အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

စစ်တပ်နှင့် တော်လှန်ရေးတပ်များ အားပြိုင်မှုကို မြင်ရမည့် မိုးကုတ်နှင့် မိုးမိတ်မြို့

မြေပြန့်အခြေစိုက် တော်လှန်ရေးတပ်များကလည်း ထိုနှစ်မြို့ကို လက်မလွှတ်ဟု ဆိုထားကြရာ မိုးကုတ်နှင့်မိုးမိတ် ဒေသခံအများစုကမူ လေကြောင်းရန်ကြောင့် ကြိုတင်တိမ်းရှောင်နေကြသည်။

တရုတ်အစိုးရ ကြားဝင်ညှိနှိုင်းမှုကြောင့် စစ်တပ်နှင့် တအာင်းတပ် (TNLA) တို့အကြား ကိုးကြိမ်မြောက် ဆွေးနွေးပွဲအပြီး အောက်တိုဘာလ ၂၉ ရက်နေ့မှစတင်၍ နှစ်ဖက်တပ်များ ရောက်သည့်နေရာတွင် အပစ် ရပ်ထားရန် သဘောတူညီခဲ့ကြသည်။

မိုးကုတ်နှင့် မိုးမိတ်မြို့များအား စစ်တပ်ထံ လွှဲပြောင်းမည်ဟု တအာင်းတပ်( TNLA) က ဆိုထားပြီး စစ်တပ်နှင့် TNLA  တို့အကြား ဆွေးနွေးမှုများ ဆက်ရှိမည်ဟု TNLA နှင့် နီးစပ်သူများက ဆိုသည်။

“လားရှိုးလိုပဲ မိုးကုတ်မှာ ဆက်ဆံရေးရုံးထားဖို့နဲ့ ကျန်တာ ဆက်ပြီးဆွေးနွေးဖို့တွေ ရှိပါသေးတယ်။ နောက်ထပ် နှစ်ကြိမ်လောက်တော့တွေ့ဖို့ရှိတယ်။ ဒီကိစ္စတွေကို TNLA က ဘယ်သူ့ကိုမှ ထုတ်မပြောဖို့ ခေါင်းဆောင်ပိုင်း တွေမှာပါ ဖိအားတွေ ရှိပုံရပါတယ်” ဟု TNLA နှင့် နီးစပ်သူ တစ်ဦးက ပြောသည်။

စစ်ကော်မရှင်ဘက်မှလည်း လားရှိုးမြို့အား ကိုးကန့်တပ်ဖွဲ့ (MNDAA) ထံမှ ပြန်လွှဲယူသည့်ပုံစံအတိုင်း ဌာနဆိုင်ရာဝန်ထမ်းများအား မိုးကုတ်နှင့် မိုးမိတ်မြို့များသို့ ပြန်ပို့ရန် ပြင်ဆင်နေသည်ဟု စစ်ကော်မရှင် ဌာနဆိုင်ရာများနှင့် နီးစပ်သူများထံက သိရသည်။

သို့ရာတွင် မိုးကုတ်နှင့် မိုးမိတ်သို့ သွားသည့် လမ်းပိုင်းများအား မြေပြန့်ဒေသအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ များက ထိန်းချုပ်ထားပြီး အဆိုပါနှစ်မြို့အားလည်း ဆက်လက်ထိန်းချုပ်မည်ဟု ဆိုထားရာ စစ်တပ်၊ TNLA နှင့် တော်လှန်ရေး အဖွဲ့များကြား မည်သို့ ဆက်လက်ညှိနှိုင်းမည်ကို စောင့်ကြည့်ရမည်ဟု စစ်ရေးအကဲခတ်များက သုံးသပ်ကြသည်။

မိုးကုတ်နှင့် မိုးမိတ်မြို့များ ပြန်လွှဲရေးအစီအစဉ်အား လေကြောင်းရန်နှင့် တရုတ်အစိုးရ ဖိအားကြောင့် မဟာမိတ် ကိုးကန့်တပ်ဖွဲ့ (MNDAA) ၏ လားရှိုးလွှဲပြောင်းရေးအစီအစဉ်ကဲ့သို့ပင် TNLA က သဘောတူခဲ့ရသည်။

