အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ဆောင်းပါးအတွေးအမြင်

စစ်တပ်၏ လွှတ်တော်နိုင်ငံရေး မတိုင်မီ ၂၀၂၀ ရွေးကောက်ပွဲ တရားဝင်မှုကို လက်ဆင့်ကမ်းခြင်း 

လွှတ်တော်ကိုယ်စားပြုကော်မတီ ငါးနှစ်ပြည့်ချိန်တွင် စစ်တပ်က ဟန်ပြရွေးကောက်ပွဲလုပ်ပြီး လွှတ်တော်သစ်၊ အစိုးရသစ်ဖွဲ့ရန် ကြိုးပမ်းနေရာ တော်လှန်ရေးအင်အားစုကြား ပူးတွဲဆောင်ရွက်စရာများ ရှိလာသည်။

(ဆောင်းပါးရှင် သစ်လွင်သည် နိုင်ငံရေးသိပ္ပံ၊ လူမှုရေးသိပ္ပံ နှင့် ဥပဒေ ဘာသာရပ်တို့ကို အထူးပြု လေ့လာနေသော တက္ကသိုလ်ကျောင်းသားတစ်ဦးဖြစ်သည်။)

၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲရလဒ်ကိုကိုင်စွဲကာ ဖွဲ့စည်းခဲ့သော ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ( CRPH) သည် လာမည့် ၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် စစ်အာဏာသိမ်းသက်တမ်းနှင့်အတူ ငါးနှစ်ပြည့်တော့မည်ဖြစ်သည်။ 

အာဏာသိမ်း ငါးနှစ်တာ ကာလအတွင်း CRPH သည်  အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို ဖွဲ့စည်းပေးခဲ့သည်။  အမျိုးသားအတိုင်ပင်ခံကောင်စီ (NUCC) တွင်လည်း အရေးကြီးသော အင်အားစုတခုအဖြစ်ပါဝင်ခဲ့သည်။ 

တိုင်းပြည်တည်ငြိမ်နေသည့်ကာလမျိုးဆိုပါက ဥပဒေကြောင်းအရ  လွှတ်တော်တခု​၏ သက်တမ်းမှာ အစိုးရသက်တမ်းတစ်ခုနှင့်အညီ ငါးနှစ်ဖြစ်သည်။ လက်ရှိတော်လှန်ရေးကာလ ငါးနှစ်ကျော်အကြာတွင် CRPH ​၏ လွှတ်တော်သက်တမ်းမှာလည်း ငါးနှစ်ကျော်လာမည်ဖြစ်ရာ တော်လှန်ရေးတွင်  မည်သို့မည်ပုံ ဆက်လက်တည်ရှိမည်ဆိုသည့် အရာမှာလည်း နိုင်ငံရေး အစုအဖွဲ့များကြားတွင် အငြင်းအခုံဖြစ်လျက်ရှိသည်။ 

အခြားတဖက်တွင်လည်း အာဏာသိမ်း စစ်တပ်က စီစဉ်သည့် ဇန်နဝါရီလ ၂၅ ရက်နေ့ တတိယပိုင်း ရွေးကောက်ပွဲအပြီး ထွက်ပေါ်လာမည့် စစ်တပ်​၏ လွှတ်တော်အသစ်သည် နိုင်ငံရေးအရ မည်သို့မျှ တရားမဝင်ပေ။ သို့စေကာမူ  တရားဝင်မှု ( Legitimacy ) အပိုင်းတွင် ပြည်သူလူထု ကိုယ်စားပြုမှု တရားဝင်မှုအပ်နှင်းခံထားရသော ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီနှင့် ယှဉ်ပြိုင်ဘက်ဖြစ်လာမည်ဖြစ်သည်။ 

ထို့ကြောင့် စစ်တပ်ပြုလုပ်သော ရွေးကောက်ပွဲအပြီး ထွက်ပေါ်လာမည့် နိုင်ငံရေးအခင်းအကျင်းတွင် တော်လှန်ရေးအဖွဲ့အစည်းများ​၏ တရားဝင်မှုအပိုင်းနှင့်ပတ်သက်၍ တုံပြန်မှုပြုလုပ်လာရန် လိုအပ်လာသည်။ 

