အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) တွင် KNPP က ပါဝင်မှု ယာယီရပ်ဆိုင်းလိုက်သည့်အပေါ် တစ်စုံတစ်ရာ ညှိနှိုင်းဆက်သွယ်ပြောဆိုလာမှု မရှိသေးကြောင်း ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) က ပြောသည်။
စစ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံတွင် နိုင်ငံရေးအရ အမြင့်ဆုံးမဟာမိတ်စုဖွဲ့မှု ဖြစ်သော အမျိုးသား ညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (National Unity Consultative Council- NUCC) ကို ၂၀၂၁ ခုနှစ် မတ်လ ၈ ရက်နေ့တွင် တော်လှန်ရေးအင်အားစုများဖြင့် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။
NUCC တွင် ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH)၊ မြေပြင်ထိန်းချုပ်နယ်မြေများ၊ အုပ်ချုပ်ရေးယန္တရားများ နှင့် လူထုထောက်ခံမှု အသီးသီးရထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်း (EAO) ရှစ်ဖွဲ့၊ နိုင်ငံရေးပါတီ၊ ပြည်နယ်/လူမျိုးစုကို အခြေခံ၍ ဖေဖော်ဝါရီလ ၁ ရက်နေ့နောက်ပိုင်း ဖွဲ့ထားသည့် အတိုင်ပင်ခံကောင်စီတို့ ပါဝင်သည်။
ထို့ပြင် အာဏာသိမ်းမှုဆန့်ကျင်ရေးအင်အားစုများဖြစ်သည့် သပိတ်ကော်မတီများ၊ အာဏာဖီဆန်ရေး လှုပ်ရှားမှု (CDM) တွင် ပါဝင်သူများ၊ အရပ်ဘက်အဖွဲ့အစည်းများ၊ ကျောင်းသားသမဂ္ဂများလည်း NUCC တွင် ပါဝင်ကြသည်။
အင်အားကြီးပါတီ တစ်ခုဖြစ်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) က NUCC တွင် ပါဝင်ခဲ့သော် လည်း ပထမအကြိမ် ပြည်သူ့ညီလာခံကျင်းပပြီးနောက် ၂၀၂၂ ခုနှစ်တွင် နုတ်ထွက်ထားပြီးဖြစ်သည်။
ထိုအဖွဲ့အစည်းထံ ပါဝင်မှုမှ ယာယီရပ်ဆိုင်းကြောင်း နိုဝင်ဘာ ၁၇ ရက်နေ့တွင် ကရင်အမျိုးသားအစည်း အရုံး (KNU) နှင့် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) တို့က စာပေးပို့ခဲ့သဖြင့် ညှိနှိုင်းရေးအဖွဲ့ ဖွဲ့စည်း၍ တာဝန်ရှိသူများနှင့် ညှိနှိုင်းရန်ကြိုးပမ်းနေကြောင်း NUCC က နိုဝင်ဘာလ ၂၂ ရက်နေ့တွင် ထုတ်ပြန်ထားသည်။
NUCC က ညှိနှိုင်းရန်ကြိုးပမ်းနေကြောင်း ထုတ်ပြန်နေသော်လည်း ဆက်သွယ်လာမှု မရှိသေးကြောင်း KNPP က ပြောသည။
“NUCC ဘက်က ဘာမှမလုပ်သေးပါဘူး။ ဘာမှလည်း မဆက်သွယ်သေးပါဘူး။ နိုင်ငံရေးမှာ ဒီထက် ပိုပြီးတော့မှ အားကောင်းတဲ့ ချဉ်းကပ်မှုတွေနဲ့ သွားချင်လို့ ပါဝင်မှုကနေ ယာယီရပ်လိုက်တာပါ” ဟု KNPP အတွင်းရေးမှူး ဦးအောင်ဆန်းမြင့်က Myanmar Now ကို ပြောသည်။

ကရင်နီတပ်မတော် (KA) ၏ နိုင်ငံရေးဦးဆောင်အဖွဲ့ဖြစ်သော KNPP အနေဖြင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရာတွင် အောက်ခြေမှတဆင့် ပြုပြင်ပြောင်းလဲသည့် ချဉ်းကပ်မှု (Bottom Up Federalism) ဖြင့် သွားလိုပြီး လက်ရှိတော်လှန်ရေးအင်အားစု၏ နိုင်ငံရေးဖွဲ့စည်းမှုများ ပြောင်းလဲရန် လိုအပ်လာပြီဖြစ်ကြောင်း ဦးအောင်ဆန်းမြင့်က ဆိုသည်။
“ပြုပြင်ပြောင်းလဲဖို့ဆိုတာ နိုင်ငံရေးတစ်စုံလုံးကို ပြုပြင်ပြောင်းလဲချင်တာဖြစ်တယ်။ အခုက NUG ရှိတယ် ။ NUCC ရှိတယ်။ CRPH ရှိတယ်။ အကုန်လုံးပေါ့။ ပြောင်းလဲဖို့ လိုလာပြီပေါ့။ NUCC က နည်းနည်းလေး နှေးတာပါတယ်။ နိုင်ငံရေးကိုယ်စားပြုမှုကလည်း မရှင်းဘူးပေါ့ဗျာ” ဟု ၎င်းက ပြောသည်။
