အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

စစ်ကိုင်းတွင် တော်လှန်ရေးဘက်မှ ဖွဲ့စည်းမည့် ကြားကာလအစိုးရအဖွဲ့၏ ဝန်ကြီးချုပ်ကို ရွေးချယ်

တော်လှန်ရေးအင်အားစုများ အားကောင်းရာ စစ်ကိုင်းတိုင်းတွင် ကြားကာလအစိုးရတစ်ရပ် ပေါ်ပေါက်လာရန် ကြိုးပမ်းနေရာ ထိုအဖွဲ့ကို ဦးဆောင်မည့် ဝန်ကြီးချုပ်အဖြစ် ၂၀၁၅ ခုနှစ်နှင့် ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲ နှစ်ကြိမ်ဆက်အနိုင်ရ NLD အမတ်တစ်ဦးကို ယနေ့ ရွေးချယ်လိုက်သည်။

တော်လှန်ရေးအင်အားစုမျာ အားကောင်းရာ စစ်ကိုင်းတိုင်းတွင် ဖွဲ့စည်းမည့် ကြားကာလဒေသန္တရအစိုးရအဖွဲ့၏ ဝန်ကြီးချုပ်အဖြစ် ဦးစိုးဦး ကို စစ်ကိုင်းဖက်ဒရယ်လွှတ်တော်က ယနေ့ (နိုဝင်ဘာလ ၁၇ ရက်နေ့)  အတည်ပြုလိုက်သည်။  

ဦးစိုးဦးသည် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် NLD ပါတီကိုယ်စားပြုကာ စစ်ကိုင်းမြို့နယ်၊ အမှတ် (၁) မဲဆန္ဒနယ်မှ ဝင်ရောက်ယှဉ်ပြိုင် အနိုင်ရပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက် စစ်ကိုင်းတိုင်းအစိုးရအဖွဲ့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးအဖြစ် တာဝန်ယူခဲ့သည်။

ထို့နောက် ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲတွင်လည်း စစ်ကိုင်းမြို့နယ်မှပင် တိုင်းလွှတ်တော်ကိုယ်စားလှယ်အဖြစ် ယှဉ်ပြိုင်အနိုင်ရခဲ့သူဖြစ်သည်။

အာဏာသိမ်းပြီးကတည်းက ရွေးကောက်ခံအမတ်များဖြင့် ဖွဲ့စည်းထားသည့် “ စစ်ကိုင်းဖက်ဒရယ်ယူနစ် လွှတ်တော်” ဆဌမ ပုံမှန်အစည်းအဝေးတွင် ဦးစိုးဦး ကို ဝန်ကြီးချုပ်အဖြစ် ယနေ့ အတည်ပြုလိုက်ခြင်း ဖြစ်သည်။ 

စစ်ကိုင်းတိုင်းအခြေစိုက် တော်လှန်ရေးအင်အားစုများက ဒေသန္တရအစိုးရတစ်ခုကို “ကြားကာလစစ်ကိုင်း ဖက်ဒရယ်ယူနစ်အစိုးရ” အမည်ဖြင့် ဖွဲ့စည်းရန် ပြင်ဆင်နေကြပြီး မည်သည့်ကာလတွင် အပြီးသတ် ဖွဲ့စည်းမည် မသိရသေးပေ။

ထိုကဲ့သို့သော ဖွဲ့စည်းမှုသည် ကရင်နီဒေသအတွင်း အုပ်ချုပ်ရေးဆိုင်ရာများ၊ အရပ်သားဆိုင်ရာကိစ္စရပ်များကို ဆောင်ရွက်ရန် တော်လှန်ရေးအင်အားစုများက ဖွဲ့စည်းထားသော ကရင်နီကြားကာလစီမံအုပ်ချုပ်ရေးကောင်စီ (IEC) နှင့် ဆင်တူသည်။

အလားတူ ချင်းအမျိုးသားတပ်ဦး/ ချင်းအမျိုးသားတပ်မတော် (CNF/ CNA) နှင့် ဦးဆောင်ပြီး  “ ချင်းလဲန်းကောင်စီ” (CC) ကို  ဖွဲ့စည်းထားပြီး ဒေသတွင်း အုပ်ချုပ်ရေး၊ စီမံရေးများလုပ်နေသည်။