၁၉၉၀ ရွေးကောက်ပွဲသမိုင်းက ပြခဲ့သော ဥပမာ

၁၉၉၀ ပြည့်နှစ်က အာဏာသိမ်း စစ်တပ်ကျင်းပပေးခဲ့သော ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)   အနိုင်ရခဲ့သည်။ သို့သော်စစ်တပ်သည် ထိုရွေးကောက်ပွဲ၏ရလဒ်ကို ငြင်းပယ်ကာ လွှတ်တော်အမတ်များ၊ နိုင်ငံရေးသမားများ၊ နိုင်ငံရေးပါတီများဝင်များကို ဖမ်းဆီးဖိနှိပ်ခဲ့သည်။ 

ထိုကြောင့် ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲအနိုင်ရ ကိုယ်စားလှယ်များစုစည်း၍ နယ်စပ်ဒေသတွင် ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်းအစိုးရ (NCGUB)၊ ရန်ကုန်တွင် ပြည်သူလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPP) တို့ကို ဖွဲ့စည်းကာ ထိုကာလ စစ်အစိုးရ​၏ တရားဝင်မှုကို ဆယ်စုနှစ်နှင့်ချီ မှေးမှိန်အောင် စိန်ခေါ်မှုများ ပြုလုပ်ခဲ့သည် သာဓကများရှိခဲ့သည်။ 

သို့သော် စစ်တပ်​က ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲပြဌာန်း၍ ၂၀၁၀ ရွေးကောက်ပွဲကျင်းပကာ အရပ်သားအစိုးရအသွင်ကူးပြောင်းပြီး နိုင်ငံရေးထွက်ပေါက်ယူခဲ့သည်။ 

နိုင်ငံတကာအသိုင်းအဝိုင်းကလည်း ထိုကာလစစ်တပ်​၏ ရွေးကောက်ပွဲ မဲမသမာမှုများ၊ တရားမမျှတမှုများရှိစေကာမူ ထွက်ပေါ်လာသော အစိုးရကို တရားဝင်မှုပေးခြင်း၊ ၁၉၉၀ ရွေးကောက်ပွဲအနိုင်ရပါတီဖြစ်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ၂၀၁၂ တွင် ကြားဖြတ်ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ကာ လွှတ်တော်နိုင်ငံရေးလမ်းကြောင်းသို့ ဝင်လိုက်ခြင်းတို့ကြောင့်  ယှဉ်ပြိုင်အစိုးရ၊ ယှဉ်ပြိုင်လွှတ်တော်များ ကျရှုံးခဲ့ရသည့် ဥပမာများရှိခဲ့သည်။

ထို့ကြောင့် ယနေ့တော်လှန်ရေး အင်အားစုအနေဖြင့် စစ်တပ်၏ လှည့်ကွက်ထဲသို့ ထပ်မံမကျရောက်စေရန် နိုင်ငံရေးအရ တရားဝင်မှုကို ဥပဒေကြောင်းအရ ၁၉၉၀ သမိုင်းကဲ့သို့ မဖြစ်အောင် ကာကွယ်ရမည် ဖြစ်သည်။ 

၂၀၂၀ ရွေးကောက်ပွဲရလဒ်တရားဝင်မှုကို မည်သို့လက်ဆင့်ကမ်းမည်နည်း 

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ခေါ် CRPH သည် ၂၀၂၀ ရွေးကောက်ပွဲရလဒ် တရားဝင်မှု အာဏာကို အခြေခံထားသည်။ CRPH က ဖွဲ့စည်းပြီး နှစ်လအကြာ မတ်လ ၃၁ ရက်နေ့တွင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖျက်သိမ်းကြောင်း ကြေညာခဲ့သည်။ 

ဖွဲ့စည်းမှုမှာ ဆိုခဲ့သလိုပင် ငါးနှစ် ပြည့်တော့မည် ဖြစ်သည်။

သာမန်အချိန် ၂၀၀၈ အခြေခံဥပဒေကြောင်းဆိုလျှင် ငါးနှစ်ကျော်လျှင် CRPH ​၏ တရားဝင်မှုမှာ မေးခွန်းထုတ်ရမည့် ကိစ္စဖြစ်သလို လက်ရှိတော်လှန်ရေးကာလတွင်လည်း နိုင်ငံရေးအဖွဲ့အစည်းများအကြားတွင်လည်း CRPH ​၏ ဥပဒေအရ တရားဝင်မှုကို မည်သို့ဆက်လက် ဆောင်ရွက်မည်ကို မေးခွန်းထုတ်လျက်ရှိသည်။

