ရိုဟင်ဂျာလူမျိုးသုဉ်းသတ်ဖြတ်မှုကို ဆက်လုပ်မည်ဟု ကြံ့ခိုင်ရေးပါတီနှင့် စစ်တပ်၏မဟာမိတ်ပါတီဖြစ်သည့် မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီ (Peace and Diversity Party)၏ ဥက္ကဋ္ဌဟောင်းနှင့် လက်ရှိနာယက ဦးနေမျိုးဝေက ကြေညာလိုက်သည်။
ရိုဟင်ဂျာနှင့် မွတ်ဆလင်မုန်းတီးရေးလှုပ်ရှားမှုကြောင့် နာမည်ဆိုးဖြင့်ကျော်ကြားသည့် ဦးနေမျိုးဝေက သူ၏ရိုဟင်ဂျာနှင့် မွတ်ဆလင်မုန်းတီးရေး ဟောပြောချက်များကို အပြည်ပြည်ဆိုင်ရာ တရားရုံး ICJ တွင် ကြားနာစစ်ဆေးနေခြင်းအပေါ် Myanmar National Post သတင်းဌာနနှင့် တွေ့ဆုံမေးမြန်းခန်းမှတဆင့် ယင်းကဲ့သို့တုံ့ပြန်လိုက်ခြင်းဖြစ်သည်။
Myanmar National Post သည်လည်း စစ်တပ်ကျောထောက်နောက်ခံပေးထားသည့် သတင်းဌာနဖြစ်ပြီး ဦးနေမျိုးဝေနည်းတူ ရိုဟင်ဂျာနှင့် မွတ်ဆလင်မုန်းတီးရေးသမား နောင်တော်လေးက ပိုင်ဆိုင်သည်။ အဆိုပါတွေ့ဆုံ မေးမြန်းခန်းကို ဇန်နဝါရီလ ၁၃ ရက်၊ ICJ ကြားနာပွဲအပြီးတွင်ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
မြန်မာ့ရေပိုင်နက်ထဲသို့ ခိုးဝင်လာသည့် ရိုဟင်ဂျာများကို “ပစ်သတ်၊ သတ်ပစ်၊ ပစ်မြှုပ်၊ မြှုပ်ပစ်” ဆိုသည့် အချက်လေးချက်နှင့် ကိုင်တွယ်ရန် ဟောပြောပွဲတစ်ခုတွင် သူပြောဆိုခဲ့သည်ကို အပြည်ပြည်ဆိုင်ရာ တရားရုံး ICJ က လူမျိုးသုဉ်းသတ်ဖြတ်မှု သက်သေအဖြစ် ကြားနာနေသည်ကို TM သတင်းဌာနမှတဆင့် သိခွင့်ရခဲ့သည်ဟု ဦးနေမျိုးဝေကဆိုသည်။
ထိုအချက်များကို သူအမှန်တကယ်ပြောဆိုခဲ့ကြောင်း ဦးနေမျိုးဝေက ဝန်ခံခဲ့ပြီး “အဲ့ဒီသဘောထားက အခုထိ ဒီအတိုင်းဘဲရပ်တည်တယ်” ဟုလည်းတုံ့ပြန်သည်။
‘ရိုဟင်ဂျာ’တို့ကို မြန်မာစစ်တပ်နည်းတူ ‘ဘင်္ဂါလီ’ ဟုသတ်မှတ်ထားသည့် ဦးနေမျိုးဝေက Myanmar National Post နှင့်တွေ့ဆုံမေးမြန်းခန်းတွင် ရိုဟင်ဂျာများအား လူမျိုးသုဉ်းသတ်ဖြတ်မည့် မူဝါဒကို ဆက်လက်ဆွဲကိုင်ထားမည်ဟုလည်း အကြိမ်ကြိမ်အတည်ပြုခဲ့သည်။
“(လူမျိုး)မသုဉ်းစေချင်ရင်မလာနဲ့”
“လာရင်(လူမျိုးသုဉ်းသတ်ဖြတ်တာ)လုပ်မယ်”
“သိသိကြီးနဲ့လာတယ်ဆိုရင် သေချင်လို့လာတာပေါ့ဗျာ”
“Genocide(လူမျိုးသုဉ်းသတ်ဖြတ်မှု) ကျူးလွန်နေပါတယ်ဆိုတဲ့နိုင်ငံကို ဘာဖြစ်လို့လာပြီး ခိုးဝင်ချင်နေတာလဲ”
“ကိုယ့်နိုင်ငံနယ်နိမိတ်ထဲကို အသိအမှတ်မပြုဘဲခိုးဝင်လာရင် ဆော်ပစ်ရမှာဘဲ” စသဖြင့်လည်း တွေ့ဆုံမေးမြန်းခန်းအတွင်း ပြောဆိုခဲ့သည်။

လူမျိုးသုဉ်းသတ်ဖြတ်မှုကို ပါတီမူဝါဒအဖြစ်အသက်သွင်းမည်
ICJ ကြားနာပွဲအတွင်း သူ၏ပါတီတွင်း အစည်းအဝေးတစ်ခုကျင်းပခဲ့ပြီး ရိုဟင်ဂျာများကို လူမျိုးသုဉ်းသတ်ဖြတ်မည့် မူဝါဒနှင့်ပတ်သက်၍ ပါတီဝင်များအား ရှင်းပြခဲ့ကြောင်း၊ သူ့ပါတီက သူတွေကလည်း သူ့သဘောထားအတိုင်း ရပ်တည်ကြောင်း ဦးနေမျိုးဝေက Myanmar National Post နှင့် တွေ့ဆုံမေးမြန်းခန်းတွင် ပြောဆိုခဲ့သည်။
