နိုင်ငံအလယ်ပိုင်း မကွေးတိုင်းနှင့် စစ်ကိုင်းတိုင်းတွင် ယမန်နေ့ (ဇန်နဝါရီလ ၂၂ ရက်) တစ်ရက်အတွင်း လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ရာ လသားကလေးငယ် အပါအဝင် ခြောက်ဦး သေဆုံးခဲ့ပြီး ဒဏ်ရာရသူ လေးဦးခန့်ရှိကြောင်း စုံစမ်းသိရှိရသည်။
မကွေးတိုင်း၊ အောင်လံမြို့နယ် မင်္ဂလာဆောင်မဏ္ဍပ်တစ်ခုကို ယမန်နေ့ မွန်းလွဲက လေကြောင်းဗုံးကြဲရာ လသားကလေးငယ်ပါ မိသားစုတစ်ခုအပါအဝင် ရွာခံငါးဦးသေဆုံးခဲ့သည်ဟု ဒေသတွင်း အခြေအနေများကို ဖော်ပြပေးနေသည့် အောင်လံလူထုအဖွဲ့ထံက သိရသည်။
ဧရာဝတီမြစ်အရှေ့ခြမ်း၊ အောင်လံမြို့နယ်၊ တပ်ကုန်းကျေးရွာ ရွာလယ်မှ မင်္ဂလာဆောင်မဏ္ဍပ်နှင့် ရွာမြောက်ပိုင်းကို မွန်းလွဲ၂ နာရီဝန်းကျင်တွင် လေယာဉ်မှ ဗုံးသုံးလုံးကြဲချခဲ့ရာ မဏ္ဍပ်ဘေးအိမ်မှ လသားအရွယ် မိန်းကလေးငယ် အသက် ၆၀ အရွယ်အဖွားနှင့် အသက် ၃၀ အရွယ်ဦးလေးဖြစ်သူ အပါအဝင် ငါးဦးသေဆုံးပြီး နှစ်ဦးထက်မနည်း ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း အောင်လံလူထုအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
“သေဆုံးသူကအရပ်သားတွေပါ။ မိသားစုတစ်ခုတည်းက ငါးယောက်ကို သုံးဦး သေဆုံး၊ နှစ်ဦး ဒဏ်ရာ ပြင်းထန်ပါတယ်။ ဗုံးသုံးလုံး သုံးကြိမ်ကြဲတာပါ။ တစ်ကြိမ် တစ်လုံးနှုန်းနဲ့”ဟု အောင်လံလူထုအဖွဲ့မှ တာဝန်ရှိသူက ဆိုသည်။
သေဆုံးကလေးငယ်၏ မိခင်ဖြစ်သူသည်လည်း ပြင်းထန်ဒဏ်ရာ ရရှိခဲ့ပြီး နေအိမ် နှစ်လုံးလည်း ပျက်စီးခဲ့ကြောင်း သိရသည်။
တပ်ကုန်းကျေးရွာ ဗုံးကြဲခံရပြီးနောက် ညနေတွင်လည်း လေယာဉ်ထပ်ဝဲနေသည့်အတွက် ဒေသခံများ လေကြောင်းရန်ကြောက်ရွံ့ပြီး ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။
“ရွာမှာ မီးသတ်ဖို့ လူတောင်မကျန်ပါဘူး။ ညနေပိုင်းလည်း ထပ်ပြီး လေယာဥ်ဝဲပါသေးတယ် အခြေအနေ
လာကြည့်ပုံရပါတယ်။ အနီးဝန်းကျင်ကျေးရွာတွေကတော့ အကုန်ရှောင်တိမ်းရတာပေါ့”ဟု အထက်ပါ တာဝန်ရှိသူက ပြောသည်။
၈၁ မမနှင့် ၆၀ မမ ဗုံးသီးများ ထုတ်လုပ်ရာ အမှတ် (၁၅) စစ်လက်နက်ပစ္စည်းစက်ရုံ (ကပစ ၁၅) နှင့် တပ်ကုန်းရွာသည် မိုင် ၂၀ ခန့်သာ ကွာဝေးပြီး ကျေးရွာအနီး မြေပြင်တိုက်ပွဲမရှိသလို စစ်ကြောင်းလည်း မရှိကြောင်း သိရသည်။

စစ်ကိုင်းတိုင်း ကနီမြို့နယ်တွင် လေကြောင်းမှ ငါးကြိမ် တိုက်ခိုက်
