ထိုင်း-မြန်မာနယ်စပ် နယ်စပ်ကုန်သွယ်ရေးစခန်းရှိရာ တနင်္သာရီမြို့နယ် မောတောင်မြို့မှ ထွက်ပြေးလာသည့် စစ်ဘေးရှောင် ၂၀၀၀ ကျော်သည် ထိုင်းနိုင်ငံ ပရာကျွတ်ခရိုင် Singkhong ရွာအနီး တောင်တန်းပေါ်တွင် တိမ်းရှောင်နေရသည်ဟု စစ်ဘေးရှောင်များအား ကူညီပေးနေသူအချို့ထံမှသိရသည်။
ကရင်အမျိုးသားအစည်းအရုံး (KNU) နှင့် တော်လှန်ရေးပူးပေါင်းတပ်များက မောတောင်မြို့ရှိ စစ်ကော်မရှင်တပ်ဖွဲ့ဝင်များကို စတင်တိုက်ခိုက်ခဲ့သည့် နိုဝင်ဘာလ ၁၀ ရက်နေ့ ကတည်းက ထိုင်းနိုင်ငံဘက်အခြမ်းသို့ တိမ်းရှောင်ခဲ့ကြခြင်းဖြစ်သည်။
တိုက်ပွဲစဖြစ်သည့် အချိန်တွင် စစ်ဘေးရှောင် တစ်ထောင်ကျော်သာရှိသော်လည်း ယခုအခါတွင် စစ်ဘေးရှောင် ၂၀၀၀ ကျော် အထိ ရှိလာပြီဖြစ်ကြောင်း မောတောင်စစ်ရှောင်များကို ကူညီပေးနေသည့် သံသရာအေး ဆုတောင်းပြည့် ဆရာတော်က Myanmar Now ကို မိန့်ကြားသည်။
“နယ်စပ်တောင်ရိုးတစ်လျှောက်မှာ နေကြတယ်။ စစ်ရှောင်တွေကို ထိုင်းအာဏာပိုင်တွေက ထိုင်းနယ်ထဲကို ပေးမဆင်းဘူး။ မြန်မာနဲ့ ထိုင်းနယ်စပ်မှာပဲ ထားတယ်။ ထိုင်းအာဏာပိုင်တွေ၊ ရွာလူကြီးတော့ တက်လာလို့ရတယ် ထမင်းပို့တဲ့ကားတွေတော့ လာလို့ရတယ်” ဟု ၎င်းက ဆိုသည်။
စစ်ဘေးရှောင်များသည် ကိုယ်ထူကိုယ်ထဖြင့် မိုးကာနိုင်သည့် ပလတ်စတစ်အထူသားသုံး၍ တဲများထိုးပြီး နယ်စပ်တွင် နေထိုင်ရကြောင်းသိရသည်။
မောတောင်မြို့ကို KNU တပ်မဟာ ၄ လက်အောက်ခံတပ်ဖွဲ့ဝင်များနှင့် တော်လှန်ရေး ပူးပေါင်းတပ်များက နိုဝင်ဘာလ ၁၄ ရက်နေ့တွင် အပြီးသတ် သိမ်းပိုက်ထိန်းချုပ်ခဲ့သည်။
ထိုင်းအာဏာပိုင်များကလည်း နိုဝင်ဘာလ ၁၆ ရက်နေ့တွင် စစ်ရှောင်များအား လက်ရှိနေထိုင်ရာနေရာ၌ နောက်ထပ် နှစ်လခန့် ထပ်နေရဖွယ်ရှိသည်ဟု ခေါ်ယူအသိပေးထားကြောင်း သံသရာအေး ဆုတောင်းပြည့်ဆရာတော်က မိန့်ကြားသည်။
“ထိုင်းအာဏာပိုင်တွေက ဟိုဘက်အခြမ်းကိုကူးပြီး ဘယ်နှရက်လောက်ကြာမလဲ သွားညှိကြတယ်။ ဟိုဘက်က ပြောလိုက်တာတော့ အနည်းဆုံး နှစ်လနေရမယ်တဲ့ မောတောင်မြို့ထဲကို ပြန်ဝင်လို့မရသေးဘူး” ဟု ဆရာတော်က မိန့်ကြားသည်။

စစ်ရှောင်များအတွက် ရေချိုးရန်နေရာ ၊ အိမ်သာ၊ အရေးပေါ် လူနာတင်ကားတစ်စီးနှင့် အသေးစားကျန်းမာရေးဌာနတစ်ခု လုပ်ပေးရန် ထိုင်းအာဏာပိုင်များဘက်က စီစဉ်နေကြောင်း သံသရာအေး ဆုတောင်းပြည့်ဆရာတော်က မိန့်ကြားသည်။
လက်ရှိတွင် စစ်ဘေးရှောင်များ အတွက် ဆန် ၊ ခေါက်ဆွဲခြောက်ထုပ်နှင့် ငါးသေတ္တာစသည့် ရိက္ခာခြောက် တစ်ပတ်စာအထိသာရှိသည်၊ ရိက္ခာခြောက်များကုန်သွားပါက အခက်အခဲရှိနိုင်သည်ဟု စစ်ဘေးရှောင် ကူညီနေသူအချို့ က ပြောသည်။
မောတောင်နယ်စပ်တွင် မြန်မာစစ်တပ်ဘက်က လေယာဉ်ပျံဝဲမှုများရှိပြီး နယ်မြေအခြေအနေမတည်ငြိမ်သေးသဖြင့် မောတောင်ဘက်အဝင်ကို KNU ဘက်က လတ်တလောတွင် ပိတ်ထားကြောင်း သိရသည်။
မောတောင်တိုက်ပွဲတွင် စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၄၃ ဦးကို သုံ့ပန်းအဖြစ်ဖမ်းဆီးနိုင်ခဲ့ကြောင်း KNU ဗဟိုက နိုဝင်ဘာလ ၁၄ ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။
တိုက်ပွဲပြီးသွားသော်လည်း စစ်ဘေးရှောင်များအနေနှင့် မောတောင်မြို့ကို ပြန်၍ မရသေးဘဲ ဆက်နေရမည့် အခြေအနေရှိနေကြောင်း မောတောင်စစ်ရှောင်များကို ကူညီနေသည့် သံသရာအေး ဆုတောင်းပြည့်ဆရာတော်က မိန့်ကြားသည်။