စစ်တပ်၏ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်အား ကိုးကန့်တပ်ဖွဲ့ (MNDAA) က သိမ်းပိုက်လိုက်ချိန်တွင် ကိုးကန့်နှင့်တအာင်း တို့အပေါ် တရုတ်၏ ရာဇသံမှာ ပိုမိုပြင်းထန်ခဲ့သည်။

တရုတ်နှင့် နယ်မြေထိစပ်မှု ပိုများသည့် ကိုးကန့်တပ်ဖွဲ့ (MNDAA) အပေါ် ဖိအားပေးရန် ခေါင်းဆောင် ဖုန်တာရွှင်အား တရုတ်အစိုးရက လအတန်ကြာ ထိန်းသိမ်းခဲ့ပြီးနောက် ၂၀၂၄ ခုနှစ် စက်တင်ဘာလတွင် ကိုးကန့်ဘက်မှ ထုတ်ပြန်ချက်တစ်စောင် ထုတ်ခဲ့သည်။

ထိုထုတ်ပြန်ချက်တွင် NUG၊ PDF များနှင့် မပတ်သက်တော့ကြောင်း၊ အနောက်တိုင်း မီဒီယာများအား သတင်း ဖြေကြားမည်မဟုတ်ကြောင်း၊ တပ်ဖွဲ့ဝင်များအနေဖြင့် အနောက်နိုင်ငံများသို့ ခရီးမထွက်ကြရန် စသည်တို့ ပါဝင်သည်။

၂၀၂၄ ခုနှစ် ဇန်နဝါရီလဆန်းက ကွတ်ခိုင်မြို့အတွင်း တွေ့ရသည့် MNDAA နှင့် TNLA တပ်ဖွဲ့ဝင်များ။ (ဓာတ်ပုံ-မြတ်ပန်း) 

“၁၀၂၇ စစ်ဆင်ရေး” မတိုင်မီ ၂၀၂၂ ခုနှစ် အစတွင် ဖွဲ့စည်းခဲ့သည့် တိုင်းရင်းသားတပ်မဟာ (၆၁၁) တွင် ပါဝင်သည့် အညာတော်လှန်ရေးအဖွဲ့များ၊ NUG လက်အောက်ခံ တော်လှန်ရေးအဖွဲ့များနှင့်ပါ ကိုးကန့်တပ်က အဆက်အသွယ် ဖြတ်တောက်ခဲ့သည်။

တပ်မဟာ (၆၁၁) တွင်  ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA)၏ အညာဒေသ၌ အခြေစိုက်သည့် တပ်ရင်း (၆၀၅)၊ (၆၀၇)၊ ကဗျာဆရာ မောင်ဆောင်းခ ဦးဆောင်သည့် ဗမာပြည်သူ့လွတ်မြောက်ရေး တပ်တော် (BPLA)၊ ပုလဲနယ်အခြေစိုက် ဗိုလ်နဂါး ဦးဆောင်သည့် မြန်မာ့တော်ဝင်နဂါးတပ်တော် (MRDA) ၊ မိတ္ထီလာ PDF တပ်ဖွဲ့တို့ပါဝင်သည်။

ထို့အပြင်တိုင်းရင်းသားဒေသများမှ လားရှိုးအခြေစိုက် NUG လက်အောက်ခံ (၉၇၀၁) PDF တပ်ဖွဲ့၊ ရှမ်းမြောက် အခြေစိုက် အာရက္ခတပ်တော် (AA) တပ်ရင်းနှစ်ရင်း၊ MNDAA တပ်ရင်းတစ်ရင်း စုစုပေါင်း တပ်ရင်း ၁၀ ရင်းဖြင့် ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။

MNDAA ၏ အဆက်ဖြတ်မှုကြောင့် တိုင်းရင်းသားတပ်မဟာ ၆၁၁ တွင် ပါဝင်ခဲ့သည့် အာရက္ခတပ်တော် AA  မှလွဲ၍ ကျန်တိုင်းရင်းသား မဟာမိတ်အဖွဲ့အားလုံး အညာဒေသ မန္တလေးတိုင်းနှင့် TNLA ထိန်းချုပ် ဒေသများသို့ ရွှေ့ပြောင်းခဲ့ရသည်။