ပထမဦးစွာ ထောက်ပြရမည်မှာ CRPH ​၏ တရားဝင်မှုသည် ၂၀၀၈ အခြေခံဥပဒေကို အခြေပြုထားခြင်းမဟုတ်ပဲ ၂၀၂၀ ရွေးကောက်ပွဲရလဒ်​၏ တရားဝင်မှုရလဒ်ကို ကိုင်စွဲထားခြင်းဖြစ်သည် ဟူသောအချက်ပင်။ ထိုကြောင့် CRPH အနေဖြင့် ငါးနှစ်ကျော်ကြာသော်လည်း ရှေးယခင် CRPP သာဓကနည်းတူ နောက်ထပ် လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲ မပေါ်ခင်အထိ လူထု​၏ထောက်ခံမှုကို နိုင်ငံရေးအရ တရားဝင်မှုတစ်ခုအနေဖြင့် ဆက်လက် သယ်ဆောင်သွားနိုင်သည်။ 

သို့သော် ပြသနာသည် CRPH သက်တမ်း ငါးနှစ်ကြာလာချိန်တွင် စစ်အာဏာသိမ်းအစိုးရ​၏ အတုအယောင်ရွေးကောက်ပွဲအပြီး လွှတ်တော်နိုင်ငံရေး အခင်းအကျင်းတစ်ခု ထွက်ပေါ်လာမည့် အခြေအနေ ဖြစ်သည်။  လက်ရှိကြုံနေရသည့် တရားဝင်မှု ပုံစံမျိုးသည် ၂၀၁၀  ရွေးကောက်ပွဲအစောပိုင်းကာလဖြစ်ရပ်များကို ထင်ဟပ်လျက်ရှိသည်။  

များမကြာမှီကာလအပိုင်းအခြားအတွင်း နိုင်ငံတကာကလည်း မြန်မာနိုင်ငံရေး​၏ အစိုးရ နှစ်ရပ်ကြား တရားဝင်မှုပုစ္ဆာ မည်သို့ဖြေရှင်းရမည်ဆိုသည်ကို ဆုံးဖြတ်ပေးရတော့မည့် အချိန်ဖြစ်လာသည်။

၂၀၁၀ ပြည့်နှစ်နှင့် မတူညီသည့်အချက်များလည်း ရှိသည်။ ထိုကာလ စစ်အစိုးရသည် ပြည်တွင်းလက်နက်ကိုင်ကိစ္စရပ်များအား ငြိမ်းရေးအကြောင်းပြကာ တစုံတရာ ချုပ်ထိန်းထားနိုင်သလို၊ ပြည်တွင်းရှိ မြေပေါ်၊ မြေအောက်နိုင်ငံရေးသမားများကိုလည်း လှုပ်မရအောင် ဖိနှိပ်ချုပ်ချယ်ထားနိုင်ခဲ့သည်။

သို့သော် ယခုကာလ နိုင်ငံရေး၊ စစ်ရေးမှာ ၂၀၁၀ ဖြစ်ရပ်များနှင့်များစွာကွဲထွက်နေသည်။  အာဏာသိမ်းတပ်က လက်ရှိအချိန်တွင် တနိုင်ငံလုံးအတိုင်းအတာ အုပ်ချုပ်နိုင်စွမ်းမရှိသလို စစ်ရေးအရလည်း နယ်မြေများစွာကို တော်လှန်ရေးအဖွဲ့များထံ လက်လွတ်ထားရသည်။ ပြည်တွင်းပြည်ပရှိ လူထုထောက်ခံမှုလည်း လက်ရှိအချိန်ထိ မရှိချေ။ 

လက်ရှိကျင်းပသော တရားမဝင်ရွေးကောက်ပွဲကို ပြည်သူလူထုထောက်ခံမှုမရှိပေ။ ထို့အပြင် ယခင်အသွင်ကူးပြောင်းရေးကာလများက  ရွေးကောက်ပွဲကို  တရက်တည်း အပြီးသတ် ကျင်းပခဲ့သည်။ ယခု ထိုသို့ မလုပ်နိုင်ဘဲ အပိုင်း ၃ ပိုင်းခွဲကာပြုလုပ်နေရသည်။