တော်လှန်ခုခံမှုအားကောင်းရာ စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်တွင်လည်း ယမန်နေ့ (ဇန်နဝါရီလ ၂၂ ရက်နေ့) တစ်ရက်တည်းတွင် လေကြောင်းတိုက်ခိုက်မှု ငါးကြိမ်ထက် မနည်းပြုလုပ်ခဲ့ပြီး တစ်ဦး သေဆုံးကာ နှစ်ဦး ဒဏ်ရာရကြောင်း ဒေသခံ သတင်းရင်းမြစ်များထံက သိရသည်။
ယမန်နေ့ မွန်းလွဲ ၂ နာရီ ၄၅ မိနစ်ဝန်းကျင်၊ ၃ နာရီ ၅၀ မိနစ်ဝန်းကျင် ၊ ၆ နာရီ ၃၈ မိနစ်ဝန်းကျင်၊ ၆ နာရီ မိနစ် ၅၀ ဝန်းကျင်တို့တွင် ဂျိုင်ရိုကော်ပတာ ၊ ပါရာမိုတာများဖြင့် လာရောက်တိုက်ခိုက်သကဲ့သို့ ညပိုင်းအချိန်တွင် ပါရာမိုတာများ အသုံးပြုကာ ဆက်တိုက် လာရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ကနီမြို့နယ် ဒေသခံတစ်ဦးက ပြောသည်။
ကနဦးသတင်းများအရ ရေလယ်ကျွန်းပျူရွာအနီးရှိ ပြည်သူများနေထိုင်ရာ ကျေးရွာများ၊ စစ်ဘေးရှောင် ပြည်သူများနေထိုင်ရာနေရာများနှင့် တောပြင်နေရာများကို ဦးတည်ပြီး လေကြောင်း တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
စိန်ကုန်းရွာမှ ၃၇ နှစ်အရွယ် အမျိုးသမီးတစ်ဦး သေဆုံးခဲ့ပြီး ၇၈ နှစ်ခန့်အရွယ် အဘွားအို တစ်ဦးဒဏ်ရာရကာ မင်းကုန်းရွာတွင် အဘိုးအိုတစ်ဦး ဒဏ်ရာရခဲ့သည်ဟု ကနဦး သိရသည်။
“ညနေပိုင်း ၃ နာရီ ၅၀ ဝန်းကျင်က နှစ်ကြိမ်လာကြဲလို့ မင်းကုန်းရွာက အဘိုးတစ်ဦး ဒဏ်ရာရတယ်။ အိမ်သုံးလုံး ပျက်သွားတယ်” ဟု အဆိုပါ ကနီဒေသခံကပြောသည်။
ကနီမြို့ခံ တော်လှန်ရေးသမားတစ်ဦးက “ညနေပိုင်း ၇ နာရီ ၄၅ လောက် တိုက်ခိုက်မှုက စိန်ကုန်းရွာမှာ ဖြစ်တာ။ ၃၇ နှစ်အရွယ် အမျိုးသမီးတစ်ဦး ပွဲချင်းပြီး ဆုံးတယ်။ ၇၈ နှစ်ခန့်အရွယ် အဘွားအို တစ်ဦးဒဏ်ရာရတယ်။ ကနီ တိုက်ခိုက်ခံနေရတာကတော့ ၂၀ ရက်ကတည်းကပဲ” ဟု အဆိုပါ တော်လှန်ရေး သမားက ပြောသည်။
စစ်တပ်သည် မုံရွာမြို့ အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) တွင် အထိုင်ချထားသည့် ဂျိုင်ရိုကော်ပတာ၊ ပါရာမိုတာနှင့် ဒရုန်းများကို အသုံးပြုပြီး ဇန်နဝါရီလ ၂၀ ရက်နေ့မှ စတင်ကာ ကနီမြို့နယ်နှင့် အနီးတဝိုက် လေကြောင်းတိုက်ခိုက်မှုများ နေ့စဉ်ပြုလုပ်နေသည်ဟုလည်း အထက်ပါ ကနီမြို့ခံ တော်လှန်ရေးသမားက ဆိုသည်။
ကနီမြို့နယ်၊ ရှမ်းမြောင်းကျေးရွာကိုလည်း ဇန်နဝါရီလ ၁၅ ရက်နေ့နှင့် ၂၀ ရက်တို့တွင် လေကြောင်း တိုက်ခိုက်မှု ပြုလုပ်ခဲ့ရာ နေအိမ် တစ်လုံး၊ ဘုန်းကြီးကျောင်းနှင့် ဓမ္မာရုံ ပျက်စီးပြီး သံဃာ နှစ်ဦး ဒဏ်ရာရခဲ့သည်။
