အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ကချင်ပြည်နယ်ဝင်ပေါက် ဗန်းမောက်မြို့၏ သုံးပုံနှစ်ပုံ စစ်တပ်ပြန်ထိန်းချုပ်

NUG သိမ်းထားသည့် စစ်ရေးအရ အရေးပါသော ကချင်နှင့် စစ်ကိုင်းတိုင်း နယ်စပ်ရှိ ဗန်းမောက်မြို့ကို ပြီးခဲ့သည့် သီတင်းပတ်အတွင်း စစ်တပ်က လေကြောင်း၊ မြေပြင်စစ်ကြောင်းဖြင့် အပြင်းအထန် ထိုးစစ်ဆင်ပြီး မြို့ပေါ် သုံးရပ်ကွက်အနက်မှ နှစ်ရပ်ကွက်ကို ထိန်းချုပ်လိုက်သည်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ထိန်းချုပ်ထားသည့် ကချင်ပြည်နယ် ဝင်ပေါက်ဖြစ်သော စစ်ကိုင်းတိုင်း အထက်ပိုင်း၊ ဗန်းမောက်မြို့၏ သုံးပုံနှစ်ပုံကို စစ်တပ် ပြန်ရသွားပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် (PDF) အချို့ ဖမ်းဆီးသတ်ဖြတ်ခံရသည်ဟု ဒေသခံများ၊ PDF တပ် နှင့် နီးစပ်သူများထံက သိရသည်။

ပြီးခဲ့သည့်သီတင်းပတ်အတွင်း စစ်တပ်နှင့် ရှမ်းနီအမျိုးသားများတပ် (SNA) တို့က ပူးပေါင်း အင်အား အများအပြားဖြင့် တန်ပြန် ထိုးစစ်လုပ်လာခဲ့သောကြောင့် ဇန်နဝါရီလ ၁၈ ရက်နေ့တွင် မြို့အနောက်ဘက် လွှစင်ကုန်းရပ်ကွက်နှင့် မြနန္ဒာရပ်ကွက်တို့မှ တော်လှန်ရေးတပ်များ ဆုတ်ခွာပေးလိုက်ရခြင်းဖြစ်သည်။ 

မြို့ပေါ် သုံးရပ်ကွက်သာရှိသော ဗန်းမောက်မြို့တွင် စစ်တပ်နှင့် SNA ၏ သီတင်းတစ်ပတ်ကြာ ပူးပေါင်း ထိုးစစ်ကြောင့်  မြို့၏ သုံးပုံ နှစ်ပုံဖြစ်သော ရပ်ကွက် နှစ်ခုကို စွန့်လွှတ်လိုက်ရပြီး တော်လှန်ရေးတပ်များ မြို့အရှေ့ခြမ်း အောင်သာကုန်းရပ်ကွက်ဘက်သို့ ဆုတ်ပေးခဲ့ရသည်ဟု PDF တပ်များနှင့်နီးစပ်သူ ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

“သူတို့ (စစ်တပ်နှင့် SNA) စပြီးဝင်တာက ပြီးခဲ့တဲ့ တစ်ပတ်လောက်ကပဲ ။ ဒါပေမဲ့ ရပ်ကွက်နှစ်ခုပေါ့နော် လွှစင်ကုန်းရပ်ကွက် နဲ့ မြနန္ဒာရပ်ကွက်ကို သိမ်းနိုင်တာကြတော့ ဇန်နဝါရီလ ၁၈ ရက်နေ့က သိမ်းနိုင်တာ။ သူတို့ စပြီး ထိုးဖောက်လာတာက ပြီးခဲ့တဲ့ တစ်ပတ်တည်းကပဲ။ အဲဒီကတည်းက တော်လှန်ရေးတပ်ဖွဲ့တွေလည်း ခုခံပြီးတော့ တိုက်နေကြတာပေါ့လေ” ဟု အဆိုပါ ဒေသခံ အမျိုးသားက ပြောသည်။

ဇန်နဝါရီလ ၁၈ ရက်နေ့က မြနန္ဒာရပ်ကွက်တွင် ဖြစ်ပွားသည့် ဘုန်းကြီးကျောင်းအနီး တိုက်ပွဲတွင် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ဝင် သုံးဦးကို စစ်တပ်က အရှင်ဖမ်းမိခဲ့ပြီးနောက် သတ်ဖြတ်ခဲ့သည်ဟု  အဆိုပါ အမျိုးသားက ပြောသည်။

“မြနန္ဒာရပ်ကွက်သိမ်းတုန်းက ဘုန်းကြီးကျောင်းတိုက်ပွဲမှာ PDF ရဲဘော်သုံးယောက် အဖမ်းခံလိုက်ရပြီးတော့ အသတ်ခံလိုက်ရတယ်” ဟု ၎င်းက ဆိုသည်။

သတ်ဖြတ်ခံရသည့် PDF ရဲဘော်များ၏ ခရိုင်တပ်ရင်း၊ အမည်၊ အသက်အရွယ် အသေးစိတ်ကို မသိရသေးပေ။ 

