အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

တီမောသမ္မတနှင့် တွေ့ဆုံမှုအပေါ် စစ်တပ်၏ တုံ့ပြန်ချက် အောက်တန်းကျဟု ချင်းလူ့အခွင့်အရေးအဖွဲ့ပြော

အာဆီယံပဋိညာဉ်တွင် ဥပဒေစိုးမိုးရေးအတွက် ကတိကဝတ်ပြုထားပြီး စစ်ရာဇဝတ်မှုများကို ဖုံးကွယ်ရန် အကာကွယ်မပေးကြောင်း ချင်းလူ့အခွင့်အရေးအဖွဲ့(CHRO) ကဆိုသည်။

အရှေ့တီမောတွင် အာဏာသိမ်းစစ်တပ်ကို တရားစွဲဆိုမည့် ချင်းလူ့အခွင့်အရေးအဖွဲ့(CHRO) နှင့် တီမောသမ္မတ ဟိုဆေးရာမို့စ်ဟော်တာတို့ တွေ့ဆုံမှုအပေါ်  ပြည်တွင်းရေးဝင်စွက်ဖက်သည်ဆိုကာ ကန့်ကွက်သည့် စစ်တပ်၏ တုံ့ပြန်မှုသည် အခြေအမြစ်မရှိ အောက်တန်းကျကြောင်း CHRO အဖွဲ့က ပြောဆိုသည်။ 

ချင်းပြည်နယ်အတွင်း ကျူးလွန်ခဲ့သည်ဟုဆိုသော စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်ပေါ် ကျူးလွန်သည်ဟုဆိုသော ရာဇဝတ်မှုများနှင့်ပတ်သက်၍ အာဏာသိမ်းစစ်တပ်ကို CHRO အဖွဲ့က အရှေ့တီမော တရားရုံးတွင် ယခုနှစ် ဇန်နဝါရီလ ၁၂ ရက်က တိုင်ကြားမှုအပေါ် လက်ခံထားကြောင်း သိရသည်။ 

ထို့အပြင် ဒေသတွင်း တရားမျှတမှုနှင့် တာဝန်ခံမှုရှိရေးအတွက် တီမောသမ္မတနှင့် CHRO အဖွဲ့တို့ ဇန်နဝါရီလ ၁၄ ရက်တွင် တွေ့ဆုံမှုသည် ပြည်တွင်းရေးကို ဝင်စွက်ဖက်ရာရောက်သလို အာဆီယံပဋိညာဉ်ကို ချိုးဖောက်ရာရောက်၍ ကန့်ကွက်ကြောင်း ယနေ့ထုတ် စစ်တပ်ထိန်းချုပ် သတင်းစာများတွင် ထုတ်ပြန်ထားသည်။ 

စစ်ကော်မရှင်သည် အုပ်ချုပ်ရေး၊ တရားစီရင်ရေးနှင့် သံတမန်ဆက်ဆံရေးတို့ကို ရောထွေး၍ ကန့်ကွက်ခြင်းသည် အခြေအမြစ်မရှိကြောင်း CHRO အဖွဲ့ ပြောခွင့်ရ စီမံအရာရှိ ဆလိုင်းမန်ဟရဲလျန်က ဆိုသည်။ 

“တကယ်အောက်တန်းကျတဲ့လုပ်ရပ်လို့ပဲမြင်တယ်။ နိုင်ငံတိုင်းက တရားစီရင်ရေးနဲ့ အုပ်ချုပ်ရေးက သီးသန့်နဲ့သွားတဲ့အခါမှာ စစ်ကောင်စီအနေနဲ့ သူတို့ရဲ့ အုပ်ချုပ်ရေးလို့ပဲထင်ပြီးတော့ ဖိအားပေးမှုတွေ လုပ်ဆောင်တာကတော့ တကယ်ကို အခြေအမြစ်မရှိဘူး။ သံတမန်ရေးရော၊ နိုင်ငံရေးရော နားလည်မှု တော်တော်နည်းပါးတယ်လို့ပဲ ယူဆတာပေါ့” ဟု ၎င်းက ဆိုသည်။ 

မြန်မာနိုင်ငံတွင် စစ်တပ်ထိန်းချုပ် တရားစီရင်ရေးစနစ်ကြောင့် စစ်ရာဇဝတ်မှုများနှင့် ပတ်သက်၍ တရားမျှတမှုမဖော်ဆောင်နိုင်သဖြင့် တီမောနိုင်ငံ၏ တရားဥပဒေလမ်းကြောင်းများအရ အရေးယူရန် လျှောက်လဲခြင်းဖြစ်သည်ဟု ၎င်းက ဆိုသည်။ 

အရှေ့တီမောသမ္မတနှင့်တွေ့ဆုံရာတွင် တရားရုံးတွင်တိုင်ကြားမှုနှင့်ပတ်သက်၍ ဆွေးနွေးခြင်းမရှိဟု ၎င်းကဆိုသည်။ 

အရှေ့တီမောနိုင်ငံအနေဖြင့် အာဆီယံဒေသတွင်းနိုင်ငံဖြစ်ရာ ဒေသတွင်းတည်ငြိမ်ရေး၊ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီထွန်းကားရေးအတွက် တာဝန်ရှိသည့်အလျောက် မြန်မာတွင် စစ်တပ်အာဏာသိမ်းပြီးနောက် ပေါ်ပေါက်လာခဲ့သည့် စစ်ရာဇဝတ်မှုများ၊ လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့်ပတ်သက်၍ တတ်နိုင်သမျှ ကူညီရန်ဆွေးနွေးခဲ့ကြောင်း ဆလိုင်းမန်ဟရဲလျန်က ဆိုသည်။