“နယ်ခြားစည်းမှာဆို ပစ်သတ်၊ ဒါကိုသဘောတူတယ်(ပါတီဝင်)အကုန်လုံးက” ဟု ဦးနေမျိုးဝေကပြောသည်။
မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီ (Peace and Diversity Party)သည် စစ်တပ်ဦးဆောင်ပြီးကျင်းပနေသည့် ရွေးကောက်ပွဲတွင် အမတ်ကိုးဦးအထိ ဝင်ပြိုင်နေသည်။
ဦးနေမျိုးဝေသည် မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီကို ၂၀၁၀ ခုနှစ်၊ မတ်လတွင် တည်ထောင်ခဲ့ပြီး ပါတီဥက္ကဋ္ဌရာထူး ယူခဲ့သည်။ ထိုပါတီသည် ရွေးကောက်ပွဲအဆက်ဆက် ဝင်ပြိုင်ခဲ့သော်လည်း ရာနှုန်းပြည့်ရှုံးနိမ့်ခဲ့သည်။
၂၀၂၁ စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီထံတွင် မှတ်ပုံပြန်တင်ခဲ့ပြီး ဦးနေမျိုးဝေသည် ဥက္ကဋ္ဌ ရာထူးမှ ပါတီနာယကဖြစ်လာသည်။ လက်ရှိပါတီဥက္ကဋ္ဌသည် ဒေါ်စန္ဒာဦးဖြစ်သည်။
ကြံ့ခိုင်ရေးပါတီနှင့် စစ်တပ်၏မဟာမိတ်
ရွေးကောက်ပွဲအဆက်ဆက် ရလဒ်မကောင်းသော်လည်း မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီသည် ကြံ့ခိုင်ရေးပါတီနှင့် စစ်တပ်၏ မဟာမိတ်အဖြစ် ဆက်ဆံရေးကိုဆက်ထိန်းထားနိုင်ခဲ့သည်။
ကြံ့ခိုင်ရေးပါတီခေါင်းဆောင် ဦးသိန်းစိန် အာဏာရချိန်၊ ၂၀၁၃ ခုနှစ် မေလအတွင်းက နေပြည်တော်သို့ နိုင်ငံရေးပါတီများကို သီးသန့်ခေါ်တွေ့ရာတွင် ဦးနေမျိုးဝေကိုလည်း ဖိတ်ကြားခဲ့သည်။
မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီသည် ကြံ့ခိုင်ရေးပါတီအပါအဝင် စစ်တပ်ကျောထောက်နောက်ခံ ပေးထားသည့် နိုင်ငံရေးပါတီ ၃၀ ကျော်နှင့် အတူ ၂၀၂၀ ရွေးကောက်ပွဲမကျင်းပမီ သုံးလအလို၊ ၂၀၂၀ သြဂုတ်လ ၁၃ ရက်နေ့က စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မင်းအောင်လှိုင်ကို နေပြည်တော်တွင် သွားရောက်တွေ့ဆုံခဲ့သည်။
စစ်တပ်ထံ ၎င်းတို့၏ တောင်းဆိုချက်က ၂၀၂၀ ရွေးကောက်ပွဲတွင် ၎င်းတို့အရေးမလှဘဲ NLD အနိုင်ရပါက အာဏာသိမ်းရန်ဖြစ်သည်။ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “ကျွန်တော်မလုပ်ရဲတာ ဘာမှမရှိဘူး” ဟုကတိပေးခဲ့ပြီးနောက် NLD အနိုင်ရသွားသည့်အခါ အမှန်တကယ်ပင် အာဏာသိမ်းခဲ့သည်။
၂၀၁၆ ခုနှစ် နှင့် ၂၀၁၇ ခုနှစ် အတွင်း ရခိုင်ပြည်နယ်စစ်ဆင်ရေးတွင် မြန်မာစစ်တပ်သည် ရိုဟင်ဂျာများကိုလူမျိုးသုဉ်းသတ်ဖြတ်ခဲ့ကြောင်း ICJ တရားခွင်အပါအဝင် နိုင်ငံတကာ၏စွပ်စွဲပြစ်တင်မှုများရှိနေသည်။ စစ်တပ်လက်ချက်ဖြင့် ရိုဟင်ဂျာအများအပြားသေဆုံးကာ လူတစ်သန်းခန့် ထွက်ပြေးခဲ့ရသည်ဟုလည်း လူ့အခွင့်အရေးအဖွဲ့များက ထောက်ပြကြသည်။