လားရှိုးအား စစ်တပ်ထံ လွှဲပြောင်းမည့်အစီအစဉ်အား လားရှိုးအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက သဘောမတူညီခဲ့သော်လည်း ယခုနှစ် ဧပြီလတွင် စစ်တပ်ပြန်ဝင်လာသည့်အခါ ပြဿနာတစ်စုံတစ်ရာ မရှိဘဲ လားရှိုးမြို့ပေါ် ရပ်ကွက် ၁၂ ခုအား စစ်တပ်က ပြန်လည်ထိန်းချုပ်နိုင်ခဲ့သည်။

မိုးကုတ် မိုးမိတ်မြို့များ ပြန်လွှဲပြောင်းရေး အစီအစဉ်သည် လားရှိုးမြို့ကဲ့သို့ မလွယ်ကူနိုင်ဟု နိုင်ငံရေး အကဲခတ် များက မှတ်ချက်ပြုသည်။

“လားရှိုးမှာ ဘာပြဿနာမှ မဖြစ်တာက တရုတ်က ကိုးကန့်ကို တစ်ဆင့်ချင်းကြိုပြီး ရှင်းခိုင်းခဲ့လို့၊ အကွက်ကျကျ စီမံပေးခဲ့လို့ ဘာပြဿနာမှ မဖြစ်ခဲ့တာ။ ပြီးတော့ လားရှိုးမှာ တရုတ်နဲ့ ဆက်စပ်တဲ့ တိုင်းရင်းသား အဖွဲ့တွေပဲ များတာလည်းပါတယ်။ မိုးကုတ်ကတော့ အဲလိုမဖြစ်နိုင်ဘူး” ဟု မြန်မာနိုင်ငံရေး စောင့်ကြည့်လေ့လာသူတစ်ဦးက ဆိုသည်။

“၁၀၂၇ စစ်ဆင်ရေး” အတွင်း သိန္နီမြို့၊ သီပေါမြို့ သိမ်းတိုက်ပွဲများတွင် ပါဝင်ခဲ့သည့် PLA ၊ TNLA နှင့် ပူးတွဲ တိုက်ပွဲဝင်ခဲ့သည့် မန္တလေးတိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (MDY-PDF)၊ မိုးကုတ်ပကဖ၊ မိုးကုတ် ဗျူဟာအပါအဝင် NUG တပ်ဖွဲ့များက မိုးကုတ်နှင့် မိုးမိတ်မြို့များအား ကာကွယ်မည်ဟု ဆိုထားသည်။

တော်လှန်ရေး အစဉ်အလာကြီးမားသည့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) ကလည်း စစ်ကိုင်းတိုင်းရှိ တော်လှန်ရေးအဖွဲ့များနှင့် ပူးပေါင်းကာ  မိုးမိတ်မြို့အား ကာကွယ်ရန် အသင့် ရှိနေကြောင်း ပြောဆိုထားသည်။

“ဒီနေရာတွေက မြို့တွေမသိမ်းခင်ကတည်းက ပါဝင်ထားတာဖြစ်သလို မြို့သိမ်းပြီးနောက်မှာလည်းမြို့ကို ကာထားတဲ့ အနေအထားနဲ့ အမြဲရှိနေခဲ့တာဖြစ်ပါတယ်။ ရဲဘော်တွေ သွေးချွေးအများကြီး ပေးဆပ်ထားရ တာဖြစ်လို့ တခြားမဟာမိတ်အဖွဲ့တွေနဲ့အတူ ဆက်ပြီး တိုက်ပွဲဝင်သွားမှာ ဖြစ်ပါတယ်” ဟု PLA ပြောခွင့် ရသူကဆိုသည်။


သပိတ်ကျင်း–မိုးကုတ်လမ်း၊ ကျောက်ကြီးခုနစ်မိုင် လမ်းတစ်လျှောက်တွင် MDY-PDF နှင့် PLA က တာဝန် ယူထားပြီး မိုးကုတ်မြို့ပတ်လည်တွင် မိုးကုတ်ဗျူဟာနှင့် မိုးကုတ်ပကဖတပ်ဖွဲ့ဝင်များက စိုးမိုးထားသည်။