“(တီမောဘက်က)ဘာမှချိုးဖောက်တာမရှိဘူး။ နိုင်ငံရေးအရဝင်ရောက်စွက်ဖက်တာလည်း ဘာမှမရှိဘူး။ သူတို့ရဲ့ တရားရေးနဲ့ အုပ်ချုပ်ရေးက သက်သက်စီပေါ့လေ။ အာဆီယံပဋိညာဉ်ကို ကြည်တဲ့အခါမှာ လူ့အခွင့်အရေး ဘယ်လိုကာကွယ်မလဲ၊ ဘယ်လိုမြှင့်တင်မလဲ၊ ဒီမိုကရေစီထွန်းကားမှုတွေကို ဘယ်လိုလုပ်ဆောင်မလဲ အတိအကျဖော်ပြထားတယ်” ဟု ၎င်းက ဆိုသည်။ 

အချုပ်အခြာအာဏာပိုင် နိုင်ငံတော်သမ္မတတစ်ဦးအား မည်သူနှင့်တွေ့ရမည်ကို စစ်ကော်မရှင်က လိုက်လံပြောဆို၍ မရသလို လွတ်လပ်သော ဥပဒေလမ်းကြောင်းအရ တိုင်ကြားချက်တစ်ခုအပေါ် ‘ရှင်းလင်းချက်’ တောင်းဆိုခြင်းသည် အခြားနိုင်ငံ၏ တရားစီရင်ရေးကို ဝင်စွက်ဖက်ရာရောက်ကြောင်း CHRO က ဆိုသည်။

အာဆီယံပဋိညာဉ်တွင် ဥပဒေစိုးမိုးရေးအတွက် ကတိကဝတ်ပြုထားပြီး စစ်ရာဇဝတ်မှုများကို ဖုံးကွယ်ရန် အကာကွယ်မပေးကြောင်း ထိုအဖွဲ့က ဆိုသည်။ 

စစ်ကော်မရှင်၏ နိုင်ငံခြားရေးဝန်ကြီးဌာနက မြန်မာနိုင်ငံဆိုင်ရာ အရှေ့တီမောသံရုံး ယာယီတာဝန်ခံကို ယခုနှစ် ဇန်နဝါရီလ ၁၆ ရက်တွင် နေပြည်တော်သို့ ဆင့်ခေါ်၍ ထိုကိစ္စနှင့်ပတ်သက်၍ ကန့်ကွက်ကြောင်းနှင့် ဖြေရှင်းပေးရန်တောင်းဆိုကြောင်း ပြောဆိုခဲ့သည်ဟု စစ်ကော်မရှင်၏ ယနေ့ထုတ်ပြန်ချက်တွင် တွေ့ရသည်။ 

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဇူလိုင်လက တီမောနိုင်ငံ အစိုးရသစ် ကျမ်းသစ္စာကျိန်ဆိုပွဲသို့ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ဖိတ်ကြားမှုနှင့်ပတ်သက်၍ ကန့်ကွက်ခဲ့ပြီး စက်တင်ဘာလ ၁ ရက်နေ့တွင် ရန်ကုန်မြို့ရှိ တီမောသံအမတ်ကို နှင်ထုတ်ခဲ့သည်။

တီမောအစိုးရက NUG ကို အသိအမှတ်ပြုဆက်ဆံသော်လည်း စစ်ကောင်စီကို ထိုပွဲသို့ ဖိတ်ကြားခြင်းမရှိသဖြင့် မြန်မာအာဏာသိမ်း စစ်ဗိုလ်ချုပ်ကြီးများအတွက် အမျက်ထွက်စရာဖြစ်ခဲ့သည်။

ထို့အပြင် တီမောနိုင်ငံက အာဆီယံအဖွဲ့ဝင်နိုင်ငံဖြစ်ရန်လျှောက်ထားမှုကို စစ်ကော်မရှင်က ကန့်ကွက်မှုများရှိခဲ့သည်။

ရှည်မျောမျောပုံစံရှိသည့် တီမောကျွန်းသည် အင်ဒိုနီးရှားကျွန်းစုအတွင်း သြစတေးလျနှင့် နီးကပ်စွာတည်ရှိသည်၊ ကိုလိုနီခေတ် ပေါ်တူဂီ-ဒတ်ချ်စစ်ပွဲအပြီးတွင် ကျွန်းအရှေ့ပိုင်းကို ပေါ်တူဂီက ထိန်းချုပ်ခဲ့သည်။

၁၉၇၅ တွင် ပေါ်တူဂီအောက်မှ အရှေ့တီမောဒေသ လွတ်မြောက်ခဲ့သည်။ သို့သော်လည်း ရက်ပိုင်းအတွင်း အင်ဒိုနီးရှားစစ်တပ်၏ တိုက်ခိုက်သိမ်းပိုက်ခြင်း ခံခဲ့ရပြန်သည်။

အင်ဒိုနီးရှားလက်အောက် ကျရောက်စဉ် သွေးချောင်းစီး သတ်ဖြတ်မှုအများအပြား ပေါ်ပေါက်ခဲ့ပြီး ၁၉၉၉ ခုနှစ်တွင် ကုလသမဂ္ဂအသိအမှတ်ပြု နိုင်ငံတစ်နိုင်ငံဖြစ်လာခဲ့သည်။

လက်ရှိသမ္မတသည် ထိုစဉ်က အရှေ့တီမောဒေသ တော်လှန်ရေးအင်အားစု၏ ပြောခွင့်ရသူအဖြစ် ပြည်ပတွင် နေထိုင်ခဲ့သည်။

Related Articles

Back to top button