ပထမဆုံးအနေဖြင့် ယခုနှစ် ဇွန်လအတွင်း စစ်ကိုင်းဖက်ဒရယ်ယူနစ် ကြားကာလဖွဲ့စည်းပုံ အခြေခံဥပဒေ အတည်ပြုပြဋ္ဌာန်းသည်။ ထို့နောက် ထိုဥပဒေအရ ကြားကာလစစ်ကိုင်းဖက်ဒရယ်ယူနစ်အစိုးအရအဖွဲ့ စိစစ်ရွေးချယ်ရေးကော်မရှင်ကို အောက်တိုဘာလ ၁ ရက်နေ့တွင် အတည်ပြုဖွဲ့စည်းလိုက်သည်။ 

ဒေသန္တရအစိုးရအဖွဲ့ ဖြစ်ပေါ်လာရေးအတွက် အထက်ပါကော်မရှင်က အဓိက တာဝန်ယူရွေးချယ်ရပြီး ၂၀၂၀ ရွေးကောက်ခံကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီ ကိုယ်စားပြုသူများ၊ တိုင်းရင်းသားလူမျိုးစု ကိုယ်စားလှယ်များ၊ CDM နိုင်ငံ့ဝန်ထမ်းများ၊ သပိတ်အင်အားစုများ၊ ပြည်သူအုပ်ချုပ်ရေးအဖွဲ့ (ပအဖ) များနှင့် ပါဝင်သင့် ပါဝင်ထိုက်သူများ စသည့် အစုအဖွဲ့ ခုနစ်ခုမှ ကိုယ်စားလှယ် ငါးဦးစီဖြင့် စုစုပေါင်း ၃၅ ဦး ထိုကော်မရှင်တွင် ပါဝင်သည်။ 

ဝန်ကြီးချုပ်တစ်ဦး အပြင် စစ်ကိုင်းယူနစ်လွှတ်တော်အကြီးအကဲများအဖြစ် ရေဦးမဲဆန္ဒနယ်အမှတ် (၂) ကိုယ်စားလှယ် ဦးမြင့်ထွေး ဥက္ကဋ္ဌ၊ ကောလင်း မဲဆန္ဒနယ်အမှတ် (၁) ကိုယ်စားလှယ် ဒေါ်ဖြူဖြူဝင်း ဒုတိယဥက္ကဋ္ဌအဖြစ် အတည်ပြုခန့်အပ်ခဲ့သည်။ 

“ စစ်ကိုင်းဖက်ဒရယ်ယူနစ်အတွင်းမှာရှိတဲ့ အင်အားစုတွေပါဝင်တဲ့ စိစစ်ရွေးချယ်ရေးကော်မရှင်က  သဘောတူ ရွေးချယ်ပေးလိုက်တဲ့ ဝန်ကြီးချုပ်ကို ကျွန်တော်တို့ လွှတ်တော်က ပြန်လည် အတည်ပြုပေးရတဲ့သဘောပါ။ ကြားကာလ စစ်ကိုင်းဖက်ဒရယ်ယူနစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပုဒ်မ ၆၈ အရ ဝန်ကြီးချုပ် ရွေးချယ်တယ်။ ၆၉ အရ လွှတ်တော်က အတည်ပြုပေးရတယ်”ဟု စစ်ကိုင်းတိုင်း တော်လှန်ရေးအင်အားစုများ၏ လွှတ်တော်ဥက္ကဋ္ဌ ဖြစ်လာသူ  ဦးမြင့်ထွေးက ပြောသည်။ 

“(ဦးစိုးဦးက) အတွေ့အကြုံရှိပြီးသားလည်း ဖြစ်တယ် လက်ရှိတော်လှန်ရေးမှာပါဝင်နေတာလည်း ဖြစ်တဲ့အတွက် စစ်ကိုင်းအတွက်တော့ အရွေ့တစ်ခု ဖြစ်လာနိုင်မယ်လို့ မျှော်လင့်ထားပါတယ်”ဟု စစ်ကိုင်းဒေသ သပိတ်အင်အားစုကော်မတီဝင်တစ်ဦးကလည်း မှတ်ချက်ပြုသည်။