စစ်တပ်နှင့် TNLA တို့အပစ်မရပ်မီ မိုးကုတ်မြို့အား စစ်တပ်က စစ်ကြောင်းနှစ်ကြောင်းဖြင့် ထိုးစစ်ဆင်နေသည်။

နောင်ချို–မိုးကုတ်လမ်းပိုင်းရှိ ရတနာသိင်္ဂီရွာမှ မိုင်းလုံမြို့သို့ ဦးတည်နေသည့် စစ်ကြောင်းတစ်ကြောင်းနှင့် မန္တလေး–စစ်ကိုင်း–ရှမ်းမြောက် ဆက်သွယ်ရာ ဖော့တောလမ်းဆုံမှ မန္တလေး–မိုးကုတ်လမ်းမကြီး အတိုင်း မိုးကုတ်မြို့အနောက်ဘက်သို့ စစ်ကြောင်းတစ်ကြောင်းဖြင့် ထိုးဖောက်ရန် ကြိုးပမ်းနေသည်။

 ၂၀၂၃ ခုနှစ်က တွေ့ရသည့် မိုးကုတ်မြို့အဝင် ဆိုင်းဘုတ်။ (ဓာတ်ပုံ- Myanmar Now)

နိုဝင်ဘာလ ၇ ရက်နေ့တွင် မန္တလေးတိုင်း မတ္တရာမြို့နယ်အရှေ့ခြမ်း အင်ကြင်းမြိုင်ကျေးရွာအနီးရှိ အမှတ် (၁၀၁၄) လေကြောင်းရန်ကာကွယ်ရေးတပ်စခန်းနှင့် မြောက်ဘက်ရှိ ဆည်တော်ကြီးရေလှောင်တမံ စခန်းများကို စစ်တပ်က ပြန်လည်သိမ်းပိုက်သွားသည်။

MDY-PDF နှင့် ဒေသအခြေစိုက် တော်လှန်ရေးတပ်များ စိုးမိုးထားသည့် အဆိုပါနေရာများအား သိမ်းပိုက် လိုက်ခြင်းဖြင့် မန္တလေး၊ ပြင်ဦးလွင်မြို့များအား ကာကွယ်ရေးနှင့် စစ်တပ်၏  မိုးကုတ်မြို့ထိုးစစ်အတွက် ပို၍ အားသာ သွားနိုင်သည်ဟု စစ်ရေးအကဲခတ်များက ဆိုသည်။

TNLA နှင့် အပစ်ရပ်ပြီးနောက် စစ်တပ်က ရှမ်းမြောက်ဒေသမှ စကခ ၁၂ နှင့် တပ်မ (၁၁) တပ်ဖွဲ့ဝင်အချို့အား ပြန်လည် ရုပ်သိမ်းသွားခဲ့သည်။

တပ်မ (၁၁) တပ်ဖွဲ့ဝင်များအား ရန်ကုန်မြို့သို့ ပြန်ပို့ခဲ့ပြီး ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့အခြေစိုက် အမှတ်(၁၂)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ ၁၂)  တပ်ဖွဲ့ဝင်များအား မန္တလေးတိုင်း၊ ရမည်းသင်းဘက်သို့ ရွှေ့ပြောင်း လိုက်သည်။

ထို့ကြောင့်  တော်လှန်ရေးအဖွဲ့များနှင့်တိုက်ပွဲဖြစ်ပါက စစ်တပ်က မိုးကုတ်သို့ မြေပြင်အင်အား အလုံးအရင်းဖြင့် ထိုးစစ်ဆင်မည့် အခြေအနေမတွေ့ရဘဲ ရှမ်းမြောက်ကဲ့သို့ပင် လေကြောင်းနှင့် လက်နက်ကြီးများကို အဓိကထား အသုံးပြုနိုင်သည်ဟု စစ်ရေးအကဲခတ်များက သုံးသပ်သည်။

