉ နှစ်)တို့ဒဏ်ရာရရှိသွားကြောင်း မင်းပြားဒေသခံတစ်ဦး က ပြောသည်။
“ဗုံးတစ်ကြိမ်ကြဲခဲ့တယ်။ ကိုယ့်ခေါင်းပေါ်က ပစ်ခဲ့သလို ခံစားရတယ် ။ အိမ်နံရံတွေ ပြိုကျသွားတယ်။ ဗုံးကြဲလို့ အိမ် ၇ အိမ်လောက်ပျက်စီးသွားတယ် “ဟု ၎င်းကဆိုသည်။
အလားတူ နိုဝင်ဘာ ၇ ရက်နေ့ တစ်ရက်အတွင်း ပုဏ္ဏားကျွန်းမြို့နယ်ကို အာဏာသိမ်းစစ်တပ်က ဒရုန်း၊ လက်နက်ကြီး၊ လေယာဥ်ဖြင့် ပစ်ခတ်ဗုံးကြဲခဲ့ရာ ယိုးတရုတ်ရွာမှ ၅ ဦးသေဆုံးပြီး ၇ ဦး ဒဏ်ရာ ရကာ အောင်ဖြူပြင်ရွာမှ ၁ ဦး ဒဏ်ရာရသွားသည်။ ကွမ်းတောင်ရွာမှ ၁ ဦး ဒဏ်ရာရခဲ့သည်။
ထိုလုပ်ရပ်များသည် အကြမ်းဖက်လုပ်ဖြစ်ပြီး စစ်ရာဇဝတ်မှုကို ပြောင်ပြောင်တင်းတင်း ချိုးဖောက် ခြင်းဟု အာရက္ခတပ်တော်(AA)ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခက ပြောသည်။
“ဒီလိုမျိုး ပြည်သူတွေကို အကြမ်းဖက်တဲ့ အကြမ်း ဖက်မှုတွေအတွက် သူတို့ကျူးလွန်တဲ့လူသတ်မှု တွေအတွက် အကြမ်းဖက် ဖက်ဆစ်စစ်ကောင်စီအနေနဲ့ တာဝန်ယူမှု၊တာဝန်ခံမှုရှိရမှာဖြစ်ပါတယ် “ဟု ၎င်းက ဆိုသည်။
မင်းပြား၊ ပုဏ္ဏားကျွန်းအပါအဝင် ရခိုင်ပြည်နယ်က ၁၄ မြို့နယ်နှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တို့ ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်အုပ်ချုပ်နေသည်။
ကျန်ရှိသော စစ်တွေ၊ကျောက်ဖြူနှင့်မာန်အောင်တို့ကိုလည်း ဆက်လက်သိမ်းပိုက်ရန် AA က ရည်မှန်း ထားသည်။
မကြာသေးခင်က ရှမ်းမြောက်တွင် စစ်ပွဲများ ရပ်တန့်သွားရာ ထိုနောက်ပိုင်း AA သိမ်းပိုက်ထိန်းချုပ် ထားသော မြို့နယ်တို့ကို စစ်တပ်က ဗုံးကြဲမှုများဆက်တိုက်ရှိနေသည်။
အောက်တိုဘာလ ၃၁ ရက်နေ့က လေကြောင်းဗုံးကြဲမှုကြောင့် ပုဏ္ဏားကျွန်းနှင့် ကျောက်ဖြူ မြို့နယ် တို့မှ လူ ၁၀ ဦး သေဆုံးကာ ၂၈ ဦး ဒဏ်ရာရခဲ့သည်။
အလားတူ အောက်တိုဘာလ ၂၉ ရက်နေ့တွင် စစ်တွေမြို့အခြေစိုက် စစ်တပ်က လက်နက်ကြီး ပစ်ခတ်၍ ပေါက်တောမြို့နယ်တွင် အသက် ၅ နှစ်အရွယ် မိန်းကလေး ၁ ဦး သေဆုံးခဲ့ပြီး ၂ ဦး ဒဏ်ရာ ရ သည်၊ အောက်တိုဘာ ၃၀ ရက်နေ့တွင် ရသေ့တောင်မြို့နယ်၊ ဇီးကိုင်းရွာကို ဒရုန်းဖြင့် ဗုံးကြဲရာ ၁ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရခဲ့သည်။