စစ်ကိုင်းတိုင်းလေကြာင်းအခြေအနေများနှင့် ပတ်သက်ပြီး ကင်းထောက်ပေးနေသည့် တော်လှန်ရေးအဖွဲ့အစည်းများ၏ လေကြောင်းအသိပေးသတင်းများအရ စစ်ကိုင်းတိုင်းတွင် နေ့စဉ် လေကြောင်းတိုက်ခိုက် မှုများ ရှိနေကြောင်းလည်း ယင်းမာပင်ခရိုင် တပ်ရင်းတစ်ခုမှ တော်လှန်ရေး ရဲဘော်တစ်ဦးက ပြောသည်။
“Y -12 လို Y- 8 လို လေယာဉ်တွေက နေ့တိုင်းပျံတက်နေတယ်၊ လေကြောင်းမတိုက်လည်း ကင်းထောက်တဲ့ သဘော။ နမခ ဘက်ကတော့ ပါရာမိုတာ၊ ဂျိုင်ရိုကော်တာနဲ့ ဒရုန်းတွေ နေ့ရော ညပါတက်နေတယ်”
စစ်ကိုင်းတိုင်းတွင် ယခုနှစ် ဇန်နဝါရီလ ၂၂ ရက်နေ့အထိ လေကြောင်းတိုက်ခိုက်ခံရမှုများကြောင့် သေဆုံးသူ ၆၀ ဦး နှင့် ဒဏ်ရာရသူ ၁၀၀ ဦးထက်မနည်းရှိခဲ့ပြီး အများစုသည် အရပ်သားပြည်သူများ ဖြစ်ကြသည်။
မြန်မာနောင်း၏ ကောက်ယူထားသည့် စာရင်းများအရ ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလကလည်း စစ်ကိုင်းတိုင်းတွင် လေကြောင်းတိုက်ခိုက်ခံရမှုများကြောင့် သေဆုံးသူ ၈၈ ဦး ရှိခဲ့ပြီး ဒဏ်ရာရသူ ၁၇၀ ဦး ထက်မနည်း ရှိခဲ့သည်။
ဇန်နဝါရီလ ၂၅ ရက်နေ့တွင် ပြုလုပ်မည့် စစ်တပ် ရွေးကောက်ပွဲ အပိုင်း (၃) တွင် ကနီနှင့် ဆားလင်းကြီး နှစ်မြို့နယ်တွင် ပြုလုပ်မည်ဖြစ်သည်။

မကွေးတိုင်းကိုလည်း လေကြောင်းတိုက်ခိုက်မှု အရှိန်မြှင့်
မကွေးတိုင်းတွင် ရခိုင်၊ ချင်းပြည်နယ်တို့နှင့် ထိစပ်နေသည့် ဧရာဝတီ မြစ်အနောက်ခြမ်း မြို့နယ်များတွင် တော်လှန်ရေးအင်အားစုများ အားကောင်းသော်လည်း မြစ်အရှေ့ဘက်ခြမ်း မြို့နယ်များတွင် စစ်တပ်က နယ်မြေစိုးမိုးမှုပိုမိုအားကောင်းသည်။
ယမန်နှစ် နှစ်ကုန်တွင် မကွေးတိုင်းတွင်တော်လှန်ရေးအင်အားစုများနှင့် စစ်တပ်ကြားထိတွေ့ တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး စစ်တပ်က လေကြောင်းတိုက်ခိုက်မှုများ အရှိန်မြှင့်ခဲ့သည်။
ထို့အပြင် ဇန်နဝါရီလ ၁၈ ရက်နေ့က စလင်းမြို့နယ်၊ကျောက်ခဲကုန်းရွာကို စစ်တပ်ကလေကြောင်းတိုက်ခိုက်ခဲ့ရာ စစ်ဘေးရှောင်များ ခိုလှုံနေသည့် ဘုရားတန်ဆောင်းပေါ် ကျရောက်ပေါက်ကွဲပြီး ပြည်သူတစ်ဦး ပွဲချင်းပြီး သေဆုံးကာ ထိခိုက်ဒဏ်ရာရရှိခဲ့သည့် လသားအရွယ် ကလေးငယ်တစ်ဦးမှာလည်း နှစ်ရက်အကြာ (ဇန်နဝါရီလ ၂၀ ရက်နေ့) တွင် သေဆုံးခဲ့ကြောင်း စလင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က သိရသည်။