“စစ်တပ်မှာ မိုးကုတ်၊ မိုးမိတ်ကို တိုက်ဖို့ မိုင်းလုံဘက်မှာ စကခ ၁၈ တစ်ဗျူဟာနဲ့အထက် စုဖွဲ့ထားတာရှိတယ်။ သပိတ်ကျင်းမှာ နေပြည်တော်တိုင်း တပ်နှစ်တပ်လောက်နဲ့ တသက-၁၃ (အမှတ်( ၁၃) တန်းမြင့် လေ့ကျင့်ရေးသင်တန်းကျောင်း) ထဲမှာ အင်အား များတယ်။ ဒါပေမဲ့ ဖော့တောလမ်းခွဲကနေ ကျောက်လှည်းဘီး(ရွာ)ကို ကျော်တာနဲ့ ပူးပေါင်းအဖွဲ့တွေ ချေမှုန်းတာ ခံရမယ်။ ပုံစံက ရှမ်းမြောက်မှာ လုပ်ခဲ့သလို မြေပြင်စစ်ကြောင်းတွေ အနာမခံဘဲ လေကြောင်း၊ လက်နက်ကြီးကို ဦးစားပေးတာမျိုး ဖြစ်နိုင်တယ်” ဟု CDM ဗိုလ်ကြီး ဇင်ယော်က သုံးသပ်သည်။

မိုးကုတ်မြို့တွင် မြို့ပေါ်ရပ်ကွက် ငါး ခုရှိပြီး လူဦးရေ တစ်သိန်းဝန်းကျင် နေထိုင်ကြသည်။ 

တော်လှန်ရေးတပ်ဖွဲ့များ မိုးကုတ်နှင့် မိုးမိတ်အား ထိန်းချုပ်မည်ဆိုသည့် သတင်းကြောင့် စစ်တပ်ထိုးစစ်နှင့် လေကြောင်းအန္တရာယ်များရှိ လာနိုင်၍ လူအများစု ဘေးလွတ်ရာသို့ ထွက်ပြေးနေကြသည်ဟု မြို့ခံများက ဆိုသည်။

“မြို့ထဲမှာ လူနည်းနည်းပဲ ကျန်တော့တာ။ တော်လှန်ရေးအဖွဲ့တွေဘက်ကတော့ ပြန်ချမယ်ဆိုတာကြီးပဲ။ မြို့ခံ တွေကတော့ လေယာဉ်ဗုံးကြောက်လို့ ရှောင်ကြတာများတယ်” ဟု အသက် ၅၀ ဝန်းကျင် မိုးကုတ်မြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။

လမ်းပန်းဆက်သွယ်ရေးအခက်ခဲနှင့် ခရီးစရိတ်ကြီးမြင့်မှုကြောင့် မရှောင်နိုင်သည့်သူများသာ မြို့တွင် ကျန်နေသည်ဟု မိုးကုတ်မြို့ခံများထံက သိရသည်။

TNLA က မိုးကုတ်မှ ၎င်းတို့ မဆုတ်ခွာမီ အသေးစား ကျောက်လုပ်ကွက်များ ပြန်ဖွင့်ပေးထားသည်ဟု မြို့ခံများက ပြောသည်။

TNLA ပြန်ပေးမည့် မိုးကုတ်မြို့၏မြောက်ဘက် ၂၈ မိုင်ကျော်အကွာတွင် ရှိသည့် မိုးမိတ်မြို့သည် မိုးကုတ်မြို့ထက် အရွယ်အစား သေးငယ်သည်။

ရှမ်းနှင့် ဗမာ တိုင်းရင်းသားအများစု  နေထိုင်သည့် မိုးမိတ်မြို့ပေါ်တွင် ရပ်ကွက် လေးခုရှိပြီး လူဦးရေ တစ်သောင်းကျော် နေထိုင်သည်။
မိုးမိတ်-ဗန်းမော်လမ်းပေါ်ရှိ မိုးမိတ်မြို့သည် မန္တလေးတိုင်း၊ ပြင်ဦးလွင်ခရိုင်အပြင် ရှမ်းမြောက် ပလောင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ကချင်ပြည်နယ် ဗန်းမော်ခရိုင်တို့နှင့် နယ်မြေထိစပ်နေပြီး စစ်ရေးအရ အချက်အချာကျသည်။