NUCC တွင် ပါဝင်သော လက်နက်ကိုင်အဖွဲဲ့များ၏ အမည်များအားလုံး ထုတ်ပြန်ထားခြင်းမရှိသော်လည်း အမည်ဖော်ပြ၍ ပါဝင်ထားသည့် ချင်းအမျိုးသားတပ်ဦး(CNF)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ၊ ကရင်အမျိုးသားအစည်းအရုံး (KNU) တို့သည် နွေဦးတော်လှန်ရေးတွင် အင်အားကောင်းသည့် အစုအဖွဲ့များ ဖြစ်ကြသည်။
NUCC တွင် ပါဝင်မှုရပ်ဆိုင်းသည့် ကိစ္စနှင့်ပတ်သက်၍ ကရင်အမျိုးသားအစည်းအရုံး (KNU) ဗဟို၏ ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးကို Myanmar Now က ဆက်သွယ်မေးမြန်းထားသော်လည်း ယခု သတင်းရေးသားချိန်အထိ ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။
ထို့ကြောင့် NUCC တွင် ချင်းအမျိုးသားတပ်မတော် (CNA) ၏ နိုင်ငံရေးအဖွဲ့အစည်းဖြစ်သော CNF တစ်ခုသာ ကျန်သည့်အခြေအနေဖြစ်သည်။
အရပ်ဘက်အဖွဲ့အစည်းတစ်ခုဖြစ်သော စစ်ကိုင်းဖိုရမ် ဖက်ဒရေးရှင်း၏ အဖွဲ့ဝင် ကိုစိုးဝင်းဆွေက NUCC စဖွဲ့စဉ်ကတည်းက ပါဝင်ခဲ့သည့် KNU နှင့် KNPP တို့ အဖွဲ့ဝင်အဖြစ်မှ ယာယီရပ်ဆိုင်းလိုက်ခြင်း သည် မြန်မာနိုင်ငံတွင် ပြောင်းလဲလာသည့် တော်လှန်ရေးအင်အားစု၏ နိုင်ငံရေးပြောင်းလဲမှုအခြေအနေ နှင့် လိုက်လျောညီထွေဖြစ်ရန် လုပ်ဆောင်မှုဖြစ်နိုင်ကြောင်း သုံးသပ်သည်။
“Central (ဗဟို) စုစည်းမှုကနေ Bottom Up (အောက်ခြေမှ အထက်သို့) အားကောင်းလာတဲ့အခြေအနေ ဖြစ်လာတဲ့အခါမှာ ပြောင်းလဲလာတဲ့ နိုင်ငံရေး Trend နဲ့ လိုက်လျောညီထွေဖြစ်အောင် မိမိအဖွဲ့ကို လိုက်ပါလိုတဲ့ ဆန္ဒလည်း ရှိကောင်းရှိနိုင်တယ်။ ဒီအချက်သည်လည်း NUCC ကနေ ရပ်ဆိုင်းမှုဖြစ်ကောင်းဖြစ်နိုင်တယ်” ဟု သူက ဆိုသည်။
လက်ရှိ တော်လှန်ရေးအင်အားစု၏ နိုင်ငံရေးလမ်းကြောင်းသည် ဗဟိုစုဖွဲ့မှုများ ပြိုကျသည့် အခြေအနေ ဖြစ်နေကြောင်း ကိုစိုးဝင်းဆွေက မှတ်ချက်ပြုသည်။
KNU နှင့် KNPP ကဲ့သို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ နှစ်ဖွဲ့ ပါဝင်မှုရပ်လိုက်သဖြင့် NUCC အတွက် ပိုမိုရုန်းကန်ရဖွယ်ရှိနိုင်ကြောင်း ၎င်းက ပြောသည်။
“NUCC စတင်စုဖွဲ့တဲ့ အချိန်ကတည်းက အကန့်အသတ်တွေလည်း ကျွန်တော်တို့မြင်ရတယ်လေ။ တဖြည်းဖြည်းနဲ့ Charter (ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ် ) နဲ့ NUCC ဆိုတဲ့ နိုင်ငံရေးထုကလည်း တဖြည်းဖြည်းပြိုလာတာတွေ မြင်ရတယ်။ NLD နုတ်ထွက်တယ်။ KPICT (ကချင်အတိုင်ပင်ခံကောင်စီ) နုတ်ထွက်တယ်။ စသဖြင့်ပေါ့ဗျာ”
“ ဒုတိယအကြိမ် ပြည်သူ့ညီလာခံမှာဆိုရင်လည်း အစည်းအဝေးနောက်ဆုံးရက်မှာ CRPH က အစည်း အဝေးမတက်တော့ဘူးဆိုတာမျိုးပေါ့။ ကျန်ခဲ့တဲ့ အထဲမှာဆိုရင်လည်း KNU နဲ့ KNPP က ယာယီ ရပ်ဆိုင်းတယ်ဆိုတော့ NUCC အနေနဲ့ အတော်ရုန်းကန်ရမယ့် အခြေအနေမြင်ရတယ်” ဟု ကိုစိုးဝင်းဆွေ က မှတ်ချက်ပေးသည်။
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် KNPP၊ KNU တို့သည် အာဏာသိမ်းမှုကို ဆန့်ကျင်သူ အများအပြားကို ခိုလှုံခွင့်ပေးခဲ့သလို စစ်ပညာသင်ကြားပေးခဲ့ကာ စစ်တပ်ကို လက်နက်ကိုင် တိုက်ခိုက်နေကြ သော အဖွဲ့အစည်းများဖြစ်ကြသည်။
ကရင်နီ ဒေသ အခြေစိုက် KNPP က ယခင်ကတည်းက NCA အပစ်ရပ်လက်မှတ် မထိုးထားခဲ့ဘဲ KNU က အပစ်ရပ် ထိုးထားခဲ့သော်လည်း စစ်အာဏာသိမ်းမှုကို ရှုတ်ချပြီးနောက် နွေဦးတော်လှန်ရေးတွင် ထဲထဲဝင်ဝင် ပါဝင်နေသည်။