မည်သို့ပင်ဖြစ်စေ စစ်တပ်၏ ရွေးကောက်ပွဲအပြီးထွက်ပေါ်လာမည့် လွှတ်တော်၊ အစိုးရသစ်သည် လက်ရှိ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲရလဒ် တရားဝင်မှုအားစွဲကိုင်ထားသော NUG, CRPH, NUCC တို့နှင့် ယှင်ပြိုင်မှုများရှိလာမည်ဖြစ်သည်။ 

ထိုသို့သော အခြေအနေများအပေါ် တော်လှန်ရေးအဖွဲ့အစည်းများအနေဖြင့် ၂၀၂၀ ရွေးကောက်ပွဲရလဒ်​၏ တရားဝင်မှုအား လက်ဆင့်ကမ်းသယ်ဆောင်နိုင်ရန်လိုအပ်လာပြီဖြစ်သည်။ 

ဤနေရာတွင် ရွေးကောက်ပွဲရလဒ်ကို နောက်ထပ် လွတ်လပ်၍တရားမျှတသော ရွေးကောက်ပွဲမကျင်းပနိုင်ချိန်အထိ နိုင်ငံရေးအရ ကိုင်ဆောင်နိုင်သော သာဓကများ ရှိခဲ့သော်လည်း ယနေ့ ခေတ်ကာလအခြေအနေအရ တရားဝင်မှုကို    နိုင်ငံရေးနည်းနာ တခုတည်းဖြင့် ကိုင်ဆောင်မည်ဆိုပါက မလုံလောက်ပေ။ 

ထို့ကြောင့် CRPH အနေဖြင့် ထွက်ပေါ်လာမည့် စစ်တပ်၏ ယှဉ်ပြိုင်လွှတ်တော် နှင့် အပြိုင် တရားဝင်မှုဆိုင်ရာ ကိစ္စရပ်များတွင် ဥပဒေနည်းနာအရပါ ပြောင်းလဲဖော်ဆောင်သင့်သည်။ 

ထိုသို့ဖော်ဆောင်ရာတွင် CRPH အနေဖြင့် နည်းလမ်း ၂ သွယ်ရှိသည်။ ပထမတခုသည် NUCC ပဋိညာဉ်ပါ အတိုင်း အစုအဖွဲ့ အားလုံးပါဝင်သော ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေသစ် တရပ်ရေးဆွဲကာ ၂၀၂၀ ရွေးကောက်ပွဲရလဒ်​၏ တရားဝင်မှုကိုအဆိုပါ ဖွဲ့စည်းအုပ်ချုပ်ပုံမှ တဆင့်ဖြတ်သန်း၍ လက်ဆင့်ကမ်းဆောင်ရွက်နိုင်သည်။

ထိုသို့ဆောင်ရွက်မှုသည် လက်ရှိကာလအခြေအနေအရ အစုအဖွဲ့များအားလုံးသဘောတူ၍ တစ်နိုင်ငံလုံးသို့ လွမ်းခြုံနိုင်သော အခြေခံဥပဒေတရပ်အဖြစ် ထွက်ပေါ်လာနိုင်ရန် ခဲယဉ်းနေဦးမည်ဖြစ်သည်။ အကြောင်းမှာ အစုအဖွဲ့အသီးသီး​၏ နိုင်ငံရေး၊ စစ်ရေး ရည်မှန်းချက်များအားလုံးသည် တူညီနေသော အခြေအနေမဟုတ်သောကြောင့်ဖြစ်သည်။