ပြင်းထန်သည့် သီတင်းတစ်ပတ်ကြာတိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်ကျဆုံးမှုများရှိသလို စစ်တပ်နှင့် SNA ဘက်မှ လက်နက်ကြီး၊ လေယာဉ် ဗုံးကြဲမှုများအပြင် ဒရုန်းအများအပြား အသုံးပြုပြီး တိုက်ခိုက်ခဲ့သဖြင့်  လက်နက်အင်အား နည်းပါးလာသည့်အတွက် တော်လှန်ရေးတပ်များ တဖြည်းဖြည်း နောက်ဆုတ်ပေးခဲ့ရသည်ဟု ၎င်းက ဆက်ပြောသည်။

“ကိုယ့်ဘက်က လက်နက်ခဲယမ်း မလုံလောက်တဲ့အခြေအနေမျိုးရယ် စစ်တပ်ဘက်က အင်အားအရမ်းများတာရယ်ပေါ့။ အဓိကကတော့ လက်နက်ခဲယမ်း မလုံလောက်တာပေါ့” 

ယမန်နေ့က ဗန်းမောက်မြို့အနောက်ဘက်သို့ စစ်တပ်၏ ထောက်ပို့ရဟတ်ယာဉ်တစ်စီး ရောက်ရှိလာပြီး ရိက္ခာနှင့် ခဲယမ်းများ ချပေးသွားသည်ဟု ဒေသခံအချို့က ပြောသည်။
ယနေ့ (ဇန်နဝါရီလ ၂၀ ရက်နေ့) နံနက်တွင် တိုက်ပွဲများငြိမ်သက်နေသော်လည်း နှစ်ဖက်တပ်များ စစ်ဆိုင် ထားဆဲဖြစ်ပြီး စစ်ရေး ဆက်လက်တင်းမာနေသည်ဟု သိရသည်။

ဗန်းမောက်မြို့နေရာအများစုကို စစ်တပ်က ပြန်ရထားပြီဆိုသည့်အကြောင်းနှင့်ပတ်သက်ပြီး NUG ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်ကို Myanmar Now က မေးမြန်းထားသော်လည်း တုံ့ပြန်ဖြေကြားခြင်းမပြုသေးပေ။

ဗန်းမောက်မြို့ကို Google Earth မှ တွေ့ရစဉ်။

ဗန်းမောက်မြို့ကို ၂၀၂၅ ခုနှစ် စက်တင်ဘာလ ၂၀ ရက်နေ့တွင် NUG လက်အောက်ခံ PDF တပ်များနှင့် မဟာမိတ်တပ်များ သိမ်းပိုက်ခဲ့ပြီးနောက်  ယင်းလကတည်းက စစ်တပ်နှင့် SNA ပူးပေါင်းတပ်များက မြို့အနောက်ဘက် SNA အားကောင်းသော ကျေးရွာများဘက်မှတဆင့် ပြန်လည်ထိုးဖောက်ရန် ကြိုးပမ်း နေခြင်းဖြစ်သည်။

ဗန်းမောက်ကို လက်လွှတ်ရပြီးနောက် စစ်တပ်က လက်နက်ကြီး၊ လေကြောင်းဖြင့် ဗုံးကြဲပစ်ခတ်မှုများ ဆက်တိုက် လုပ်ခဲ့သောကြောင့် ဒေသခံအများစုသည် မြို့ပေါ်တွင် ပြန်လည်မနေထိုင်ရဲကြပေ။

၂၀၁၉ ခုနှစ် စက်တင်ဘာလ အထိ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ စာရင်းများအရ ဗန်းမောက်မြို့နယ်တွင် မြို့ပေါ် သုံးရပ်ကွက်ရှိကာ ရှမ်းနီအများစု နေထိုင်ကြပြီး ကတူး၊ ကနန်း၊ ဗမာ အများစု ဖြစ်၍ လူဦးရေ တစ်သိန်းကျော် ရှိသည်။

အဆိုပါထိုးစစ်တွင် စစ်တပ်၏ တပ်မ(၇၇) ရှေ့တန်းတပ်ရင်းမှ အင်အားအချို့နှင့် SNA ၏ တပ်မဟာ (၆၁၄) နှင့် တပ်မဟာ (၉၇၂) တို့မှ အင်အားအများစုပါဝင်သည်ဟု သိရကာ ယမန်နှစ် ဒီဇင်ဘာလ နောက်ဆုံးပတ်အတွင်း မြို့၏ တစ်မိုင်ခန့်အကွာအထိ ရောက်လာကြသည်။

စစ်တပ်ဝါဒဖြန့်တယ်လီဂရမ်များတွင် စစ်တပ်က အဆင်မြင့်ဒရုန်းများသုံးကာ တိုက်ခိုက်မှုများကို ဖော်ပြခဲ့ကြပြီး မြို့တွင်းမီးလောင်နေသော ဓာတ်ပုံများကို PDF များက မီးရှို့နေသည် ဟု ဝါဒဖြန့်ခဲ့ကြသည်။ 

၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၇ ရက်နေ့ကလည်း ဗန်းမောက်မြို့မဈေးကို လေကြောင်းမှ ဗုံးနှစ်ကြိမ် ကြဲချခဲ့ ရာ ဈေးဆိုင်ခန်းများအပြင် အဆောက်အအုံအချို့ မီးလောင်ပျက်စီးခဲ့သည်။ 

အလားတူ ဒီဇင်ဘာလ ၂၀ ရက်နှင့် ၂၁ ရက်တို့တွင် စစ်တပ်က ဗန်းမောက်မြို့ နားပင်ရွာနှင့် ဗန်းမောက် အနောက်ဘက်ရှိ ကျေးရွာအချို့ကို ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဘုန်းကြီးကျောင်းတစ်ကျောင်း ပျက်စီးခဲ့ပြီး ဘုန်းကြီးတစ်ပါးအပါအဝင် ဒေသခံ ခြောက်ဦး ဒဏ်ရာရခဲ့ကြသည်။

၂၀၂၁ ခုနှစ် စစ်တပ် အာဏာမသိမ်းမီက SNA သည် စစ်တပ်၊ ကချင်လွတ်လပ်ရေးတပ်(KIA)တို့နှင့် တိုက်ပွဲများ မကြာခဏ ဖြစ်ပွားခဲ့သော်လည်း အာဏာသိမ်းပြီးနောက် စစ်တပ်ကို လက်နက်ကိုင်ခုခံလိုသူ များအား စစ်သင်တန်းများပေးခဲ့သည်။ သို့သော်လည်း နောက်ပိုင်းတွင် စစ်တပ်နှင့် ပိုမိုနီးစပ်လာပြီး လက်ရှိတွင် စစ်တပ်နှင့် ပူးပေါင်းပြီး တော်လှန်ရေးအဖွဲ့များကို တိုက်ခိုက်နေသည်။

စစ်ကိုင်းတိုင်းအထက်ပိုင်းဒေသ ခန္နီး၊​ ဟုမ္မလင်း၊ ဖောင်းပြင်၊ ဗန်းမောက်၊ ဝန်းသို၊ အင်းတော်နှင့် ကချင်ပြည်နယ် မိုးညှင်း၊ အင်းတော်ကြီးနှင့် ဖားကန့် ဆယ်ဇင်းဒေသတို့တွင် SNA က စစ်ရေးလှုပ်ရှားနေသည်။

ဗန်းမောက်မြို့အရှေ့ဘက် ၂၈ မိုင်ခန့် အကွာတွင် NUG သိမ်းထားသည့် အင်းတော်မြို့ရှိသလို ဗန်းမောက်မြို့၏ အနောက်တောင်ဘက် မိုင် ၆၀ ခန့်အကွာတွင်ရှိသည့် ပင်လည်ဘူးမြို့ကိုလည်း NUG က သိမ်းထားသည်။ တောင်ဘက်တွင် ဝန်းသိုနှင့် ကချင်ပြည်နယ် မိုးညှင်းမြို့နယ်တို့ရှိကြသည်။ 

NUG က စစ်ကိုင်းတိုင်းအတွင်း အင်းတော်၊ မော်လူး၊ ပင်လည်ဘူး၊ ခမ်းပတ်၊​ မြို့သစ်နှင့် ရွှေပြည်အေးမြို့များကို သိမ်းပိုက်ထားနိုင်ပြီး ခရိုင်အဆင့် ကောလင်းမြို့ကိုမူ နှစ်ပတ်ကြာ မြို့ပေါ်တိုက်ပွဲများအပြီး ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် လက်လွှတ်လိုက်ရသည်။

စစ်ကော်မရှင်တပ်သည် မန္တလေးတိုင်းအတွင်း တော်လှန်ရေးတပ်များထံ လက်လွှတ်လိုက်ရသော မြို့များမှ လက်ကျန်တပ်များကို အင်အားစုစည်းကာ သပိတ်ကျင်း၊ မတ္တရာ၊ စဉ့်ကူးမြို့တို့ကို ပြန်လည် ရယူသွားသည့် ဖြစ်စဉ်များ ရှိခဲ့သည်။

ဗန်းမောက်မြို့ကို လက်လွှတ်ရပါက အနီးရှိ NUG သိမ်းထားသော ကချင်ပြည်နယ်နှင့် ထိစပ်နေသော စစ်ကိုင်းတိုင်းအထက်ပိုင်းမြို့များကို ဆက်လက်ထိုးဖောက်လာနိုင်ဖွယ်ရာရှိသည်။ 

၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၁၀ ရက်နေ့က တွေ့ရသော ဗန်းမောက်မြို့ပေါ်မှ စစ်ကော်မရှင် ယန္တရား အဆောက်အအုံတစ်ခု။ (ဓာတ်ပုံ-ဗန်းမောက်မြို့)

Related Articles

Back to top button