စစ်ကိုင်းယူနစ် ကြားကာလအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးဦး။

“ဒီလိုမျိုး စစ်ကိုင်းမှာ နိုင်ငံရေးအရ အစိုးရခေါ်ခေါ် ဘာပဲခေါ်ခေါ် နာမည်တစ်ခုခုနဲ့ ရပ်ဝန်းတစ်ခုခု အောက်မှာ စပြီးတော့စုစည်းမိလာတာ ကောင်းတဲ့လက္ခဏာပဲဗျ။ အဲ့ဒီကနေ စစ်ကိုင်းတိုင်းထဲမှာ အားနည်းနေတဲ့ စီမံခန့်ခွဲမှုအလွဲတွေ၊ တော်လှန်ရေးဘေးထွက်ဆိုးကျိုးတွေကို တည့်မတ်ပြုပြင်ပြီးတော့ အမြန်ဆုံး တော်လှန်ရေးရည်မှန်းချက်၊ ပြည်သူတစ်ရပ်လုံး လိုလားနေကြတဲ့ နိုင်ငံ‌တော်သစ်ကြီးကို ဆက်ပြီးတော့ ဖော်ဆောင်တဲ့နေရာမှာ အထောက်အပံ့ကောင်းတွေဖြစ်သွားနိုင်မယ်လို့ မျှော်လင့်ပါတယ် ”ဟု စစ်ကိုင်းဖိုရမ်ဖက်ဒရေးရှင်းအဖွဲ့ဝင်တစ်ဦးကလည်း  မှတ်ချက်ပြုသည်။

“ ပြည်နယ်တွေထဲမှာဆိုရင် IEC ကြားကာလ ကရင်နီအတိုင်ပင်ခံကောင်စီ၊ ချင်းလဲန်းကောင်စီ ရှိကြတယ် ။ တိုင်းတွေထဲမှာတော့ စစ်ကိုင်းတိုင်းကတော့ ပထမဆုံးလို့ပြောလို့ရတယ်” 

ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့စိစစ်ရွေးချယ်ရေးကော်မရှင်တို့ တိုင်ပင်ပြီးနောက် အစိုးရအဖွဲ့ဝင် ဝန်ကြီးများကို ရွေးချယ်ခန့်အပ်သွားမည်ဖြစ်ပြီး မကြာမီ ခန့်အပ်နိုင်ဖွယ်ရှိကြောင်း ဦးမြင့်ထွေး က ဆိုသည်။  

“ Gentlemen’s agreement ဆိုတဲ့ အင်အားစုတွေ စုပေါင်းဆွေးနွေးထားတဲ့သဘောထားအရတော့ မကြာခင်မှာ အမြန်ဆောင်ရွက်ဖို့တော့ သဘောတူကြတယ်။ ခြေဥထဲမှာတော့ ဘယ်အချိန်ပေါ်ရမယ် ဆိုတာတော့မရှိဘူး။ တစ်ဖက်မှာလည်း အင်အားစုတွေ တိုင်ပင်ဆွေးနွေးညှိနှိုင်းကြလို့ အဆင်ပြေရင် ပြေသလောက် မြန်လာမှာပါ”

နယ်မြေအများစုကို တော်လှန်ရေးအဖွဲ့များ စိုးမိုးထားသည့် စစ်ကိုင်းတိုင်း၌ ဖွဲ့စည်းမည့် စစ်ကိုင်းအစိုးရအဖွဲ့တွင် ဝန်ကြီးချုပ်၊ ဒုတိယဝန်ကြီးချုပ်၊ ဝန်ကြီးများ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဥက္ကဋ္ဌများ၊ ရှေ့နေချုပ်တို့ ပါဝင်မည်ဖြစ်သည်။ 

စစ်ကိုင်းတိုင်းတွင် မြို့နယ်ပေါင်း ၄၀ ကျော်ရှိသည့်အနက် ခမ်းပတ်၊ ရွှေပြည်အေး၊ မော်လူး၊ မြို့သစ်၊ ပင်လည်ဘူး၊ အင်းတော်၊ ဗန်းမောက်မြို့တို့ကို တော်လှန်ရေးအင်အားစုများက သိမ်းပိုက်ထားပြီး ကျန် မြို့နယ်မှ ကျေးလက်ဒေသအများစုကို နယ်မြေစိုးမိုးထိန်းချုပ်ကာ အုပ်ချုပ်ရေးယန္တရား လည်ပတ်လျှက်ရှိသည်။ 

စစ်တပ်က ရွေးကောက်ပွဲကို လာမည့် ဒီဇင်ဘာလကုန်တွင် ကျင်းပရန် ကြိုးပမ်းနေချိန် တော်လှန်ရေး အင်အားစုများ အားကောင်းရာ နိုင်ငံအလယ်ပိုင်း စစ်ကိုင်းတိုင်းကြားကာလအစိုးရအဖွဲ့ ဝန်ကြီးချုပ်ကို ခန့်အပ်ပြီး အစိုးရအဖွဲ့ ဖွဲ့ရန်ပြင်ဆင်နေသည်။ 