မြစ်အရှေ့ဘက်ခြမ်းရှိ နတ်မောက်မြို့နယ်၊ လဲဘူးရွာကို မြေပြင်ထိတွေ့တိုက်ပွဲမရှိဘဲ ဇန်နဝါရီလ ၂၀ ရက်က အင်ဂျင်တပ်လေထီး (ပါရာမိုတာ) နှစ်စီးဖြင့် ဗုံး ခြောက်လုံးကြဲချတိုက်ခိုက်ခဲ့ပြီး လေကြောင်းကင်းထောက်မှုများ ဆက်တိုက်ရှိနေကြောင်း မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံက သိရသည်။
“မြေပြင်အခြေအနေထက် လေကြောင်းကပဲ စိုးမိုးမှုရယူတဲ့သဘောပါ။ နတ်မောက်မြို့နယ်အရှေ့ခြမ်းဆိုရင် နေ့စဉ်ကင်းထောက်ဒရုန်းဝဲတယ်။ အဲ့ဒီဒရုန်းပါလာပြီဆိုရင် နောက်က လေကြောင်းတန်းပါလာတယ်။ ဒီဘက်မှာတော့ ဂျက်ဖိုက်တာနဲ့ ပါရာမော်တာများတယ်”ဟု နတ်မောက်ပကဖအဖွဲ့ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
မကွေးတိုင်းအတွင်း စစ်တပ် ရွေးကောက်ပွဲကို အပိုင်း (၁) နှင့် (၂) တွင် အပြီးသတ်ပြုလုပ်ခဲ့ပြီး နေရာအများစုကို စစ်တပ် ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးပါတီ (USDP) က အနိုင်ရခဲ့သည်။
မကွေးတိုင်း မြို့နယ် ၂၅ ခုအနက် မြို့နယ် ၁၄ ခုတွင် စစ်တပ်နှင့်တော်လှန်ရေးအင်အားစုများကြား တိုက်ပွဲ ဖြစ်ပွားခဲ့ ပြီး မြို့နယ် ခုနစ်ခုတွင် စက်တပ်လေထီး၊ ဂျိုင်ရိုကော်ပတာ အပါအဝင် လေကြောင်း တိုက်ခိုက်မှု ၄၁ ကြိမ် ပြုလုပ်ခဲ့ကြောင်း တမာဖွံ့ဖြိုးရေးအင်စတီကျုက ထုတ်ပြန် ထားသည်။
ဒီဇင်ဘာလတွင်း နိုင်ငံအနှံ့ လေကြောင်းတိုက်ခိုက်မှု ၂၆၂ ကြိမ်ပြုလုပ်ခဲ့ရာ စစ်ကိုင်း၊ မကွေး၊ ချင်းတို့တွင် အများဆုံးဖြစ်ပြီး အသက် ၁၈ နှစ်အောက် ၁၅ ဦးအပါအဝင် ၁၉၈ ဦးသေဆုံးပြီး ၃၇၅ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ လူ့အခွင့်အရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။
တစ်နိုင်ငံလုံး အတိုင်းအတာနေဖြင့် ၂၀၂၅ ခုနှစ်အတွင်း လေကြောင်း တိုက်ခိုက်မှုကြောင့် အရပ်သား သေဆုံးမှု စုစုပေါင်း ၂၃၂၆ ဦး၊ ဒဏ်ရာရရှိသူ ၄၁၄၆ ဦး ရှိခဲ့သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာနက ဇန်နဝါရီလ ၂၁ ရက်နေ့ က ထုတ်ပြန်ထားသည်။
ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ အေဂျင်စီ (UNHCR)က ဇန်နဝါရီလက ထုတ်ပြန်သည့်အချက်အလက် များအရ စစ်တပ်အာဏာသိမ်းပြီးနောက် ပဋိပက္ခများကြောင့် လူဦးရေ ၃ ဒသမ ၆သန်း နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရပြီး စစ်ကိုင်းတိုင်းမှ လူဦးရေ ၁ ဒသမ ၃ သန်း (၁၃ သိန်းကျော်)၊ မကွေးတိုင်းမှ လူဦးရေ ၂၆၅,၀၀၀ ကျော် ပါဝင်သည်။