ရခိုင်တွင် AA ထိုးစစ်စတင်သော ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်နေ့ မှ ယခုနှစ် စက်တင်ဘာလ ၃၀ ရက်နေ့အထိ အာဏာသိမ်းစစ်တပ်၏လက်ချက်ကြောင့် သေဆုံးသူ ၉၇၀ ဦးနှင့် ဒဏ်ရာရရှိသူ ၂၀၅၄ ဦး ရှိပြီး လူပေါင်း ၁၀၀၀ ဖမ်းဆီးခံထားရကြောင်း AA ၏ လူသားချင်းစာနာထောက်ထားရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးရုံး(HDCO) က အောက်တိုဘာလ ၂၅ ရက်နေ့ ထုတ်ပြန် ချက်အရ သိရသည်။
ထိုသို့ လေကြောင်းဗုံးကြဲတိုက်ခိုက်ကာ အရပ်သားများကို သတ်ဖြတ်နေသည့် စစ်ကော်မရှင်သည် လေယာဉ်သစ်များ မိတ်ဆက်ပွဲကို နိုဝင်ဘာလ ၇ ရက်နေ့ နံနက်က နေပြည်တော်တွင်ပြုလုပ်ခဲ့ပြီး ရဟတ်ယာဉ် ၃ စင်း၊ သယ်ယူပို့ဆောင်ရေးလေယာဉ် ၂ စင်း ပါဝင်သည်။
စစ်လေယာဉ်များကို သရုပ်ပြပျံသန်းရာတွင် K-8 တိုက်လေယာဉ် ၄ စင်း၊ MiG-29 တိုက်လေယာဉ် ၅ စင်း၊ Su-30 SME တိုက်လေယာဉ် ၃ စင်း ပါဝင်ခဲ့သည်ဟု စစ်ကော်မရှင် က ဖော်ပြထားသည်။
ထို့ပြင် Mi-17 ရဟတ်ယာဉ် ၄ စင်း၊ သယ်ယူပို့ဆောင်ရေးသာမက တိုက်ခိုက်ရေးပါ တွဲဖက်အသုံးပြု နိုင်သော ရဟတ်ယာဉ် ၆ စင်း၊ ကင်းထောက်လေယာဉ် ၂ စင်း၊ အမောင်းသင်လေယာဉ် ၁ စင်း ၊ သယ်ယူပို့ဆောင်ရေးလေယာဉ် ၃ စင်း တို့ပါ စစ်ကော်မရှင်က လေယာဉ်သစ်မိတ်ဆက်ပွဲတွင် ထုတ် ဖော်ပြသခဲ့သည်။
စစ်ခါင်းဆောင်က ပြည်တွင်းတွင် ဖြစ်ပေါ်ကြုံတွေ့ခဲ့ရသည့် အခြေအနေများအရ လေယာဉ်၊ ရဟတ် ယာဉ်များ၊ ဒရုန်းနှင့် UAV အပါအဝင် လေကြောင်းအရင်းအမြစ်များ မရှိမဖြစ်လိုအပ်လာသည်ကို တွေ့ရကြောင်း ၎င်းက ထည့်သွင်းပြောသည်။ ဆက်လက်၍ ပြည်တွင်းလက်နက်ကိုင်များကို တိုက်ခိုက်လျက်ရှိပြီး ထိုသူများ အရေးနိမ့်နေကြောင်း၊ ၎င်းတို့၏ တိုက်ခိုက်ဖျက်ဆီးမှုများကို ဟန့်တားချေမှုန်းရန် အထူးလိုအပ်ပြီး ထပ်မံတိုးမြှင့်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ထည့်ပြောခဲ့သည်။
နိုဝင်ဘာ ၇ ရက်နေ့ကလည်း မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်တွင် မတ္တရာဒေသခံစစ်ရှောင်များ ခိုလှုံ နေထိုင်သော စာသင်ကျောင်းကို လေကြောင်းမှ ၆ ကြိမ်ဗုံးကြဲခဲ့ရာ ၃ ဦး သေဆုံးသည်ဟု ကနဦး သိရကာ ထိခိုက် ဒဏ်ရာရသူ အများအပြား ရှိခဲ့သည်။