“ မြေပြင်မှာစစ်ကြောင်းရန်တွေ ကောင်းကင်က ဗုံးကြဲတဲ့ရန်တွေ ဘယ်လောက်ပဲများများ ကျွန်တော်တို့ ယူနစ်အတွင်းမှာ အခြေစိုက်ရမယ်လို့ ဆိုထားပါတယ်။ အစိုးရအဖွဲ့ဝင်တွေနဲ့ သက်ဆိုင်ရာဝန်ကြီးတွေ ရှိတဲ့အတွက် လူထုအပေါ်မှာ ကာကွယ်စောင့်ရှောက်ရမယ့်ဟာ၊ ပြဿနာကို ဖြေရှင်းရမယ့်အခြေအနေ၊ လျင်မြန်မှုတွေ အမြန်ဖြေရှင်းနိုင်မယ်လို့ မျှော်လင့်ထားပါတယ်”ဟု ဦးမြင့်ထွေးကဆိုသည်။

ပေါ်ပေါက်လာသည့် စစ်ကိုင်းယူနစ်အစိုးရအဖွဲ့ အနေဖြင့် စစ်အာဏာရှင်ပြုတ်ကျရေးနှင့် စိုးမိုးထိန်းချုပ် နယ်မြေများရှိ အစိုးရယန္တရားများ ပိုမိုထိရောက်မြန်ဆန်ရေးအတွက် ဦးစားပေးလုပ်ဆောင်သွားရန် မျှော်လင့်ကြောင်း အထက်ပါ စစ်ကိုင်းဒေသ သပိတ်အင်အားစုမှ အဖွဲ့ဝင်က ပြောသည်။

“အစိုးရအဖွဲ့ပေါ်လာလို့ ဘာကောင်းသွားမလဲဆိုရင် လက်ရှိ ဖက်ဒရယ်စနစ်အရတော့ ဖက်ဒရယ်ကို ပိုပြီး မျှော်လင့်နိုင်တယ်။ နီးစပ်လာတယ်လို့ မျှော်လင့်လို့ရတယ်။ စစ်အနိုင်တိုက်ရေးအတွက် ပိုပြီးမြန်ဆန် ထိရောက်လာမယ်လို့လည်း မျှော်လင့်တယ်။ ဒီဟာက ပေါ်ပေါက်လာဖို့လည်း လိုအပ်တယ်” ဟု ၎င်းကဆိုသည်။

တရုတ်၏ကြားဝင်ဖိအားပေးမှုဖြင့် ရှမ်းမြောက်မှ တိုင်းရင်းသားလက်နက်ကိုင် ညီနောင်သုံးဖွဲ့အနက် ကိုးကန့်တပ် ၊ တအာင်းတပ်တို့နှင့် စစ်တပ်ကအပစ်ခတ်ရပ်စဲထားပြီးနောက် နိုင်ငံအလယ်ပိုင်း မန္တလေး၊ စစ်ကိုင်း၊ မကွေးအပါအဝင် ချင်းပြည်နယ်တို့တွင် စစ်တပ်က စစ်ရေးလှုပ်ရှားမှုများအရှိန်မြှင့်နေသည်။ 

စစ်ကိုင်းတိုင်းတွင် ရွေးကောက်ပွဲ ပထမအဆင့်ကျင်းပမည့် မြို့နယ်အချို့နှင့် အရေးပါသည့် လမ်းပိုင်းများကို နယ်မြေစိုးမိုးမှုပြန်လည်ရရှိရန်အတွက် အင်အားအလုံးအရင်းပါသည့် စစ်ကြောင်းများ ဖြန့်ခွဲထိုးနေပြီး မီးရှို့မှု၊ လေကြောင်းတိုက်ခိုက်မှုတို့ကြောင့် ကန့်ဘလူ၊ ခင်ဦး၊ စစ်ကိုင်း၊ ဝက်လက်၊ ဆားလင်းကြီး စသည့်မြို့နယ်တို့မှ ဒေသခံ ထောင်နှင့်ချီပြီးနေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရသည်။ 

၂၀၂၁ ခုနှစ် မတ်လ ၂၀ ရက်နေ့က စစ်အာဏာသိမ်းမှုကို လက်မခံကြောင်း မုံရွာမြို့ပေါ်တွင် ဆန္ဒပြ ခဲ့ကြစဉ်။ (ဓာတ်ပုံ-ပေးပို့) 

Related Articles

Back to top button