ဤသို့  မတူညီသည့်ကြားမှ တော်လှန်ရေးတရားဝင်မှုကို အလေးထားသည့် တိုင်းရင်းသားလက်လက်ကိုင်အဖွဲ့များ (EAO) နှင့် ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို ကိုင်စွဲထားသည့် CRPH တို့အကြား ဘုံသဘောတူညီချက် (Common Ground) ရှာဖွေရာတွင် ကြားကာလဖက်ဒရယ်အသွင်ကူးပြောင်းရေးအစီအမံ (AFTA) သည် အရေးပါသော ပေါင်းကူးတံတား ဒုတိယနည်းလမ်းတစ်ခု ဖြစ်လာနိုင်သည်။ CRPH အနေဖြင့် ၂၀၂၀ ရွေးကောက်ပွဲမှ ရရှိထားသော ဥပဒေကြောင်းအရ တရားဝင်မှုကို အခြေခံ၍ EAO များက ၎င်းတို့၏ စိုးမိုးနယ်မြေများအတွင်း လက်တွေ့ဖော်ဆောင်နေသည့် အုပ်ချုပ်ရေး၊ ကျန်းမာရေးနှင့် ပညာရေးဆိုင်ရာ ဝန်ဆောင်မှုများကို အသိအမှတ်ပြုပေးခြင်းဖြင့် ‘ရွေးကောက်ပွဲ တရားဝင်မှု’ နှင့် ‘တော်လှန်ရေး တရားဝင်မှု’ ကို ပေါင်းစပ်ဆောင်ရွက်နိုင်သည်။ 

သို့သော် ဒုတိယနည်းနာသည် တော်လှန်ရေးအစုအဖွဲ့အားလုံး ထဲထဲဝင်ဝင် မပါဝင် နိုင်သောအခြေအနေတွင် အစုအဖွဲ့များကြား အတိုင်းအတာတခုထိ စုပေါင်းရေးဆွဲနေသော ကြားကာလ ဖက်ဒရယ်အသွင်ကူးပြောင်းရေးအစီအမံဟု လူသိများသော AFTA မှ တဆင့် တော်လှန်ရေးကြားကာလအတွက်သာ ရည်ရွယ်ထားသော၊ ဥပဒေသဘောအရ စည်းနှောင်မှုရှိသော ပဋိညာဉ်ကို လက်ရှိ ဥပဒေကြောင်းအရ သက်တမ်းရှ်ိနေသေးသည့်၊ ၂၀၂၀ ရွေးကောက်ပွဲရလဒ်၏  တရားဝင်မှု ကိုင်ဆောင်ထားသည့် ပြည်ထောင်စုလွှတ်တော်တွင် အတည်ပြုပေးကာ  ကြားကာလအစိုးရအသစ်တရပ်ကို အင်အားစု အစုံအလင်ဖြင့်  ပြန်လည်ဖွဲ့စည်းရမည် ဖြစ်သည်။  

CRPH အနေဖြင့်လည်း အခြားသော နိုင်ငံရေးအစုအဖွဲ့များကို ဖိတ်ခေါ်ကာ အဆိုပါ ပဋိညာဉ်မှတဆင့် ယင်းတို့​၏ တရားဝင်မှုကို ၂၀၂၀ ရွေးကောက်ပွဲရလဒ်မှ ကြားကာလအမျိုးသားဥပဒေကောင်စီ (Transition National Council) ကဲ့သို့ အသွင်ကူးပြောင်းကာ နိုင်ငံရေးအရသာမက ဥပဒေအရပါ တရားဝင်မှုကို ဆက်လက်သယ်ဆောင်နိုင်သော အခြေအနေမျိုး ဖော်ဆောင်နိုင်သည်။ 

ထို့အပြင် လက်ရှိပေါ်ထွက်ပြီးပြီဖြစ်သော စစ်ကိုင်း၊ မန္တလေး၊ မကွေး စသည့် ဖက်ဒရယ်ယူနစ်အစိုးရများသာမက၊ နောက်ထပ် ထပ်မံထွက်ပေါ်လာရန် ရှိသော ဒေသယူနစ်ဖွဲ့စည်းပုံအခြေခံဥပဒေများဖြင့် ဒေသအစိုးရများနှင့်ယူနစ်လွှတ်တော်များသည်   စစ်တပ်​၏ ၂၀၂၅ အတုအယောင် ရွေးကောက်ပွဲရလဒ်ဖြင့် ထပ်မံပေါ်ပေါက်လာမည့်   ပြည်နယ်/တိုင်း လွှတ်တော်၊ အစိုးရများကိုလည်း တရားဝင်မှုဆိုင်ရာကိစ္စရပ်များတွင် ကျွဲကူးရေပါဆိုသလို စိန်ခေါ်ထားနိုင်မည်ဖြစ်သည်။   

