စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ ကောလင်းမြို့နယ်အရှေ့ခြမ်း နေရာနှစ်ခုတွင် ယမန်နေ့ (ဒီဇင်ဘာလ ၁၁ ရက်) ည ၉ နာရီခွဲနှင့် ၁၁ နာရီဝန်းကျင်က လေကြောင်းတိုက်ခိုက်မှုများကြောင့် အမျိုးသမီးတစ်ဦး သေဆုံးပြီး ကလေးနှစ်ဦး ဒဏ်ရာရရှိကြောင်း ဒေသခံ စစ်ရေးသတင်းရင်းမြစ်များထံက သိရသည်။
ကောလင်းမြို့အရှေ့ဘက်၂၃ မိုင်အကွာ ရွှေဘို-မြစ်ကြီးနားကားလမ်းအနီး ကံပေါက်တာကျေးရွာကို တိုက်လေယာဉ်တစ်စီးက နှစ်ကြိမ် လာရောက်ဗုံးကြဲရာ အသက်၂၅ နှစ်အရွယ် အမျိုးသမီးတစ်ဦး သေဆုံးပြီး ၎င်း၏ ခြောက်နှစ်အရွယ်သမီးငယ်နှင့် သုံးလသားအရွယ် သားငယ်တို့ ဒဏ်ရာရရှိကြောင်း ကောလင်းမြို့ခံ စစ်ရေးသတင်းရင်းမြစ် တစ်ဦးက ပြောသည်။
“ထိခိုက်သေဆုံးမှုက မိသားတစ်စုတည်းကို ဖြစ်သွားတာဗျ။ မိခင်သေဆုံးပြီး ကလေးနှစ်ဦးဒဏ်ရာရတာ” ဟု ၎င်းက ဆိုသည်။
အဆိုပါ လေကြောင်းတိုက်ခိုက်မှုအပြီး တစ်နာရီခွဲခန့်အကြာ ည ၁၁ နာရီဝန်းကျင် မြို့နယ်အရှေ့ခြမ်း တဇူးရွာကျေးရွာကို ဗုံးတစ်ကြိမ် အကြဲခံရပြီး အဆိုပါဖြစ်စဉ်တွင် ထိခိုက်သေဆုံးသူ မရှိကြောင်း ဒေသ စစ်ရေးနှင့် လေကြောင်းသတင်းများကို အသိပေးနေသည့် Kawlin Info မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
“ တံတားဦးက တက်လာတဲ့ ဂျက်ဖိုက်တာက စဉ့်ကူးဘက်ကနေတဆင့် ထီးချိုင့်ဘက်လည်း ဝဲတယ်ဗျ။ နောက်ပိုင်းမှာ ကောလင်းဘက်ကို ရောက်လာပြီး အရှေ့ခြမ်းကြဲသွားတာဘဲ။ ညပိုင်းက လေကြောင်း တော်တော် လာဝဲတာ ကျွန်တော်တို့ဘက်ခြမ်းတွေကို” ဟု ကောလင်းမြို့နယ်မှ နောက်ထပ် စစ်ရေး သတင်းရင်းမြစ်တစ်ဦးက ပြောသည်။
စစ်ကိုင်းတိုင်းအတွင်း ယခုနှစ် ဒီဇင်ဘာလတွင် လေကြောင်းတိုက်ခိုက်မှုများ နေ့စဉ်ပြုလုပ်နေရာ သေဆုံးသူ ၃၀ ဦးထက်မနည်းရှိခဲ့ပြီး ဒါဇင်နှင့်ချီကာ ဒဏ်ရာရရှိခဲ့သည်။

နိုဝင်ဘာလ ၃၀ ရက် နှင့် ဒီဇင်ဘာလ ၁ ရက်နေ့တို့တွင် ချောင်းဦးမြို့နယ် မုံရွာ-ချောင်းဦးနယ်စပ် ချောင်းမနားနှင့် ချောင်းဆုံရွာသို့ လက်နက်ကြီးပစ်ခတ်မှုများအပြင် ဂျိုင်ရိုကော်ပတာဖြင့် လေကြောင်း တိုက်ခိုက်မှုပြုလုပ်ရာ အရပ်သား နှစ်ဦးသေဆုံးပြီး ကလေးငယ်တစ်ဦးအပါအဝင် ၁၀ ဦး ဒဏ်ရာရရှိခဲ့သည်။
ဒီဇင်ဘာလ ၁ ရက် ညသန်းခေါင်ကျော်အချိန် (ဒီဇင်ဘာလ ၂ ရက်နေ့ နံနက်အစောပိုင်းတွင်) ဝက်လက်မြို့နယ် နတ်မှော်ဦးရွာကို ဂျက်ဖိုက်တာဖြင့် လေကြောင်းတိုက်ခိုက်ရာ အသက် နှစ်နှစ်အရွယ် ကလေးအပါအဝင် မိသားစုဝင် ငါးဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရသူ များပြားခဲ့သည်။