၁၉၇၇ ခုနှစ်တွင် ဗမာပြည်ကွန်မြူနစ်ပါတီ၏တပ်က မိုးမိတ်မြို့ကို စီးနင်းခဲ့ချိန် ထိုစဉ်က လေတပ်ရောက်လာပြီး တိုက်ခိုက်သဖြင့် ပြန်လည် ဆုတ်ခွာသွားခဲ့ရသည်။

-၁၀၂၇ စစ်ဆင်ရေးအတွင်း မိုးမိတ်စစ်ဗျူဟာအခြေချကို တိုက်ခိုက်ပြီးနောက် တွေ့ရသည့် PLA တပ်ဖွဲ့ဝင်များ။ (ဓာတ်ပုံ-PLA)

“၁၀၂၇ စစ်ဆင်ရေး” ဒုတိယပိုင်း ၂၀၂၄ ခုနှစ် ဇုလိုင်လလယ်တွင် မိုးမိတ်မြို့ အား TNLA၊ MDY-PDF နှင့် NUG လက်အောက်ခံ တော်လှန်ရေးတပ်ဖွဲ့များက ပူးတွဲသိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။ ဗမာပြည်ကွန်မြူနစ်ပါတီ၏ အသစ်ပြန်ဖွဲ့ထားသောတပ်ဖြစ်သည့်  PLA ကလည်း ထိုမြို့သိမ်းတိုက်ပွဲတွင် ပါဝင်ခဲ့သည်။ 

မိုးကုတ်မြို့ကဲသို့ပင် မိုးမိတ်မြို့သို့ စစ်တပ်ပြန်ဝင်လာမည့်အရေးအား မြို့ခံများက စိုးရိမ်နေကြသည်။

“၁၀၂၇ စစ်ဆင်ရေး” မတိုင်မီ ၂၀၂၄ ခုနှစ် ဇန်နဝါရီလဆန်းပိုင်းမှ ဖေဖော်ဝါရီလဆန်းပိုင်းအထိ မိုးမိတ်မြို့အား ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF) နှင့် ဒေသအခြေစိုက် PDF တပ်ဖွဲ့များက သိမ်းပိုက်ရန် ထိုးစစ်ဆင်ခဲ့ရာ စစ်ကော်မရှင် တပ်မ (၉၉) လက်အောက်ခံတပ်ဖွဲ့နှင့် တစ်လကျော်ကြာ တိုက်ပွဲပြင်းထန်ခဲ့သည်။

ထိုတိုက်ပွဲအတွင်း စစ်တပ်က လေကြောင်းနှင့် လက်နက်ကြီးပစ်ကူများဖြင့် အပြင်းအထန် ခုခံခဲ့ရာ တော်လှန်ရေးတပ်ဖွဲ့များ မြို့မှ ပြန်လည်ဆုတ်ခွာခဲ့ရသည်။

အဆိုပါတိုက်ပွဲအတွင်း အရပ်သား ၂၇ ဦး သေဆုံးခဲ့ရပြီး မြို့မဈေးအပါအဝင် ဒေသခံများ၏ နေအိမ်များ၊ စာသင်ကျောင်းများ ပျက်စီးခဲ့သည်။ စစ်တပ်ပြန်ဝင်လာပြီးနောက် ဒေသခံများ ဖမ်းဆီးစစ်ဆေးခံရမှုများလည်း ဖြစ်ခဲ့ရာ နောက်တစ်ကြိမ် စစ်တပ် ပြန်ဝင်လာမည်ကို မြို့ခံအများစုက စိုးရိမ်နေကြခြင်း ဖြစ်သည်။

“အခုက မိုးကုတ်ကို ကာမှာလား၊ မိုးမိတ်ကို ကူမှာလား မသိဘူး။ တော်လှန်ရေးအဖွဲ့တွေက အများကြီး ရောက်လာတယ်။ မြို့ခံတွေကတော့ အပေါ်က (လေယာဉ်) လာမှာကို ကြောက်နေတာပဲ။ အရင်ကလည်း ဖြစ်ဖူးတော့ တော်တော်များများက ရှောင်နေကြပြီ” ဟု မိုးမိတ်မြို့ခံတစ်ဦးက ဆိုသည်။