တစ်နိုင်ငံလုံးအတိုင်းအတာအားဖြင့် ကြားကာလအသွင်ကူးပြောင်းရေးအစိုးရ နှင့် ဒေသဆိုင်ရာယူနစ်အစိုးရများသည် အင်အားကြီး လက်နက်ကိုင်များဖြစ်သော AA, KIA, KNU, TLNA ကဲ့သို့ သက်ဆိုင်ရာ စိုးမိုးနယ်မြေများအတွင်းနေထိုင်သော ပြည်သူလူထုကို အစိုးရတရပ်​၏ လုပ်ငန်းဆောင်တာများဖြစ်သော ကျန်းမာရေး၊ ပညာရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး စသည့် ကဏ္ဍများတွင် ဝန်ဆောင်မှုပေးခြင်းများ အတိုင်းအတာတခုအထိ လုပ်ဆောင်ပေးရန်လိုအပ်သည်။ 

အဘယ်ကြောင့်ဆိုသော် တော်လှန်ရေးဆိုင်ရာ သဘောတရားအရ အုပ်ချုပ်ရေး အရည်အချင်း ပြည့်မီသူ၊ အာဏာကို ထိရောက်စွာ အသုံးချနိုင်သူ နှင့် တရားမျှတမှုကို ဖော်ဆောင်နိုင်သူတို့ထံသို့ လူထုအာဏာ စီးဆင်းသောကြောင့်ဖြစ်သည်။  ထိုသို့ အာဏာရရှိရန် တော်လှန်ရေးအဖွဲ့အစည်းများစုပေါင်း၍ စိုးမိုးနယ်မြေများ ပိုမိုထိန်းချုပ်ထားနိုင်ရန်လည်း လိုအပ်လာသည်။

နိုင်ငံတကာ သံတမန်ရေးရာတွင် ကုလသမဂ္ဂ (UN) ၌ ကိုယ်စားပြုခွင့်ကို ဆက်လက်ထိန်းသိမ်းထားနိုင်ရန်အတွက် စစ်တပ်၏ အတုအယောင်ရွေးကောက်ပွဲတွင် မဲသမာမှုများ ဖြစ်ပေါ်နေကြောင်း၊ လွတ်လပ်မျှတမှုမရှိကြောင်း နိုင်ငံတကာ ပိုမိုသိရှိစေရန် ဆက်လက်ဖော်ပြရန် လိုအပ်သည်။ စစ်တပ်၏ လွှတ်တော်သစ်သည် နိုင်ငံရေးအရ မည်သို့ပင် တရားမဝင်စေကာမူ တရုတ်ဦးဆောင်သော နိုင်ငံအချို့က တရားဝင်ကြောင်း ထောက်ခံမှု ပေးလာနိုင်သည့် အန္တရာယ်ရှိနေသဖြင့် ၎င်းကို ချေပရာတွင် ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲရလဒ်သည် နောက်ထပ် လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲ မကျင်းပနိုင်မီအထိ ပြည်သူက အပ်နှင်းထားသော တစ်ခုတည်းသော တရားဝင်မှုအာဏာဖြစ်သည်ဟူသော အချက်ကို ဆက်လက်ကိုင်စွဲထားရမည်၊ နောက်ဆက်တွဲ AFTA ကဲ့သို့ ဥပဒေကြောင်းအရ ခိုင်မာသည့် နိုင်ငံရေးသဘောတူညီမှုအစီအမံများ ရှိကြောင်းကိုလည်း ဖော်ပြထားရမည် ဖြစ်သည်။ 

ထို့ကဲ့သို့ လုပ်ဆောင်မှုများသည် စစ်တပ်​၏ရွေးကောက်ပွဲအပြီး ထွက်ပေါ်လာမည့် လွှတ်တော် နိုင်ငံရေးအခင်းအကျင်းကို အတိုင်းအတာတခုထိ တရားဝင်မှုအပိုင်းတွင် ဆက်လက်တောင့်ခံနိုင်မည်ဖြစ်သည်။ မည်သို့ပေဖြစ်စေ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မတ်လအတွင်း လွှတ်တော်ခေါ်ပြီး ဧပြီလတွင် ယင်းတို့​၏ အစိုးရအသစ် စတင်တာဝန်ထမ်းဆောင်မည်ဟု ဇန်နဝါရီလ ၂၀ ရက်နေ့ ရှမ်းပြည်နယ်ခရီးစဉ်တွင် ပြောကြားခဲ့သည်။ 