ဒီဇင်ဘာလ ၃ ရက် ညနေ ၄ နာရီကျော်ခန့်ကလည်း ယင်းမာပင်မြို့နယ် အနောက်ခြမ်းရှိ သစ်ရာပင်ရွာ လေကြောင်းတိုက်ခိုက်မှုတွင် အရပ်သား သုံးဦးထိခိုက်ဒဏ်ရာရသည်။ ယင်းအပြင် ဒီဇင်ဘာလ ၄ ရက်နေ့ ဘုတလင် မြို့နယ်တွင်း လေကြောင်းတိုက်ခိုက်မှု နှစ်နေရာပြုလုပ်ခဲ့ရာ နှစ်ဦးသေဆုံးပြီး ကလေးငယ်နှစ်ဦး အပါအဝင် ငါးဦး ဒဏ်ရာရရှိသည်။
ခင်ဦးမြို့နယ်အရှေ့ခြမ်း၊ ငါးတင်းကြီးကျေးရွာကိုလည်း ဒီဇင်ဘာလ ၄ ရက် နံနက် ၁၀နာရီဝန်းကျင်တွင် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ရာ အမျိုးသမီးတစ်ဦးသေဆုံးပြီး လေးဦးထိခိုက်ဒဏ်ရာရရှိကြောင်း ခင်ဦးမြို့နယ်မှ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။
ဒီဇင်ဘာလ ၅ ရက်နေ့တွင် ဒီပဲယင်းမြို့နယ်အနောက်ခြမ်းရှိ ဘုတ်ထမ်းကျေးရွာနှင့် မြို့နယ်အရှေ့ခြမ်းရှိ မရကန်ကျေးရွာများ လေကြောင်းတိုက်ခိုက်မှုတွင် မရကန်ကျေးရွာတွင် ၁၈ ဦးထက်မနည်း သေဆုံးခဲ့ပြီး ဒဏ်ရာရသူများလည်း ဒါဇင်နှင့်ချီရှိခဲ့သည်။
ရွေဘိုမြို့နယ် သစ်ချိုပင်ရွာကို စစ်တပ်က ဒီဇင်ဘာလ ၅ ရက်နေ့ နံနက်အစောပိုင်း ၁ နာရီ မိနစ် ၂၀ ခန့်တွင် လေကြောင်းတိုက်ခိုက်မှုပြုလုပ်ရာ လင်မယားနှစ်ဦး နှင့် ခုနစ်နှစ်အရွယ်သမီး ပွဲချင်းပြီးသေဆုံးပြီး ၁၀ ဦးကျော် ဒဏ်ရာရရှိခဲ့သည်။
စစ်ရေးတင်းမာနေသည့် ဗန်းမောက်မြို့နယ်တွင် ဒီဇင်ဘာလ ပထမပတ်အတွင်း လေကြောင်းတိုက်ခိုက်မှုများ နေ့စဉ်ရှိနေပြီး ဒီဇင်ဘာလ ၆ ရက်နေ့နှင့် ၇ ရက်နေ့တွင် ကလေးမိခင်တစ်ဦးနှင့် အမျိုးသားတစ်ဦးတို့ သေဆုံး ခဲ့ပြီး နေအိမ်များစွာ ပျက်စီးဆုံးရှုံးမှု ရှိခဲ့သည်။
ဒီဇင်ဘာလ ၈ ရက်နေ့တွင် မင်းကင်းမြို့နယ်တွင်း ကျောင်းသားတပ်စခန်းတစ်ခုကို လေကြောင်းတိုက်ခိုက်ခံရကာ ၁၀ ဦးခန့်ဒဏ်ရာရရှိခဲ့ပြီး ၉ ရက်နေ့တွင်လည်း ကနီမြို့နယ် တစ်နေရာလေကြောင်းတိုက်ခိုက်ခံရမှုတွင် နှစ်ဦး ဒဏ်ရာရရှိခဲ့သည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှ ကောက်ယူထားသော အချက်အလက်များ အရ စစ်ကော်မရှင်လက်ချက်ဖြင့် ယခုနှစ် အောက်တိုဘာလ ၁ ရက်နေ့မှ ဒီဇင်ဘာလ ၉ ရက်နေ့အထိ စစ်ကိုင်းတိုင်း၌ ၇၈ ဦး သေဆုံးခဲ့ပြီး ကလေး ၁၈ ဦးပါဝင်သည်။ ထိုသေဆုံးသူများအနက် ၆၂ ဦးသည် လေကြောင်းဖြင့် တိုက်ခိုက်မှုကြောင့် အများဆုံးသေဆုံးခဲ့သည်။