မိုးမိတ်မြို့မြောက်ဘက် ၃၆ မိုင်အကွာတွင် မဘိမ်းမြို့ရှိပြီး အဆိုပါမြို့အား ၁၀၂၇ စစ်ဆင်ရေးကာလ ၂၀၂၄ ခုနှစ် ဇန်နဝါရီလတွင် ကချင်လွတ်မြောက်ရေးတပ်မတော်( KIA)၊ အာရက္ခတပ်တော် (AA)၊ ကျောင်းသားတပ် (ABSDF)၊ KPDF ၊ ပူးပေါင်းတပ်ဖွဲ့များက သိမ်းပိုက်ထားသည်။

မိုးကုတ်မြို့သည် ကမ္ဘာကျော် ပတ္တမြားနှင့် အဖိုးတန်ကျောက်များ ထွက်ရှိပြီး မိုးမိတ်မြို့သည် ရွှေ၊ စိန်နှင့် ကျွန်းသစ် များ အဓိကထွက်သည်။ ယူရေနီယမ် သတ္တုကြောများလည်းရှိသည်ဟု ဒေသခံများထံမှ သိရသည်။

“မိုးမိတ်၊ မိုးကုတ်နဲ့ တွင်းငယ်ကြားက ရွှေဥဒေါင်းကြိုးဝိုင်းမှာ ယူရေနီယမ် သတ္တုကြောရှိတယ်။ အခုက ဘာအသံမှ မကြားရဘူး အဲဘက်မှာက။ ရွှေလုပ်ကွက်တွေတော့ တူးနေကြတာရှိတယ်” ဟု အထက်ပါ မိုးမိတ်မြို့ခံက ပြောသည်။

လက်ရှိတွင် မိုးမိတ် ရွှေလုပ်ကွက်အများစုအား တော်လှန်ရေးတပ်ဖွဲ့များက အဓိကလုပ်ကိုင်နေကြသည် ဟု ဒေသခံများက ဆိုကြသည်။

“၁၀၂၇ စစ်ဆင်ရေး” အတွင်း မန္တလေးတိုင်း မိုးကုတ်နှင့် ရှမ်းပြည်နယ်အတွင်းမှ သီပေါ၊ ကျောက်မဲ၊ နောင်ချို၊ မိုင်းလုံ၊ မိုင်းငေါ့၊ မိုးမိတ်၊ နမ့်ဆန်၊ မန်တုံ၊ ကွတ်ခိုင်၊ နမ့်ခမ်း၊ နမ္မတူ မြို့များအား TNLA က သိမ်းပိုက်ခဲ့သည်။

အဆိုပါ မြို့များထဲမှ တရုတ်ကုန်သွယ်ရေး လမ်းကြောင်းအတွက် အရေးပါသည့် နောင်ချို၊ ကျောက်မဲ၊ သီပေါ မြို့များ အား စစ်တပ်က ယခုနှစ်အတွင်း ပြန်သိမ်းပိုက်ထားသည်။

အလားတူ မိုးကုတ်နှင့် မိုးမိတ်အား စစ်တပ်ထံသို့ ပြန်လွှဲမည်ဖြစ်ရာ “၁၀၂၇ စစ်ဆင်ရေး” ဒုတိယလှိုင်းအတွင်း TNLA သိမ်းပိုက်ခဲ့သည့် မြို့ငါးမြို့သည် စစ်တပ်လက်သို့ ပြန်ရောက်သွားတော့မည်ဖြစ်သည်။

TNLA လက်လွှတ်လိုက်ရသည့် အဆိုပါ မြို့များသည် တရုတ်အစိုးရ အကောင်အထည်ဖော်မည့် ရပ်ဝန်းနှင့် ပိုးလမ်းမစီမံကိန်းအတွင်း ပါဝင်သည့်မြို့များဖြစ်ရာ စစ်ရေးနှင့် စီးပွားရေးအတွက် အချက်အချာကျသည့် မြို့ကြီးများလည်း ဖြစ်သည်။

 မိုးကုတ်-မိုးမိတ်စစ်ရေးအခြေအနေပြမြေပုံ။

Related Articles

Back to top button