ထိုကြောင့် တော်လှန်ရေးအဖွဲ့အစည်းများအနေဖြင့် တရားဝင်မှုအပိုင်းတွင်သာမက နယ်မြေစိုးမိုးမှုအပိုင်းကိုပါ စစ်တပ်​၏ အစိုးရအသစ်မပေါ်ခင် ချိန်ကိုက်သား ချဲ့ထွင်ဆောင်ရွက်နိုင်ရန်လိုလာသည်။ မလေးရှားနိုင်ငံခြားရေးဝန်ကြီးသည် စစ်တပ်​၏ရွေးကောက်ပွဲကို အသိအမှတ်မပြုဟု ဆိုထားသကဲ့ မြန်မာအရေးဆောင်ရွက်မည့် အာဆီယံကိုယ်စားလှယ်အသစ် ဖိလစ်ပိုင်သည်လည်း အာဆီယံဘုံသဘောတူညီချက် ၅ ချက်အတိုင်း ဆက်လက်ဆောင်ရွက်မည်ဟုကြေညာထားသည် 

ထိုသို့သော သဘောထားများမပြောင်းလဲရန် တော်လှန်ရေးတပ်ဖွဲ့များသည် ဒေသတွင်း အာဆီယံအဆင့်တွင် စစ်တပ်ရွေးကောက်ပွဲသည် တရားမဝင်ဟု ပြောဆိုနေရုံမျှဖြင့် မလုံလောက်တော့ဘဲ မိမိတို့ ရရှိပြီးသား လူထုထောက်ခံမှု မတိုးလာသော်ငြားလည်း လျော့နည်းမသွားစေရေး ဆောင်ရွက်ရန် လိုအပ်လာသည်။ တော်လှန်ရေးအဖွဲ့ အစည်းများ  ယခုထက် ပိုမိုညီညွတ်ကာ တရားဝင်မှုအပိုင်းနှင့်နယ်မြေစိုးမိုးမှုအပိုင်းတွင် ပိုမို အလုပ်ဖြစ်ရေး ဆောင်ရွက်နိုင်ရန် လိုအပ်လာသည်။

နိဂုံးချုပ်အနေဖြင့်၊ စစ်တပ်၏ ၂၀၂၅ အတုအယောင်ရွေးကောက်ပွဲအပြီး ပေါ်ပေါက်လာမည့် လွှတ်တော်နိုင်ငံရေးအန္တရာယ်ကို ရင်ဆိုင်ရာတွင် တော်လှန်ရေးအဖွဲ့အစည်းများသည် ၂၀၂၀ ရွေးကောက်ပွဲရလဒ်၏ တရားဝင်မှုကို ဆက်လက်ကိုင်စွဲထားရုံသာမက၊ လက်ရှိအင်အားစုများအကြား ဘုံသဘောတူညီချက်ရယူကာ ကြားကာလဖက်ဒရယ်အသွင်ကူးပြောင်းရေးအစီအမံ (AFTA) ကဲ့သို့သော ဥပဒေကြောင်းအရ ပေါင်းကူးတံတားမှတစ်ဆင့် အင်အားစုအစုံအလင်ပါဝင်သည့် ကြားကာလအစိုးရသစ် နှင့် ကြားကာလအမျိုးသားဥပဒေကောင်စီအဖြစ် ဧပြီလမတိုင်ခင် ပြောင်းလဲဖော်ဆောင်သင့်သည်။ ထိုသို့ဆောင်ရွက်ရာတွင် ‘၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲတရားဝင်မှု’ နှင့် ‘တော်လှန်ရေးတရားဝင်မှု’ ကို ပေါင်းစပ်ကာ၊ လက်တွေ့အုပ်ချုပ်မှုနှင့် ဝန်ဆောင်မှုများကို နယ်မြေအလိုက် ပိုမိုအားကောင်းစေရန် အင်အားစုများအကြား ပိုမိုညီညွတ်စွာ ဆောင်ရွက်ခြင်းတို့ဖြင့်   ပြည်တွင်းပြည်ပမျက်နှာစာတို့တွင် တောင့်ခံသွားရမည်ဖြစ်သည်။   

Related Articles

Back to top button